အာဆီယံ ချန်ပီယံရှစ် ဘောလုံးပြိုင်ပွဲကို ဝင်ရောက် ယှဉ်ပြိုင်နေတဲ့ မြန်မာ့ လက်ရွေးစင် အမျိုးသမီးအသင်း ကတော့ ဆီမီးဖိုင်နယ်မှာ ထိုင်းအသင်းကို ၁-၀ ဂိုးနဲ့ အနိုင်ယူပြီး အိမ်ရှင် ဗီယက်နမ်အသင်းနဲ့ ချန်ပီယံလုဖို့ ဗိုလ်လုပွဲကို တက်သွားပါပြီ။
ဒီပွဲမှာ မြန်မာအမျိုးသမီးအသင်းက ဂိုးအဖြစ် မေခင်ယမင်း၊ နောက်တန်း ကစားသမားတွေ အဖြစ် မြင့်မြင့်အေး၊ ခင်သန်းဝေ၊ မိုးမိုးဝါ၊ ဖူးပွင့်ခိုင်၊ အလယ်တန်းမှာတော့ သန်းသန်းထွေး၊ ခင်မာလာထွန််းနဲ့ ရှေ့တန်းကစားသမား တွေအဖြစ် စန်းစန်းမော်၊ မေသူကျော်၊ ရီရီဦးနဲ့ နီလာမြင့်တို့ကို ပွဲထွက်ကစားစေခဲ့ပါတယ်။
ဒါဟာ စင်္ကာပူအသင်းကို ဂိုးပြတ်အနိုင်ယူခဲ့တဲ့ ဂျပန်နည်းပြ ကုမာဒါရဲ့ကစားပုံပဲဖြစ်ပြီး ဒဏ်ရာက ပြန်လည် သက်သာလာတဲ့ ခင်မာလာထွန်းကြောင့် မြန်မာ ကွင်းလယ်ဟာ ပိုပြီး အားရှိလာပါတယ်။
မြန်မာအသင်းအနေနဲ့ ပထမပိုင်းတလျှောက်လုံး ထိုင်းအသင်းကို ဖိအားပေး ကစားသွားခဲ့ပေမယ့် ဂိုးရဖို့ အခွင့်ကောင်းတွေကိုတော့ အသုံးချနိုင်ခြင်း မရှိခဲ့ပါဘူး။
နည်းပြ ကုမာဒါရဲ့ပွဲထွက်ကစားပုံဟာ တိုက်စစ်ကို ဦးစားပေးလိမ့်မယ်လို့ ထင်ရပေမယ့်လည်း တိုက်စစ်ဆင် မှုထက် နောက်တန်းကစားပုံကို ပိုမိုအာရုံစိုက်ခဲ့ပြီး ထိုင်းအသင်းရဲ့ ပြန်လှန်ထိုးဖောက်မှုတွေကို ကာကွယ်နိုင်ခဲ့ ပါတယ်။
ဒုတိယပိုင်းမှာတော့ ထိုင်းအသင်းက ကစားကွက် ပိုကောင်းလာခဲ့ပြီး မြန်မာ အသင်းကတော့ တန်ပြန်တိုက် စစ်နဲ့ ကစားရတဲ့အနေအထားကို ရောက်ရှိသွားခဲ့ပါတယ်။
ထိုင်းအသင်းက မြန်မာအသင်းဘက်ကို ဖိအားပေး ကစားမှုတွေ ပြုလုပ်နိုင်ခဲ့ပေမယ့်လည်း တကယ်တမ်း ဂိုးရသွားတာက မြန်မာအသင်းပဲ ဖြစ်ခဲ့ပြီး ပွဲချိန် ၆၇ မိနစ်မှာ မြင့်မြင့်အေး ထိုးပေးတဲ့ ညာတောင်ပံက ဖြတ်တင်ဘောကို ကွင်းလယ် တိုက်စစ်ကစားသမား စန်းစန်းမော် က ခေါင်းတိုက် သွင်းယူခဲ့တာပါ။
နောက်ခံ ကစားသမား တယောက်အနေနဲ့ကာလအတန်ကြာ ပွဲထွက်ကစားခဲ့တဲ့ စန်းစန်းမော် ဟာ နည်းပြသစ် ကုမာဒါလက်ထက်မှာမှ ကွင်းလယ်တိုက်စစ်နေရာက ဝင်ရောက် ကစားခဲ့ရတာဖြစ်ပြီး အဲဒီနေရာနဲ့ အံဝင်အောင် ကစားနိုင်ခဲ့သလို ချန်ပီယံရှစ် ပြိုင်ပွဲတလျှောက်လုံးမှာ ၆ ဂိုးအထိ သွင်းယူထားနိုင်ခဲ့ပြီပဲ ဖြစ်ပါတယ်။
နောက်ပိုင်းမိနစ်တွေမှာတော့ ထိုင်းအသင်းက ဂိုးရဖို့ကြိုးစားပေမယ့်လည်း မြန်မာအသင်းရဲ့ ပိတ်ဆို့ ကစားမှု ကောင်းမွန်ခဲ့တာကြောင့် ပွဲအပြီးမှာ မြန်မာအသင်းက ၁-၀ ဂိုးနဲ့ အနိုင်ရပြီး ဗိုလ်လုပွဲကို တက်ရောက်သွားနိုင်ခဲ့တာပဲ ဖြစ်ပါတယ်။
အခြား ဆီမီးဖိုင်နယ် ပွဲစဉ်တပွဲဖြစ်တဲ့ အိမ်ရှင်ဗီယက်နမ်နဲ့ လာအိုအသင်းတို့ရဲ့ ပွဲမှာတော့ ဗီယက်နမ်က လာအိုကို ရ-၀ ဂိုးနဲ့ ဂိုးပြတ် အနိုင်ယူနိုင်ခဲ့ပါတယ်။
ဒါကြောင့်ပဲ မြန်မာအသင်းအနေနဲ့ ဗိုလ်လုပွဲမှာ အုပ်စုအဆင့်တုန်းက စိတ်မကျေစရာ ပြဿနာတွေနဲ့ ရှုံးနိမ့်ခဲ့ရတဲ့ အိမ်ရှင်ဗီယက်နမ်အသင်းကို ပြန်လည် ရင်ဆိုင်ရမှာပဲ ဖြစ်ပါတယ်။
“ဗိုလ်လုပွဲစဉ်မှာ ဗီယက်နမ်က အိမ်ရှင်အခွင့်အရေး ရှိနေတယ်ဆိုပေမယ့်လည်း ကျနော်တို့အနေနဲ့ ဒီ့ထက်ပို ကောင်းတဲ့ ခြေစွမ်းနဲ့ ယှဉ်ပြိုင်သွားမှာပါ။ ကျနော်တို့ ချန်ပီယံဖြစ်မယ်လို့ ယုံကြည်ပါတယ်” ဟု ပွဲအပြီးမှာ
မြန်မာအသင်းရဲ့နည်းပြ ကုမာဒါက ပြောဆိုသွားခဲ့သည်။
မြန်မာ့ လက်ရွေးစင် အမျိုးသမီး အသင်းဟာ အာဆီယံ ချန်ပီယံရှစ် သမိုင်းတလျှောက်မှာ ချန်ပီယံဆု နှစ်ကြိမ်နဲ့ ဒုတိယဆု တကြိမ် ရရှိထားတဲ့ အသင်းဖြစ်ပြီး အအောင်မြင်ဆုံး အသင်းတသင်းအဖြစ် ရပ်တည်လျက်ရှိပါတယ်။
ဗီယက်နမ်အသင်းနဲ့ မြန်မာအသင်းတို့ဟာ စက်တင်ဘာ ၂၂ ရက်နေ့ မြန်မာစံတော်ချိန် ညနေ ၆းဝဝ နာရီမှာ ဗိုလ်လုပွဲကို ယှဉ်ပြိုင်ကစားကြမှာ ဖြစ်ပါတယ်။