ဖာပွန်မြို့နယ်မြောက်ပိုင်း လူဦးရေ တဝက်ကျော် တုတ်ကွေးဖြစ်ပွားနေ

ဖာပွန်မြို့နယ်မြောက်ပိုင်း လူဦးရေ တဝက်ကျော် တုတ်ကွေးဖြစ်ပွားနေ
by -
မဇ္ဈိမ

ကျန်းမာရေး ဝန်ဆောင်မှု အားနည်းသည့် ကရင်ပြည်နယ်၊ ဖာပွန်မြို့နယ်၊ ကျေးရွာအုပ်စု သုံးခုရှိ ရွာ ၁ဝ ရွာကျော်တွင် လူဦးရေ ထက်ဝက်ကျော်မှာ တုတ်ကွေးရောဂါ ဖြစ်ပွားလျက် ရှိပြီး စာသင်ကျောင်းများ ကိုလည်း ပိတ်ထားရကြောင်း နယ်လှည့် ကျောပိုးအိတ် ကျန်းမာရေး လုပ်သားအဖွဲ့ BPHWT ၏ အဆိုအရ သိရသည်။

အင်္ဂါနေ့တွင် ရရှိသည့်စာရင်းအရ ဖာပွန်မြို့နယ် မြောက်ပိုင်း ပလာ့ခို့၊ နော်ယိုထာ့နှင့် လယ်မူပလောကျေးရွာအုပ်စု သုံးခုရှိ လူဦးရေ ၂,ဝ၉ဝ ကျော်အနက် ၁,၄၆၇ ဦးတွင် ရောဂါလက္ခဏာ တွေ့ရှိရပြီး ထိုအထဲတွင် ကျောင်းသူ/သား ၄ဝဝ ကျော် ပါဝင်သည်ဟု  BPHWT ဒါရိုက်တာ စောဝင်းကျော် က ပြောသည်။

ရောဂါလက္ခဏာအရ ကမ္ဘာ့ကျန်းမာရေးအဖွဲ့က သတ်မှတ်သည့် Influenza-like illness (ILI) အမျိုးအစား တုတ်ကွေးရောဂါ ဖြစ်ပြီး ယခုလလယ်ပိုင်းမှ စတင်ဖြစ်ပွားလျက် ရှိသည်ဟု BPHWT က ဆိုသည်။

“အခုထိ ကျနော်တို့ လိုအပ်နေတဲ့ ဆေးတွေကို ထပ်ပို့နေတုန်းပဲ။ အဲဒီကရင်ဒေသတွေက အအေးပိုင်းဒေသ ဖြစ်တဲ့ အတွက် အိမ်ကို အလုံပိတ်ပြီး ဆောက်ထားတာ တွေ့ရတယ်။ အလင်းရောင်နဲ့ လေဝင်လေထွက် ကောင်းကောင်း မရှိလို့ ကူးစက်တာ မြန်တယ်လို့ ပြောနိုင်တယ်” ဟု စောဝင်းကျော် က ပြောသည်။

ကျောင်းသူ/သား ထက်ဝက်ကျော်တွင် ၎င်းရောဂါများ တွေ့ရှိပြီးနောက် ကျောင်းများကို ပိတ်ခိုင်းထားရပြီး ကျန်းမာရေး ပညာပေးခြင်းနှင့် ဖျားနာ သက်သာစတွင် အရေးကြီးကိစ္စမှ လွဲ၍ တရွာနှင့် တရွာ ကူးလူးသွားလာခြင်း မပြုကြရန်လည်း BPHWT က ဆော်သြထားသည်။

ရောဂါလက္ခဏာများမှာ ကိုယ်ပူခြင်း၊ ချောင်းခြောက်ဆိုးခြင်း၊ လည်ချောင်းနာခြင်း၊ ကိုယ်လက် ကိုက်ခဲခြင်းတို့ ဖြစ်ပြီး အချိန်မီ မကုသနိုင်ပါက အသက်အန္တရာယ် စိုးရိမ်ဖွယ် ရှိကြောင်းလည်း သူက ဆက်ပြောသည်။

“ရောဂါရဲ့ သဘောသဘာဝက ကူးစက်မြန်တယ်။ လူတိုင်းကို ကူးစက်ဖို့လည်း အခွင့်အရေးများတယ်။ အသေအချာ မပြုစုဘူးဆိုရင် နောက်ပိုင်း လူနာက အားနည်းပြီး အပြင်က ရောဂါတွေ ဝင်ရောက်နိုင်တယ်။ အဆုတ်ပွ၊ အဆုတ်ရောင် နမိုးနီးယားရောဂါပေါ့” ဟု စောဝင်းကျော် က ရှင်းပြသည်။

တုတ်ကွေးမှတဆင့် နမိုးနီးယားရောဂါ ခံစားရသည့် ဝေဒနာသည် ငါးဦးကို ကုသခဲ့ရပြီး စက်တင်္ဘာလ ၁၇ ရက်နေ့တွင် အသက် နှစ်နှစ်အရွယ် ကလေးမလေးတဦး နမိုးနီးယားဖြင့် သေဆုံးခဲ့ကြောင်းလည်း သူက ပြောသည်။

ဖာပွန်မြို့နယ်အတွင်း၌ ယခင်နှစ်များ ယခုကဲ့သို့ တုတ်ကွေးရောဂါ ဆိုးရွားစွာ ဖြစ်ပွားခြင်း မရှိကြောင်း၊ သို့သော်လည်း ၂ဝဝ၉ ခုနှစ်တွင် ဒေသခံ ၅ဝဝ ကျော်တွင် အမည်မသိ တုတ်ကွေးရောဂါ ကူးစက်ခဲ့ကြောင်း BPHWT ၏ မှတ်တမ်းအရ သိရသည်။

ထိုဒေသသည် ကရင်အမျိုးသား အစည်းအရုံး (KNU) ၏ လှုပ်ရှားရာဒေသ ဖြစ်ပြီး လမ်းပန်းဆက်သွယ်ရေး ခက်ခဲမှုကြောင့် BPHWT မှ သွားရောက် ဖွင့်လှစ်ထားသည့် ဆေးခန်း နှစ်ခုမှ လွဲ၍ အနီးအနား ကျေးရွာများတွင် ဆေးပေးခန်း များ မရှိကြောင်း စောဝင်းကျော် က ပြောသည်။

Most read this week