ဆက်ကြေးများကြောင့် နယ်စပ်ကုန်သွယ်ရေး ထိခိုက်နေဟု အိန္ဒိယကုန်သည် ပြော

ဆက်ကြေးများကြောင့် နယ်စပ်ကုန်သွယ်ရေး ထိခိုက်နေဟု အိန္ဒိယကုန်သည် ပြော
by -
မဇ္ဈိမ

မြန်မာ-အိန္ဒိယ နယ်စပ်တွင် အိန္ဒိယခွဲထွက်ရေး လက်နက်ကိုင်အဖွဲ့များ၏ ဆက်ကြေးကောက်ခံမှုများကြောင့် အိန္ဒိယ ကုန်စည်များ စျေးနှုန်းမြှင့်တက်ကာ နယ်စပ် ကုန်သွယ်ရေး၌ တွင်တွင်ကျယ်ကျယ် ကုန်သွယ်နိုင်ခြင်း မရှိကြောင်း သိရသည်။

ကုန်ပစ္စည်း အမျိုးအစားပေါ်မူတည်ပြီး ဆက်ကြေးနှုန်းထား အနိမ့်၊ အမြင့်ရှိသလို မလိုလားအပ်သည့် ကုန်ကျစရိတ်များ လည်း ရှိနေသည့်အတွက် နှစ်နိုင်ငံ နယ်စပ်ကုန်သွယ်ရေးတွင် အိန္ဒိယ ကုန်စည်များ စျေးကွက်မထိုးဖောက်နိုင်ကြောင်း နယ်စပ်ကုန်သည်များ အသင်းဝင် ကုန်သည်ကြီးတဦး က ပြောသည်။ 

“ကိုယ့်အိမ်က ကိုယ့်မြေကြီးသယ်လည်း နယ်စပ်မှာ ဆက်ကြေးပေးရမှာပဲ။ အခွန်ကတော့ သတ်မှတ်ထားတယ်။ စောင်၊ ဘက်ထရီ အမျိုးမျိုးရှိတယ်။ ကားသမားတွေဆီကလည်း တနှစ်တခါ ထပ်ကောက်သေးတယ်။ ဒါလည်း ကုန်သည်တွေပဲ
ပေးရတာပဲ။ ဆက်ကြေးကောက်တဲ့ (သူပုန်) အဖွဲ့က ၁၁ ဖွဲ့လောက် ရှိတယ်။ တရားဝင် ကုန်ပဲဖြစ်ဖြစ်၊ တရားမဝင် ကုန်ပဲဖြစ်ဖြစ် ကောက်ကြတာပဲ” ဟု အမည်မဖော်လိုသည့် အိန္ဒိယကုန်သည်ကြီး တဦးက ဆိုသည်။

ကုန်သည်များသည် ဆက်ကြေးအမျိုးမျိုးအား တရားမဝင် လက်နက်ကိုင် အဖွဲ့များသို့ တိုက်ရိုက် ပေးဆောင်နေရသည့် အပြင် ဌာနဆိုင်ရာများသို့ အခွန်အဖြစ်လည်း တိုက်ရိုက် သော်လည်းကောင်း၊ သွယ်ဝိုက်၍ သော်လည်းကောင်း ပေးဆောင်နေရကြောင်း ၎င်းက ဆက်ပြောသည်။

“ကောက်နေတဲ့ ပုံစံအားလုံးဟာ မိုးရေးက ကုန်သည်ပဲ ခံရတာ။ နံပါတ်တစ်က မိုးရေး ဆိုင်သမားဆီက တိုက်ရိုက်ကောက်တယ်။ ပစ္စည်းတထုပ် ဝင်လာရင် ဘယ်လောက်ဆိုပြီး သူတို့(သူပုန်)က ကောက်တယ်။ အဲလိုကောက်ပြီးတဲ့ အပြင်ကို တနှစ်တခါဆိုရင် ဘယ်လောက်ပေး ဆိုတာ ပါသေးတယ်။ ကုန်သည်များအသင်း Chamber ကလည်း ဒီကုန်သည်တွေဆီကပဲ ပြန်ကောက်တယ်။ Direct tax (တိုက်ရိုက် အခွန်)ပေါ့။ နောက်တခါ Indirect tax (သွယ်ဝိုက် အခွန်) ဆိုတာ ရှိသေးတယ်။ သူပုန်က Custom (အကောက်ခွန်)ကို တောင်းလိုက်တယ်။ ဥပမာ ပိုက်ဆံ ရူပီး ငါးသိန်းပေး ဆိုတော့ custom က ကုန်သည်ဆီက ပြန်ကောက်တယ်။ ရဲတို့၊ သစ်တောတို့ ဆီကလည်း ကောက်တယ်။ ဒီ (သူပုန်ကို)ပေးရတဲ့ ဌာနအားလုံးကလည်း ကုန်သည်ဆီကပဲ ပြန်ကောက်တယ်” ဟု ရှင်းပြသည်။

ဤသို့ဖြင့် မဏိပူရပြည်နယ် မြို့တော် အင်ဖာမှ စီးဆင်းလာသော အိန္ဒိယကုန်ပစ္စည်းများမှာ မြန်မာနယ်စပ် အရောက် တွင် စျေးနှုန်းများ တက်ကုန်ကြရသည်ဟု ဆိုသည်။

လက်ရှိ နှစ်နိုင်ငံ နယ်စပ်ကုန်သွယ်ရေးတွင် ပစ္စည်းအမျိုးအမည် ၄ဝ သာ ခွင့်ပြုထား၍ ထိုထက်ပို၍ တိုးမြှင့်ခွင့်ပြုသင့် ကြောင်း အိန္ဒိယ-မြန်မာ နယ်စပ် ကုန်သည်ကြီးများသမဂ္ဂမှ ဇွန်လ နှောင်းပိုင်းကတည်းက တောင်းဆိုထားသည်။

နှိုင်းယှဉ်ခြင်းအားဖြင့် တရုတ်-မြန်မာ နယ်စပ်ကုန်သွယ်ရေးတွင် ကုန်ပစ္စည်းအမျိုးအမည် ၁၁,၆၉၂ မျိုး၊ တိုင်း-မြန်မာ နယ်စပ်ကုန်သွယ်ရေးတွင် ၃,၆၉၉ မျိုးနှင့် ဘင်္ဂလားဒေ့ရှ်-မြန်မာ နယ်စပ် ကုန်သွယ်ရေးတွင် ၆၃ မျိုး လွတ်လပ်စွာ ဖလှယ်နိုင်နေကြသည်။

၂ဝ၁၁ ခုနှစ် ဧပြီမှ ဒီဇင်္ဘာလအတွင်းတွင် မြန်မာမှ အိန္ဒိယသို့ နယ်စပ်မှတဆင့် ဒေါ်လာ ၅ ဒဿမ ၉၈၉ သန်း တင်ပို့ခဲ့ ကာ အိန္ဒိယမှ မြန်မာသို့ ဒေါ်လာ ၄ ဒဿမ ၁၄၁ သန်းဖိုး တင်သွင်းခဲ့သဖြင့် နယ်စပ်ကုန်သွယ်မှု ပမာဏမှာ ဒေါ်လာ ၁ဝ ဒဿမ ၁၃ဝ သန်းဖိုး ရှိခဲ့သည်။ ထိုစဉ်တွင် တရုတ်-မြန်မာ နယ်စပ်ကုန်သွယ်မှု ပမာဏမှာ ဒေါ်လာ ၂၁၈၃ ဒဿမ ၂၈၇ သန်း ရှိခဲ့ပြီး ထိုင်း-မြန်မာ နယ်စပ်တွင် ဒေါ်လာ ၂၂၈ ဒဿမ ၆ဝဝ သန်း ကုန်သွယ်ခဲ့ကာ ဘင်္ဂလားဒေ့ရှ်နယ်စပ်တွင် ဒေါ်လာ ၁၇ ဒဿမ ၃၄၂ သန်းဖိုး အသီးသီးကုန်သွယ်နိုင် ခဲ့ကြသည်။

အိန္ဒိယ-မြန်မာ နယ်စပ် ကုန်သွယ်ရေး ဖြစ်ထွန်းအောင်မြင်ရေးအတွက် နှစ်ဘက်လုံးတွင် အားနည်းချက်များ ရှိနေပြီး တရုတ်ကုန်စည်များ စျေးကွက်တွင် အထူးအောင်မြင်နေကြောင်းနှင့် ကန့်သတ်ကုန်စည်များ စာရင်း လျှော့ချရန် လိုကြောင်း အိန္ဒိယ ကုန်သည်ကြီးက ဆိုသည်။

“မြန်မာဘက်ကလည်း တချို့ကုန်တွေကို တရားဝင် လက်မခံဘူး။ ပစ္စည်းမှန်သမျှ စက်ဘီးတို့၊ ဆေးပစ္စည်း ဘာညာ အားလုံးကို ဖွင့်ပေးလိုက်၊ အကုန်လုံး တရားဝင် အခွန်ကောက်ပြီး ဖွင့်ပေးလိုက်။ အိန္ဒိယဘက်ကတော့ သူပုန်ပြဿနာပြေလည်သွားရင်ကို ပြီးပါတယ်။ မြန်မာဘက်က သူတို့ပို့တဲ့ ပစ္စည်းကို တဖက်သတ် တရားဝင်လို့ သတ်မှတ်ထားတယ်။

မြန်မာအစိုးရက အကုန်လုံး အခွန်ကောက်ပြီးသား။ ဘယ်ယူသွားသွား ရသွားပြီ။ ၉ဝ ရာခိုင်နှုန်းက တရုတ်ပစ္စည်းတွေ ဝင်နေတယ်” ဟု မဇ္မျိမကို ပြောသည်။

ဖူးပွင့်စ မြန်မာ့ ဒီမိုကရေစီ ရောင်နီသန်းချိန်တွင် နှစ်နိုင်ငံ စီးပွားရေး ပူးပေါင်းဆောင်ရွက်ရန် ဗျူဟာများ အိန္ဒိယမှ ကြိုတင်ချမှတ်နိုင်ရေး စက်တင်ဘာလ ၁၇ ရက်နေ့က နယူးဒေလီမြို့တွင် ဆွေးနွေးခဲ့ကြရာ အငြိမ်းစား ဒု-ဗိုလ်ချုပ်ကြီး Lt Gen. (retd) J.R. Mukherjee  က နှစ်နိုင်ငံ နယ်စပ်ကုန်သွယ်ရေး တွင် တရားမဝင် အခွန်များနှင့် ပါတ်သက်ပြီး ကိုင်တွယ်ရန် တိုက်တွန်းကြောင်း The Telegraph သတင်းစာတွင်လည်း ဖော်ပြပါရှိသည်။

“မြန်မာနဲ့ ကုန်သွယ်ရာမှာ စဉ်းစားရမယ့် တခုက အရှေ့မြောက် စစ်သွေးကြွများရဲ့ တရားမဝင် အခွန်ကောက်ခံမှုပဲ ဖြစ်ပါတယ်။ ကုန်တင်ယာဉ် တစီးဟာ မိုးရေးကနေ မြန်မာပြည်ကို တကြိမ် ဖြတ်သန်း ဝင်ရောက်တိုင်းပေးရတဲ့ ဆက်ကြေးနှုန်းထားပါ။ ဆိုတော့ ကုန်ပစ္စည်းတွေ သယ်ဆောင်ဖို့ ၁ သိန်း။ အဲတော့ ကုန်ပစ္စည်းတန်ဖိုးဟာ နှစ်ဆမြှင့်တက်သွားတာပေါ၊။ ဒီတော့ တရားဝင် ကုန်သွယ်မှုထက် တရားမဝင် ကုန်သွယ်မှုက ကျော်တက်သွားတာပေါ့” ဟု ထောက်ပြ ပြောဆိုသွားသည်။

အဆင်းရဲဆုံးနိုင်ငံများစာရင်းဝင် မြန်မာနိုင်ငံအနေဖြင့် အိန္ဒိယနိုင်ငံမှ ၂ဝ၁ဝ က ကြေညာခဲ့သော အထူး အကောက်ခွန် ခံစားခွင့်တွင် အကြံုးဝင်သည်။ ၂ဝဝ၉ တွင် လက်မှတ်ရေးထိုးထားသော အိန္ဒိယ-အာဆီယံ လွတ်လပ်စွာ ကုန်သွယ်ရေး သဘောတူ စာချုပ်အရလည်း ခံစားခွင့်ရှိမည် ဖြစ်သည်။

မဏိပူရပြည်နယ်ရှိ မိုးရေး-တမူး နှင့် မီဇိုရမ်ပြည်နယ်ရှိ ဇိုးကထား-ရိဖ် တို့တွင် နယ်စပ်ကုန်သွယ်ရေး စီးဆင်းနေပြီး အဓိက လမ်းကြောင်းဖြစ်သည့် မိုးရေး-တမူးကို ဖြတ်သန်းကာ အရှေ့တောင်အာရှ နိုင်ငံများသို့ ဆိုက်ရောက်မည့် အိန္ဒိယ-မြန်မာ-ထိုင်း အဝေးပြေးလမ်းမကြီးကို လေးလမ်းသွားအဖြစ် စတင်တိုးချဲ့လျက်ရှိနေပြီ ဖြစ်သည်။

ဖက်စပ် ရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်နိုင်ရန် အတွက် မြန်မာ စီးပွားရေး လုပ်ငန်းရှင်များနှင့် အိန္ဒိယ အရှေ့မြောက်ပြည်နယ် များမှ ကုမ္ပဏီ ၂၈ ခုတို့ သြဂုတ်လ ၃ဝ ရက်နေ့က ရန်ကုန်မြို့တွင် တွေ့ဆုံခဲ့ကြပြီး သြဂုတ်လ ၂၆ ရက်နေ့မှ ၃၁ ရက်နေ့အတွင်းကလည်း အိန္ဒိယနိုင်ငံ မိုရေးမြို့နှင့် မြန်မာနိုင်ငံ မန္တလေး၊ မုံရွာ၊ နေပြည်တော်နှင့် ရန်ကုန်မြို့တို့တွင် အသီးသီး တွေ့ဆုံခဲ့ကြသည်။

၂ဝ၁၁-၂ဝ၁၂ ဘဏ္ဍာနှစ်အတွင်း အိန္ဒိယ-မြန်မာ ကုန်သွယ်မှုပမာဏမှာ ဒေါ်လာသန်း ၁,၈ဝဝ ရှိခဲ့ပြီး ပဲအမျိုးမျိုး၊ သစ်၊ သံနှင့်သံထည်၊ အသေးစား စက်ပစ္စည်း ကိရိယာနှင့် ဆေးဝါး စသည်တို့ ဖြစ်သည်။ ၂ဝ၁၅ တွင် နှစ်နိုင်ငံကုန်သွယ်မှုနှစ်ဆ တိုးမြှင့်ရန် နှစ်နိုင်ငံ ရည်မှန်းထားကြသည်။