ဖွဲ့စည်းပုံအခြေခံဥပဒေ ခုံရုံးအဖွဲ့ဝင်များနုတ်ထွက်

ဖွဲ့စည်းပုံအခြေခံဥပဒေ ခုံရုံးအဖွဲ့ဝင်များနုတ်ထွက်
by -
မဇ္ဈိမ

ပြည်သူ့လွှတ်တော်က ဖွဲ့စည်းထားသည့် "ဖွဲ့စည်းပုံဆိုင်ရာ ခုံရုံး၏ ဆုံးဖြတ်ချက် စုံစမ်း စစ်ဆေးရေးအဖွဲ့" ၏ အစီရင်ခံစာ ကြာသပတေးနေ့တွင် ထွက်ပေါ်လာပြီးနောက် ခုံရုံးဥက္ကဋ္ဌအပါအဝင် အဖွဲ့ဝင်ရှစ်ဦးသည် ရာထူးမှ ဆန္ဒအလျောက် နုတ်ထွက်သွားပြီဖြစ်ကြောင်း သောကြာနေ့ နိုင်ငံပိုင်သတင်းစာများတွင် ဖေါ်ပြပါရှိလာသည်။

ခုံရုံးဥက္ကဋ္ဌအပါအဝင် အဖွဲ့ဝင် ရှစ်ဦးသည် ရာထူးမှ ဆန္ဒအလျောက် နုတ်ထွက်သွားပြီဖြစ်ကြောင်း နိုင်ငံပိုင် သတင်းစာများတွင် ဖေါ်ပြ (ဓါတ်ပုံ MJA)

စုံစမ်းစစ်ဆေးရေး အဖွဲ့မှ ပြည်သူ့လွှတ်တော်သို့ အစီရင်ခံစာတင်ပြရာတွင် ခုံရုံးကို စွပ်စွဲပြစ်တင်မှုပြုလုပ် သင့်ကြောင်း တင်သွင်းခဲ့သည်။ အဆိုပါ အစီရင်ခံစာကို ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် သုံးပုံနှစ်ပုံမှ ထောက်ခံအတည်ပြု ပြီးနောက် ခုံရုံးဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ နုတ်ထွက်မှု ဖြစ်ပေါ်လာခြင်းဖြစ်သည်။

ခုံရုံးသို့ စွပ်စွဲပြစ်တင်သင့်ကြောင်း လွှတ်တော်၏ အစီရင်ခံစာ တင်သွင်းမည့်နေ့နှင့် တိုက်ဆိုင်စွာပင် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်သည် လွှတ်တော် အစည်းအဝေးများမှ ခွင့်ယူထားလျက်ရှိသည်။

ပြည်ပခရီးသွားရန်ရှိသည့်အတွက် ပြင်ဆင်နေပါသဖြင့် လွှတ်တော်မှ ခွင့်ယူထားခြင်းဖြစ်သည်ဟု သူ၏ ပါတီက ထုတ်ပြန်ခဲ့သည်။

ခုံရုံးဥက္ကဋ္ဌအပါအဝင် အဖွဲ့ဝင် ရှစ်ဦးသည် ရာထူးမှ ဆန္ဒအလျောက် နုတ်ထွက်သွားပြီဖြစ်ကြောင်း နိုင်ငံပိုင် သတင်းစာများတွင် ဖေါ်ပြ (ဓါတ်ပုံ MJA)

သမ္မတ ဦးသိန်းစိန် လက်မှတ်ထိုးထားသော အမိန့်စာတွင် "နိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ခုံရုံး ဥက္ကဋ္ဌနှင့် ခုံရုံးအဖွဲ့ဝင်များအား ၎င်းတို့၏ သဘောဆန္ဒအလျောက် ရာထူးမှ နုတ်ထွက်ခွင့် ပြုလိုက်သည်" ဟု ဖေါ်ပြထားသည်။

ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၃၃၁ နှင့် အခြေခံဥပဒေဆိုင်ရာ ခုံရုံးဥပဒေပုဒ်မ ၂၈ ပါပြဋ္ဌာန်းချက်များအရ နှုတ်ထွက်ခွင့်ပြုခြင်းဟုလည်း သတင်းစာကရေးသားထားသည်။

ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ခုံရုံးဥပဒေတို့၏ အထက်ပါ ပုဒ်များတွင် "ခုံရုံးအဖွဲ့ဝင်တဦးဦးသည် ရာထူး သက်တမ်း မကုန်ဆုံးမီ အကြောင်းတခုခုကြောင့် မိမိသဘောဆန္ဒအလျောက် ရာထူးမှ နုတ်ထွက်လိုလျှင် ထိုသို့ နုတ်ထွက်လိုကြောင်း နိုင်ငံတော် သမ္မတထံ စာဖြင့်တင်ပြပြီး ရာထူးမှ နုတ်ထွက်နိုင်သည်။" ဟု ဖေါ်ပြထားသည်။

လွှတ်တော်အသီးသီးမှ ဖွဲ့စည်းထားသော အဖွဲ့အစည်းအသီးသီးသည် ပြည်ထောင်စု အဆင့်ဟုတ် မဟုတ် သမ္မတမှ ခုံရုံးသို့ စိစစ်စေရာ ခုံရုံးက လွှတ်တော်အဖွဲ့အစည်းများသည် ပြည်ထောင်စုအဆင့် မဟုတ်ဟု ယခုနှစ် မတ်လအတွင်း ဆုံးဖြတ်ပေးခဲ့ရာမှ လွှတ်တော်နှင့် ခုံရုံးတို့ အငြင်းပွားမှုများ စတင်ခဲ့သည်။

ယင်းသို့ဆုံးဖြတ်ခဲ့ပြီးနောက် ခုံရုံးအဖွဲ့ဝင်များသည် "ဥပဒေအရ ပေးအပ်သော တာဝန်များကို ကျေပွန်စွာ မဆောင် ရွက်ခြင်း၊ ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြဋ္ဌာန်းချက်တရပ်ရပ်ကို ဖေါက်ဖျက်ကျူးလွန်ခြင်း" စသည့် ဖွဲ့စည်းပုံ အခြေခံ ဥပဒေပါ ပုဒ်မများကို ကိုးကား၍ ခုံရုံးဥက္ကဋ္ဌ အပါအဝင် အဖွဲ့ဝင်များအားလုံး ရာထူးမှ နုတ်ထွက်ပေးရန် လွှတ်တော်တွင် သြဂုတ်လအတွင်း ဆွေးနွေးတင်ပြ၍ ဖိအားပေးတောင်းဆိုမှုများနှင့် သမ္မတထံသို့ သဝဏ်လွှာပို့၍ တင်ပြမှုများဖြစ်ပေါ်လာခဲ့သည်။

အဆိုပါ တောင်းဆိုမှုများနှင့် ပတ်သက်၍ သမ္မတက "အခြေခံဥပဒေ ဆိုင်ရာကိစ္စ အပေါ် အမှားမှား အယွင်းယွင်းသော်လည်းကောင်း၊ ဘက်လိုက် ၍ သော်လည်းကောင်း အဆုံး အဖြတ် ပေးကြမည့် ပုဂ္ဂိုလ်များ မဖြစ်နိုင်ဟု ယုံကြည်ပါကြောင်း" သြဂုတ်လ ၂ဝ ရက်နေ့တွင် ပြည်သူ့လွှတ်တော်သို့ သဝဏ်လွှာပေးပို့ခဲ့သေးသည်။

အထက်လွှတ်တော်နှင့် အောက်လွှတ်တော်တို့၏ လွှတ််တော်ဆိုင်ရာ ဥပဒေနှင့် နည်းဥပဒေအသီးသီး၏ ပုဒ်မ ၂ (ဇ) တွင် “ပြည်ထောင်စုအဆင့် အဖွဲ့အစည်းဆိုသည်မှာ ဖွဲ့စည်းပုံအရ ဖွဲ့စည်းသော ပြည်ထောင်စုအစိုးရ အဖွဲ့၊ အမျိုးသား ကာကွယ်ရေးနှင့် လုံခြံုရေးကောင်စီ၊ ဘဏ္ဍာရေးကော်မရှင်၊ ပြည်ထောင်စု တရားလွှတ်တော်ချုပ်၊ ဖွဲ့စည်းပုံ အခြေခံ ဥပဒေဆိုင်ရာ ခုံရုံး၊ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်၊ ပြည်ထောင်စု စာရင်းစစ်ချုပ် နှင့် ပြည်ထောင်စု ရာထူးဝန် အဖွဲ့ကိုလည်းကောင်း ပြည်ထောင်စုလွှတ်တော်၊ ပြည်သူ့လွှတ်တော်နှင့် အမျိုးသား လွှတ်တော်တို့က ဖွဲ့စည်းသည့် ကော်မတီ၊ ကော်မရှင်နှင့် အဖွဲ့တို့ကိုလည်းကောင်း ဆိုသည်” ဟု ပြဋ္ဌာန်းထားသည်။

သို့သော် ဖွဲ့စည်းပုံ အခြေခံဥပဒေတွင်မူ လွှတ်တော်အသီးသီး၏ အဖွဲ့အစည်းများ၏ အဆင့်နှင့် ပတ်သက်၍ တိကျသည့် ပြဋ္ဌာန်းချက် ပြဋ္ဌာန်းထားသည်ကို မတွေ့ရှိရပါ။ ထို့ကြောင့် ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံး ဘက်ကလည်း ယင်းတို့သည် ဖွဲ့စည်းပုံအခြေခံ ဥပဒေပါ ပုဒ်မတခုချင်းစီ၏ ဆက်စပ်အဓိပ္ပါယ်ကို ကောက်ယူ၍ ဆုံးဖြတ်ခဲ့ခြင်းဟု တုန့်ပြန်မှုများရှိခဲ့သည်။

နုတ်ထွက်သွားပြီ ဖြစ်သည့် ခုံရုံးတွင် ဥက္ကဋ္ဌအဖြစ် ဦးသိန်းစိုး၊ အဖွဲ့ဝင်များအဖြစ် ဒေါက်တာ တင်အောင်အေး၊ ဒေါ်ခင်လှမြင့်၊ ဦးထွန်းကြည်၊ ဦးစိုးသိန်း၊ ဦးခင်ထွန်း၊ ဦးဆန်းမြင့်၊ ဦးမြင့်ကြိုင်နှင့် ဒေါ်မိမိရီတို့ဖြင့် ဖွဲ့စည်း ထားသည်။ ယင်းတို့ကို သမ္မတမှ ပြန်လည်ရွေးချယ်ရမည်ဟု ဖွဲ့စည်းပုံ အခြေခံဥပဒေတွင် ပြဋ္ဌာန်းထားသည်။

Most read this week