ABSDF က မြောက်ပိုင်း သတ်ဖြတ်မှုအတွက် တောင်းပန်

ABSDF က မြောက်ပိုင်း သတ်ဖြတ်မှုအတွက် တောင်းပန်
by -
မဇ္ဈိမ

မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး ABSDF က မြောက်ပိုင်း၌ နှစ်ပေါင်း ၂၀ က ဖြစ်ပွားခဲ့သည့် အစုလိုက်အပြုံလိုက် ညှင်းပန်းနှိပ်စက်သတ်ဖြတ်ခဲ့မှုများနှင့် ပတ်သက်၍ သက်ဆိုင်သူများအား သောကြာနေ့တွင် တောင်းပန်လိုက်သည်။

“မြန်မာပြည်မြောက်ပိုင်း၌ ဖြစ်ပေါ်ခဲ့သော အဖြစ်အပျက်များအတွင်း နစ်နာဆုံးရှုံး အသက်ပေးသွားခဲ့ကြသည့် ရဲဘော်များ၊ သက်ဆိုင်ရာ ကာယကံရှင်များ၊ မိဘဆွေမျိုးများနှင့်အတူ မိမိတို့ အဖွဲ့အစည်းနေဖြင့် ထပ်တူ ဝမ်းနည်းရသလို ယင်းကဲ့သို့ ဖြေရှင်းဆောင်ရွက်ခဲ့မှုများအတွက် အလေးအနက် တောင်းပန်အပ်ပါသည်” ဟု အဖွဲ့၏ ထုတ်ပြန်ချက်တွင် ပါရှိသည်။

ထို့ပြင် ABSDF မှ အမှန်တရားနှင့် တရားမျှတမှု ဖော်ထုတ်ရေး အလုပ်အဖွဲ့ကို ဖွဲ့စည်းထားပြီး ဖြစ်၍ ယင်းအဖွဲ့မှ ဓမ္မဓိဌာန်ကျသော မှတ်တမ်း ရယူနိုင်ရေး ကြိုးပမ်းနေသည်ဟု ABSDF လက်ရှိ ဥက္ကဋ္ဌ ရဲဘော် သံခဲက ပြောသည်။

“ကျွန်တော်တို့ ပထမ အဆင့် အနေနဲ့ အမှုမှန် ဖော်ထုတ်ရေး အလုပ်အဖွဲ့ကို ဖွဲ့စည်းတယ်၊ ဒီဖြစ်စဉ်ကြီးမှာ ပါဝင် ပတ်သက် ခဲ့သူတွေ တွေ့ဆုံမယ်၊ မေးမြန်းမယ်၊ ဘယ်လို ဖြစ်ခဲ့တယ် ဆိုတဲ့ အကြောင်းကို မှတ်တမ်း အဖြစ် ရယူဖို့ ရှိတယ်၊ အဲဒီလို ဓမ္မဓိဌာန် ကျကျ မှတ်တမ်း တစ်ခု ပထမ အဆင့် အနေနဲ့ တင်နိုင်မယ်၊ ဒီဖြစ်စဉ်ကြီးကို သေသေ ချာချာ ဖော်ထုတ်နိုင်မှ နောက်တစ်ဆင့်ကို ဆက်သွားမယ်” ဟု သူက မဇ္စျိမကို ပြောသည်။

၁၉၉၂ ခုနှစ်က ကချင်ပြည်နယ် မြောက်ပိုင်း ပါဂျောင်ဒေသတွင် ဖြစ်ပွားခဲ့သော ညှင်းပန်းသတ်ဖြတ်မှုများနှင့် ပတ်သက်၍  အမှန်တရားနှင့် တရားမျှတမှု ဖော်ထုတ်ရေး အလုပ်အဖွဲ့၏ အချက်အလက် စုဆောင်းခြင်းနှင့် အစီရင်ခံစာ ရေးသားခြင်း လုပ်ငန်းအား ၂ဝ၁၃ ခုနှစ် မေလတွင် အပြီးသတ် ဆောင်ရွက်သွားမည်ဟုလည်း မတ်လအတွင်းက ထုတ်ပြန်ခဲ့သည်။

ABSDF (မြောက်ပိုင်း) စခန်းရှိရာ ကချင်ပြည်နယ် ပါဂျောင်တွင် ထိုစဉ်က စစ်အစိုးရကို လက်နက်ကိုင်တော် လှန်ရန် စုဖွဲ့ခဲ့ကြသည့် ကျောင်းသားတပ်အကြား စစ်ထောက်လှမ်းရေးများ စိမ့်ဝင်ကာ ဖြိုခွဲရန် ကြိုးစားသည် ဆိုသော စွပ်စွဲချက်ဖြင့် ဖမ်းဆီး ညှင်းပန်းစစ်ဆေးခဲ့ကြသည်။ မြောက်ပိုင်းဥက္ကဋ္ဌဟောင်း ကိုထွန်းအောင်ကျော် အပါအဝင် အဖွဲ့ဝင်  ၁၅ ဦး သေဒဏ် အပြစ်ပေးခံခဲ့ရသည်။

စခန်းရှိ အဖွဲဝင်အရေအတွက်၏ သုံးပုံတစ်ပုံကျော်ဖြစ်သော အဖွဲ့ဝင် ၁၀၀ ကျော်ကို ထောက်လှမ်းရေး၏ “ရေလှိုင်းစစ်ဆင်ရေး” အောက်မှ ပါဝင်လှုပ်ရှားသူများဟု စွပ်စွဲခဲ့ကြသည်။

၁၉၈၈ ခုနှစ် မြန်မာပြည်တဝှမ်း မြို့ကြီးများတွင် ပါတီစုံဒီမိုကရေစီ လိုလားသော လူထုဆန္ဒပြမှုများကို စစ်တပ်ကသေနတ်ဖြင့် ပစ်ခတ်နှိမ်နင်း၍ အာဏာသိမ်းပြီးနောက် တက္ကသိုလ်ကျောင်းသားများ အပါအဝင် ကျောင်းသားလူငယ် များသည် လက်နက်ကိုင်ကို ပြန်လည်တော်လှန်ရန် နယ်စပ်ဒေသများသို့ တိမ်းရှောင် သွားရာက ကျောင်းသား တပ်မတော်ဟူ၍ ပေါ်ပေါက်လာခဲ့သည်။ ရှစ်လေးလုံးဟုတွင်ခဲ့သည့် အရေးအခင်း အတွင်း လူ သုံးထောင်ခန့် သေခဲ့ကြရသည်။

ကျောင်းသားလူငယ် နှစ်သောင်းခန့်အထိ တောခိုသွားခဲ့ကြရာ အများစုက ထိုင်းနိုင်ငံနယ်စပ်ကို ရောက်သွား ခဲ့ကြသလို တရုတ်နယ်စပ်၊ အိန္ဒိယနယ်စပ်တို့လည်း သွားရောက်ခဲ့ကြသူများလည်း ရှိသည်။