ရခိုင်ပြည်နယ်အတွင်း ဖြစ်ပွားခဲ့သည့် ဖြစ်စဉ်များနှင့် ဆက်စပ်၍ သမ္မတ ဦးသိန်းစိန်၏ ရိုဟင်ဂျာအရေး ပြောဆိုခဲ့မှုကို ထောက်ခံကြောင်း မန္တလေး လူထုနှင့် သံဃာတို့ ဒုတိယနေ့ ဆန္ဒထုတ်ဖေါ်မှု တားမြစ်ခံရသော်လည်း ဆက်လက် ဆန္ဒထုတ်ဖေါ်ခဲ့ကြသည်။
ဆန္ဒထုတ်ဖေါ်မှု ဒုတိယနေ့ ဖြစ်သော တနင်္လာနေ့တွင် သံဃာ အပါး ၁ဝဝ နှင့် လူ ၆ဝဝ ခန့် ပါဝင်သည့် ဆန္ဒ ထုတ်ဖေါ်မှုကို ပြည်ကြီးတံခွန်မြို့နယ်အတွင်း နေ့လည် ၁ နာရီမှ ၂ နာရီအထိ ပြုလုပ်ခဲ့ကြခြင်းဖြစ်သည်။ “သမ္မတကြီးအား ထောက်ခံပါတယ်။ သမ္မတကြီး ကျန်းမာပါစေ” ဟုကြွေးကြော်၍ ဆန္ဒ ထုတ်ဖေါ်ခဲ့ကြသည်ဟု ဆန္ဒထုတ်ဖေါ်မှုကို ဦးဆောင်သည့် ဦးဝီရသူက မဇ္ဈိမကိုပြောသည်။
တနင်္ဂနွေနေ့မှ စတင်သည့် ဆန္ဒထုတ်ဖေါ်မှုကို မဟာအောင်မြေနှင့် အောင်မြေသာစံမြို့နယ်များတွင် ပြုလုပ်ခဲ့ပြီး သံဃာ ၂ဝဝဝ ခန့်နှင့် လူ ၈ဝဝ ခန့် ဆန္ဒထုတ်ဖေါ်ခဲ့ကြသည်။ ထိုဆန္ဒထုတ်ဖေါ်မှုအပြီး တနင်္လာနေ့ နံနက် ၂ နာရီတွင် စီတန်းလှည့်လှည့်ခွင့်ကို ရုတ်သိမ်းကြောင်း တိုင်းတပ်ဖွဲ့မှူးရုံးမှ နှုတ်ဖြင့်အကြောင်းကြားခဲ့ပြီး နံနက် ၈ နာရီတွင် တရားဝင်စာ ထုတ်ပြန်ခဲ့သည်။
"ည ၂နာရီက လာပြောတယ်။ နောက်နေ့တွေမှာ ဆက်ပြီး ဆန္ဒထုတ်ဖော်ခွင့် မပေးတော့ဘူးဆိုပြီး။ ၂၄နာရီ မပြည့်ခင် မနက် ၈နာရီမှာ စာထွက်လာတယ်။" ဟု ကိုရဲမင်းဦးက ပြောသည်။
ဆန္ဒထုတ်ဖေါ်မှုကို လိုက်ပါ ကြည့်ရှု့သူ များပြားလွန်းခြင်း၊ ကြည့်ရှု့သူများတွင်း အရက်သေစာ သောက်စား၍ လိုက်ပါလာသူများရှိခြင်း စသည်တို့ကြောင့် ဆန္ဒထုတ်ဖေါ်မှုကို ရုတ်သိမ်းရခြင်းဟု မြို့နယ်အုပ်ချုပ်ရေးမှူးမှ လျောက်ထားလာသည်ဟုလည်း ဦးဝီရသူက မဇ္ဈိမကို အမိန့်ရှိသည်။
ဆန္ဒထုတ်ဖေါ်မှု ပြန်လည် ပိတ်ပင်ခဲဲ့ခြင်းနှင့် ပတ်သက်၍ "ခွင့်ပြုပြီးသားကို ပိတ်တယ်ဆိုတော့ အဲဒါက နည်းနည်း ထူးခြားတယ်။ ခွင့်ပြုတည်းက ဥပဒေနဲ့ ညီညွတ်လို့ ဒေသခံစည်းကမ်းနဲ့ ညီညွတ်လို့ ခွင့်ပေးထား တာပေါ့။ ဥပဒေမှာ ဆိုထားတာက သတ်မှတ်ထားတဲ့နည်းလမ်းကို မလိုက်နာရင်တော့ ရပ်ဖို့ အမိန့်ပေးရင်တော့ ကျွန်တော်တို့က ရပ်ပေး ရတာပေါ့။ အဲလိုအကြောင်းပြချက်မရှိဘဲ ပိတ်ပင်တယ်ဆိုရင်တော့ အဆင့်ဆင့်တော့ ဥပဒေနဲ့အညီ တင်သင့်တာပေါ့။" ရှေ့နေ တဦးဖြစ်သည့် ဦးဋ္ဌေးက သုံးသပ် ပြောဆိုသည်။
ငြိမ်းချမ်းစွာ စုဝေးခွင့်နှင့် ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခွင့် ဥပဒေတွင် ခွင့်ပြုမိန့်ကို ရုတ်သိမ်းမည်ဆိုပါက နှုတ်ဖြင့် ကြေငြာပြီး ၂၄ နာရီအတွင်း စာဖြင့် ထုတ်ပြန်ရမှာ ဖြစ်သည်။ ငြင်းပယ်ခံရသောစာရပြီးနောက် ဆက်လက် ဆန္ဒ ထုတ်ဖေါ်ရန် ရ ရက်အတွင်း ပြည်နယ် သို့မဟုတ် တိုင်း အုပ်ချုပ်ရေးဌာနသို့ အယူခံဝင်နိုင်သည်။
သမ္မတ ဦးသိန်းစိန်သည် ဇူလိုင်လ ၁၁ ရက်နေ့က ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီး Mr. Antonio Guterres နှင့် တွေ့ဆုံစဉ် ရိုဟင်ဂျာများကို လက်ခံရန် မဖြစ်နိုင်ကြောင်း၊ ထိုသူများကို ဒုက္ခသည် စခန်းအတွင်းထားကာ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံးမှ ကျွေးမွေးစောင့်ရှောက်ထားရန် ပြောဆိုခဲ့သည်။