တိုက်ပွဲများကြောင့် ဖားကန့်မြို့နယ် လောင်စာဆီ သိုလောင်ရုံတခု ပေါက်ကွဲ

တိုက်ပွဲများကြောင့် ဖားကန့်မြို့နယ် လောင်စာဆီ သိုလောင်ရုံတခု ပေါက်ကွဲ
by -
မဇ္စျိမ

ကချင်လွတ်လပ်ရေးအဖွဲ့ KIO နှင့် အစိုးရတပ်တို့အကြား ပစ်ခတ် တိုက်ခိုက်မှုများကြောင့် ဖားကန့်မြို့နှင့် နှစ်မိုင်အကွာ ဆိုင်းဂျာဘွမ် ကျေးရွာရှိ ဝေအောင်ကမ္ဘာ အကျိုးတူ ကုမ္ပဏီပိုင် လောင်စာဆီ သိုလောင်ရုံထဲသို့ လက်နက်ကြီး ကျကာ ပေါက်ကွဲမှု ဖြစ်ခဲ့ကြောင်း သိရသည်။

အနောက်မြောက်တိုင်း စစ်ဌာနချုပ် လက်အောက်ခံ ခလရ ၂၆၉ တပ်ဖွဲ့များနှင့် KIO ၏ တပ်မဟာ ၂ လက်အောက်ခံ တပ်ရင်း ၆ တပ်ဖွဲ့တို့ ဗုဒ္ဓဟူးနေ့ မွန်းလွဲပိုင်း ၂ နရီမှစတင်၍ တိုက်ပွဲဖြစ်ပွားခဲ့ရာ ညနေ ၅ နာရီခွဲချိန်တွင် အဆိုပါ သိုလောင်ရုံပေါက်ကွဲခဲ့သဖြင့် ဖားကန့်မြို့ တမြို့လုံး တုန်ခါသွားခဲ့သည်ဟု ဒေသခံများက ဆိုသည်။

“လက်နက်ကြီး သွားကျတာလေ။ ကျည်ဆံက ယမ်းတိုက်ပေါ်မှာ သွားကျတာ။ ဝေအောင်ကမ္ဘာ မိသားစု အကျိုးတူ ကုမ္ပဏီလေ။ အဲဒီကုမ္ပဏီရှိတဲ့ နေရာက နှစ်ဖက် တပ်တွေရဲ့ အလယ်မှာ ဖြစ်နေတယ်။ အဲတော့ ယမ်းတိုက်ပေါ်ကျတဲ့ လက်နက်ကြီး ကျည်ဆံက ဘယ်ဘက်က ကျည်ဆံဆိုတာ ခန့်မှန်းလို့ မရဘူးလေ” ဟု အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် NLD ဖားကန့်ရုံး တာဝန်ခံ ဦးခင်မောင်ချင်း က ပြောသည်။

ပေါက်ကွဲမှုနှင့် အနီးတဝိုက်ရှိ ကျေးရွာများမှ ဒေသခံရွာသားများမှာ ဖားကန့်မြို့ပေါ် ပြောင်းရွှေ့သွားကြသဖြင့် ထိခိုက်သေဆုံးမှု မရှိကြောင်း သိရသည်။

“သူတို့လည်းပစ်၊ ကျနော်တို့လည်း ပစ်ဆိုတော့ ဂိုဒေါင်ထဲက ခဲယမ်းတွေ ပေါက်သွားတယ်။ ဒီမနက် ပြန်သွားကြည့်တော့ အပိုင်းအစတွေပဲ တွေ့ရတယ်” ဟု KIO ၏ ရှေ့တန်းမှ အရာရှိတဦးက ပြောသည်။ ကုမ္ပဏီဝင်းအတွင်းမြေတူးစက်ကြီး (ဘက်ဖိုး) ငါးစီးနှင့် တချို့ ကားကြီးများ အပါအဝင် ၁ဝ ထက်မနည်း ပျက်ဆီးဆုံးရှုံးသွားသည်ကိုတွေ့ရပြီး သေဆုံးမှုအချို့လည်း တွေ့ခဲ့ရသည်ဟု ဆိုသည်။

အဆိုပါ ပေါက်ကွဲမှုနှင့် ပတ်သက်၍ စုံစမ်းမေးမြန်းရန် ဖားကန့်မြို့နယ် ရဲစခန်းသို့ မဇ္စျိမက တယ်လီဖုန်းဖြင့် ဆက်သွယ်မေးမြန်းရာ “အဲဒါ ကျနော်တို့ မသိပါဘူးခင်ဗျာ” ဟု စခန်းမှ ဒု-ရဲအုပ် တဦးက ဖြေကြားခဲ့သည်။

ယင်းပေါက်ကွဲမှုကြီးဖြစ်ပွားပြီးနောက် အရောင်းအဝယ်နှင့် စက်ယန္တယားများ ရပ်ဆိုင်းထားရသည်ဟု သိရသည်။

အစိုးရ တပ်အင်အား ၃ဝဝ ခန့် ထိုးစစ်ဆင်လာရာမှ သြဂုတ်လ ၂၇ ရက်နေ့က ရှစ်နာရီကြာ တိုက်ပွဲတွင် အနည်းဆုံး ၈ဝ ခန့် ထိခိုက်ဒဏ်ရာရကာ ဗိုလ်မှူးတဦး၊ ဗျူဟာမှူးတဦး ကျဆုံးခဲ့သည်ဟု KIO အရာရှိက ဆိုသော်လည်း သီးခြား အတည်ပြုချက် မရယူနိုင်သေးပါ။

KIO တပ်နှင့် ပေ ၁,ဝဝဝ အကွာအဝေးရှိ မျောက်ဖြူကျေးရွာ အနီးတွင် အစိုးရတပ်ဖွဲ့များ ရှိနေသဖြင့် နှစ်ဖက်တင်းမာနေဆဲ ဖြစ်သည်ဟု ထိုအရာရှိက ပြောသည်။

ဖားကန့်ရှိ ကုမ္ပဏီအချို့က KIO ၏ တပ်ရင်း ၆ လက်အောက်ခံ လမောင်ကုန်း စခန်းအား သိမ်းယူရန် နေပြည်တော်ထိ သွားရောက်၍ တိုက်တွန်းမှုများ ရှိသည်ဟု သတင်းရရှိကြောင်း “အကျိုးတူကုမ္ပဏီ စီးပွားရေးလုပ်ငန်းရှင် ခြောက်ခုက ဒီနေရာကို ရှင်းပေးဖို့ နေပြည်တော်ထိ သွားပြောထားတယ်။ ဒါကြောင့် သူတို့က ကုမ္ပဏီတွေရဲ့ ကြေးစားလို စီးပွားရေး သမားတွေရဲ့ စကားကို နားထောင်ပြီး လုပ်လာတယ်ဆိုတော့ ကျနော်တို့လည်း စောင့်ကြည့်ပြီး ခုခံတိုက်နေတာ ခုလို ဖြစ်သွားတာပဲ” ဟု KIO အရာရှိက ပြောသည်။

သြဂုတ်လ ၁၉ ရက်နေ့မှစတင်၍ KIO တပ်နှင့် အစိုးရတပ်များအကြား တင်းမာမှုများ ရှိခဲ့ရာ မှော်မောင်ကုန်း၊
တောင်ပြို၊ သူဌေးချောင်း၊ ဆိုင်းဂျာဘွမ်၊ မနားချောင်း၊ ဗလခ၊ မှော်ဝမ်းကြီး၊ မှော်ဝမ်းကလေး၊ ရှရော်ခ၊ ဇွပ်ငိုင်၊
မျောက်ဖြူ၊ မှော်မောင်းလယန် စသည့် ရွာများမှ ဒုက္ခသည်များ ဖားကန့်မြို့ပေါ်သို့ ထွက်ပြေးတိမ်းရှောင်ခဲ့သည်။

ဘုန်းကြီးကျောင်းနှင့် ဘုရားရှိခိုးကျောင်း များ၌ ဖွင့်လှစ်ထားသော ဒုက္ခသည်စခန်း ၃၁ တွင် လူဦးရေ ၉,ဝဝဝ ကျော် ရှိနေပြီ ဖြစ်ကြောင်း ဖားကန့် NLD ရုံးမှ ဦးခင်မောင်ချင်း က ပြောသည်။

NLD ပါတီက စစ်ပြေးဒုက္ခသည်များအတွက် ဆန် ၂၇ဝ အိတ်နှင့် ကျပ်ငွေ ၂၈ သိန်းကျော် ဗုဒ္ဓဟူးနေ့တွင် လှူဒါန်းခဲ့ပြီး လက်ရှိတွင် ဒေသခံ လူမှုအဖွဲ့အစည်းများသာ ကူညီ ထောက်ပံ့ပေးနေသည်ဟု ၎င်းက ဆိုသည်။

Most read this week