မြန်မာ့တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဒုတိယ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် သည် သြဂုတ်လဆန်းပိုင်း တွင် အိန္ဒိယသို့ တပါတ်ကြာ သွားရာက်လည်ပတ်မည်ဟု သိရသည်။
သြဂုတ်လ ၁ ရက်နေ့တွင် ရောက်ရှိလာမည့် မြန်မာ ကာ/ချုပ်သည် ၃ ရက်နေ့တွင် အိန္ဒိယကာကွယ်ရေးဝန်ကြီး A K Antony အပြင် ရေတပ်ဦးစီးချုပ် Admiral Nirmal Verma၊ လေတပ်ဦးစီးချုပ် Chief Marshal N A K Browne နှင့် ကြည်းတပ်ဦးစီးချုပ် General Bikram Singh တို့နှင့် နယူးဒေလီတွင် တွေ့ဆုံရန်ရှိကြောင်း အိန္ဒိယ သတင်းစာများက ရေးသားကြသည်။
ဒေသတွင်းတွင် တရုတ်နိုင်ငံ အနေဖြင့် နယူးဒေလီအား (အိန္ဒိယအား) နောက်တကြိမ် အသာစီး မရယူနိုင်ရေး အာမခံနိုင်ရန် မူဝါဒတခုလုံးနှင့်အညီ ဤသို့ မြန်မာ့ထိပ်တန်း တပ်မတော်ခေါင်းဆောင်တဦး လာရောက်ခြင်း ဖြစ်ကြောင်း လည်း ဆိုသည်။
ခရီးစဉ်အတွင်းတွင် ဒုဗိုလ်ချုပ်မှူးကြီးသည် ကိုလ်ကတ္တားအခြေစိုက် အရှေ့တိုင်း စစ်ဌာနချုပ်နှင့် Visakhapatnam ရှိ အရှေ့တိုင်း ရေတပ်မတော် ဌာနချုပ်တို့အပြင် အခြားသော ကာကွယ်ရေး အခြေစိုက်ဌာနမျးသို့လည်း သွားရောက်မည် ဖြစ်သည်။
သြဂုတ်လ ၈ ရက်နေ့ထိ အိန္ဒိယတွင် ရှိနေစဉ်အတွင်း မြန်မာခေါင်းဆောင်များ အိန္ဒိယသို့ လာရောက်တိုင်း သွားရောက် လေ့ရှိသည့် ဗုဒ္ဓဂါယာ ဘုရားဖူးအစီအစဉ်လည်း ပါဝင်မည်ဖြစ်သည်။
ယခု ခရီးစဉ်မှာ မေလကုန်ပိုင်းက အိန္ဒိယ ဝန်ကြီးချုပ် ဒေါက်တာ မန်မိုဟန်ဆင်း နေပြည်တော်နှင့်ရန်ကုန်သို့ သွားရောက်ပြီးနောက် မြန်မာဘက်မှ အဆင့်မြင့်ပုဂ္ဂိုလ်တဦး ပြန်လည် လာရောက်ခြင်းလည်းဖြစ်သည်။
မစ္စတာ မန်မိုဟန်ဆင်း၏ ၃ ရက်ကြာခရီးစဉ်အတွင်း မြန်မာအစိုးရနှင့် နှစ်နိုင်ငံ သဘောတူစာချုပ် ၁၂ ခု လက်မှတ်ရေးထိုးနိုင်ခဲ့သလို အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့်လည်း ရန်ကုန်မြို့တွင် တွေ့ဆုံခဲ့သေးသည်။
၂ဝ၁၁ ခုနှစ်၊ အောက်တိုဘာလအတွင်းကလည်း ဝန်ကြီး ၁၃ ဦးအား ခေါင်းဆောင်၍ မြန်မာသမ္မတ ဦးသိန်းစိန် အိန္ဒိယနိုင်ငံသို့ ၄ ရက်ကြာ လာရောက်လည်ပတ်ခဲ့ဖူးသည်။