လွှတ်တော်ကိုယ်စားလှယ်များ ပြည်သူနှင့် တကယ်ထိတွေ့နိုင်ရဲ့လား

လွှတ်တော်ကိုယ်စားလှယ်များ ပြည်သူနှင့် တကယ်ထိတွေ့နိုင်ရဲ့လား
by -
မဇ္စျိမ

တနှစ်ကျော် ကာလထဲကို ရောက်လာပြီဖြစ်သည့် အစိုးရသစ်လက်ထက် လွှတ်တော်များတွင် ၀င်ရောက်ဆွေး နွေးနေကြသည့် လွှတ်တော်အမတ်များသည် ပြည်သူများနှင့် အမှန်တကယ်အချိန်ပေး ထိတွေ့နိုင်ရဲ့လားဆို သည်ကို လေ့လာသုံးသပ်သူများက မေးခွန်းများ ထုတ်လာကြသည်။

ပြည်သူ့လွှတ်တော်၊ အမျိူးသားလွှတ်တော် နှစ်ရပ်ပေါင်း တပ်မတော်ကိုယ်စားလှယ် အပါအဝင် လွှတ်တော် ကိုယ်စားလှယ်ပေါင်း ၆၆၄ ရှိသည့်အနက် ၎င်းတို့သည် သက်ဆိုင်ရာ မိမိတို့မဲဆန္ဒရှင်များနှင့် အချိန်ပေး စကားပြောဆိုခဲ့မှုများ နည်းပါးနေကြောင်း ရန်ကုန်မြို့ခံအချို့က ဆိုသည်။

နေပြည်တော်တွင် စတုတ္ထကြိမ်မြောက် ကျင်းပလျက်ရှိသည့် လွှတ်ေတော် အစည်းအဝေးများတွင် ကိုယ်စားလှယ်များ ဆွေးနွေးပြောဆိုနေမှုများမှာ ပြည်သူလူထုအားလုံးကို ကိုယ်စားပြုပြီးတင်ပြသည့် အဆိုများလော၊ မိမိတို့နှင့် နီးစပ်ရာ များမှ ထွက်ပေါ်လာသည့် ကိစ္စရပ်များလော ဆိုသည်ကို ပြည်သူများက မေးမြန်း ပြောဆိုမှုများလည်း ရှိလာသည်။

“တချို့ကိုယ်စားလှယ်တွေက ဘယ်လောက် လူသိများလဲဆိုရင် အဲဒီမြို့နယ်မှာ နေတဲဲ့သူက ကိုယ့်လွှတ်တော် အမတ် ဘယ်သူမှန်းတောင် မသိဘူး။ အမှန်က လွှတ်တော်အမတ်တွေက ကိုယ့်မဲဆန္ဒရှင်တွေကို လွှတ်တော်နဲ့ ပတ်သတ်တာတွေ အမြဲရှင်းလင်းပြောပြနေရမယ်။ သူတို့လိုအပ်ချက်တွေကို မေးမြန်းနေဖို့ လိုတယ်။ ဒါပေမယ့် မမြင်ရပါဘူးဗျာ” ဟု မရမ်းကုန်းမြို့နေ အငြိမ်းစား ၀န်ထမ်းတဦးဖြစ်သူ ဦးတင်မြင့်က ဆိုသည်။

ယခင် မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီလက်ထက်က လွှတ်တော် ကိုယ်စားလှယ်များသည် လွှတ်တော် အားလပ်ချိန် တွင် အတွေ့အကြုံများကို မိမိတို့မဲဆန္ဒရှင်များအား ပြန်လည် ရှင်းပြကြလေ့ရှိကြောင်းလည်း ၎င်းက ဆက်ပြောသည်။

“လွှတ်တော်ကိုယ်စားလှယ်ဆိုတာ ပြည်သူနဲ့ အစိုးရအကြားကို ပေါင်းကူးပေးတာ။ ပြည်သူထဲ မဆင်းဘဲ လွှတ်တော်မှာ ဘာတွေ အဆိုတင်သွင်းမှာလဲဆိုတာ မေးခွန်းထုတ်ရမယ်” ဟု မဇ္စျိမကို ပြောသည်။

မြို့ပြကြီး အချို့ရှိ မဲဆန္ဒရှင်အချို့သာ လွှတ်တော်ကိုယ်စားလှယ်များနှင့် ထိတွေ့ပြောဆိုရန် စိတ်ပါ၀င်စားကြ ကြောင်းလည်း နိုင်ငံရေးလေ့လာသူ ရန်ကုန်မြို့ခံအချို့က ပြောသည်။

“တချို့မြို့နယ်တွေမှာဆို ကိုယ့်သက်ဆိုင်ရာ လွှတ်တော်ကိုယ်စားလှယ်တွေကို ကြုံနေရတဲ့ အခက်အခဲလေး တွေ ဖြေရှင်းပေးနိုင်ဖို့ အကူအညီ သွားတောင်းကြည့်တယ်။ မအားဘူးပြောတာ ရှိတယ်။ မသိချင်ယောင်ဆောင်နေတာ တွေတောင် ရှိတယ်။ တချို့ မဲဆန္ဒရှင်တွေဆိုရင် ကိုယ်မဲပေးခဲ့တဲ့သူတွေရဲ့ ဆက်သွယ်ရမယ့် ဖုန်းနံပါတ်တွေတောင် စုထားပြီးတော့ အခက်အခဲတွေ့ရင် ဖြေရှင်းပေးဖို့ လာပြောတာတွေလည်း ရှိတယ်” ဟု ရန်ကုန်တိုင်း လွှတ်တော် ကိုယ်စားလှယ်တဦးက ဆိုသည်။

ရန်ကုန်တိုင်း၊ သင်္ဃန်းကျွန်းမြို့နယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းညွှန့်မှာမူ ၎င်း၏ မြို့နယ် အတွင်းမှ မဲဆန္ဒရှင်များ၏ နစ်နာမှုများကို လိုက်လံ ဆောင်ရွက်ပေးနေသည်များကို မီဒီယာများမှ တဆင့်သော်လည်းကောင်း၊ ထိုမြို့နယ်သူမြို့နယ်သားအချင်းချင်း ပြောဆိုမှုများကြောင့်သော်လည်းကောင်း၊ လာရောက်တိုင်ကြားထားသော စာများ တနှစ်ကျော်အတွင်း များစွာရရှိထားသည် ဟုလည်း ဦးသိန်းညွှန့်၏ အမျိူးသားဒီမိုကရေစီပါတီသစ် မှ ဦးကျော် က ဆိုသည်။

“ဒီသင်္ဃန်းကျွန်းကတောင် မဟုတ်ဘဲ တခြားမြို့နယ်ကပါ လာရောက်အကူအညီပေးဖို့ ပြောတဲ့အတွက် သူတို့မြို့နယ်က သက်ဆိုင်ရာ ကိုယ်စားလှယ်တွေဆီ သွားဖို့လည်း ပြောရတယ်” ဟု မဇ္စျိမကို ပြောသည်။

အမျိူးသားဒီမိုကရေစီအင်အားစုပါတီ၏ ဥက္ကဋ္ဌ ဦးခင်မောင်ဆွေကလည်း လတ်တလောတွင် မြေယာကိစ္စရပ်များနှင့် ပတ်သတ်ပြီး အကူအညီများပေးရန် လာရောက်တိုင်ကြားပြောဆိုမှုများ ရှိသည့်အတွက် ထိုကိစ္စရပ်များကို အလေးပေး ကူညီပေးနေသည်ဟုဆိုသည်။

“အုပ်ချုပ်ရေးပိုင်းတွေမှာ အားနည်းချက်တွေ ရှိနေသေးတယ်။ လယ်မြေ အသိမ်းခံရတာတွေကအစ အခက်အခဲ မျိူးစုံ တွေ့တဲ့သူတွေက လာရောက်ကူညီပေးဖို့ ပြောတာတွေ အများကြီးလက်ခံရပါတယ်” ဟု ဦးခင်မောင်ဆွေ က ပြောသည်။

ထို့ကြောင့် ပြည်ထောင်စုလွှတ်တော်မှ လွှတ်တော်ကိုယ်စားလှယ််အနက် ကြံ့ခိုင်ရေးပါတီမှ အရေအတွက် အများဆုံး ဖြစ်လေရာ ထိုလွှတ်တော်ကိုယ်စားလှယ်များ အနေဖြင့် ရွေးကောက်ပွဲကာလတွင်သာ အများပြည်သူများအတွင်းသို့ အမှန်တကယ် ရောက်ရှိခဲ့ပြီး ဆက်လက်ထိတွေ့ အဆိုတင်သွင်းမှုများ လုပ်ဆောင်နိုင်ဖို့ လိုအပ်နေပြီဖြစ်ကြောင်း မြန်မာ့နိုင်ငံရေးလေ့လာ သူများက သုံးသပ်သည်။