ဦးအေးမြင့် ဦးဆောင်သည့် လမ်းပြကြယ် အဖွဲ့ဝင် ရ၂,၀၀၀ သည် မကြာမီ ရက်ပိုင်းအတွင်း အမျိုးသား ဒီမိုကရေစီ အင်အားစု NDF ပါတီသို့ ဝင်ရောက်ကြမည်် ဖြစ်ပြီး တရားဝင် ပါတီဝင် လျှောက်လွှာပေးအပ်ပွဲ ကို ရန်ကုန်မြို့ရှိ City Star ဟိုတယ်၌ ဇွန်လ ၂၉ ရက်နေ့တွင် ပြုလုပ်မည် ဖြစ်ကြောင်း NDF ဥက္ကဋ္ဌ ဦးခင်မောင်ဆွေ က ပြောသည်။
“လမ်းပြကြယ်က ဦးအေးမြင့် ကိုယ်တိုင် ၁၆ ရက်နေ့တုန်းက လုပ်တဲ့ ကျနော်တို့ပါတီ ဗဟိုဦးစီးအစည်းအဝေး မှာ ကိုယ်တိုင် လာပြောသွားပါတယ်။ သူနဲ့အတူ အဖွဲ့ဝင်အင်အား ရ၀,၀၀၀ ကျော် NDF ပါတီကို ဝင်မယ်လို့ ကတိပေးသွား ပါတယ်။ ကျနော်တို့ပါတီကို သူအနေနဲ့ အပြင်ကနေ ဝန်းရံနေတာ နှစ်နှစ် ဝန်းကျင် ရှိပါပြီ။ အခုအခါမှာတော့ အထဲက ဝင်ပြီး ဆောင်ရွက်ဖို့ အချိန်တန်ပြီလို့ သူကိုယ်တိုင် ပြောသွားပါတယ်” ဟု မဇ္စျိမကို ပြောသည်။
ထိုလမ်းပြကြယ် အင်အားစု ခုနှစ်သောင်း ကျော်မှာ ပဲခူးတိုင်း လေးမြို့နယ်နှင့် ဧရာဝတီတိုင်း၊ မွန်ပြည်နယ်မှ အင်အားစု များ ဖြစ်ကြပြီး လက်ရှိ၌မူ NDF ပါတီသည် အဖွဲ့ဝင်အင်အား တသောင်းကျော်သာ ရှိသည်ဟု ဦးခင်မောင်ဆွေ က ပြောသည်။
ထိုသို့ လူအင်အား အလုံးအရင်းဖြင့် ဝင်ရောက်လာသည့် လမ်းပြကြယ်အဖွဲ့ တည်ထောင်ခဲ့သူ ဦးအေးမြင့်အား NDF မှ ဗဟိုဦးစီး တာဝန် ပေးအပ်ရန် ရှိကြောင်း သိရသည်။
“ဒီ ရ၂,ဝဝဝ က စိတ်ပါလက်ပါ ဝင်ရောက်မယ့် တိုင်းနဲ့ ပြည်နယ် သုံးခုက အဖွဲ့ဝင် အင်းအားပဲ ဖြစ်ပါတယ်။ လမ်းပြကြယ်ရဲ့ အဖွဲ့ဝင် အားလုံး မဟုတ်သေးဘူး ခင်ဗျ။ ကျနော်နဲ့အတူ NDF ကို ဝင်ချင်တဲ့ လူတွေကိုလည်း စိတ်ပါမှ ဝင်ဖို့ ကျနော် ပြောပါတယ်။ ကျနော်ကိုယ်တိုင်လည်း NDF ပါတီရဲ့ လုပ်ငန်းစဉ်ကို သဘောကျတယ်။ ပြည်သူ အားကိုးထိုက်တဲ့ ပါတီတခု ဖြစ်အောင်၊ အင်အားတောင့်တဲ့ ပါတီတခု ဖြစ်အောင် ကျနော် အားပေးတာပါ။ NDF ပါတီ ခေါင်းဆောင်တွေရဲ့ ဦးဆောင်မှု အရည်အချင်းကို လေးစားတာလည်း ပါပါတယ်” ဟု လမ်းပြကြယ် အဖွဲ့၏ခေါင်းဆောင် ဖြစ်သူ ဦးအေးမြင့် က မဇ္စျိမကို ပြောသည်။
မြေယာ အသိမ်းခံရသည့် လယ်သမားများ၏ အရေး၊ ကလေးစစ်သားအရေး၊ လူ့အခွင့် အရေးနှင့် အောက်ခြေ လူတန်းစားများ၏ အရေးကို လိုက်လံ ဆောင်ရွက်ပေးရန် လမ်းပြကြယ် အဖွဲ့ကို၂ဝဝ၆ ခုနှစ်တွင် စတင် ဖွဲ့စည်းခဲ့ ပြီးနောက် ပြည်နယ်နှင့် တိုင်း အားလုံး၌ အဖွဲ့ဝင်အင်အား စုစုပေါင်း ၅ သိန်းကျော်ခန့် ရှိသည်ဟု ဦးအေးမြင့်က ဆိုသည်။
NDF သည် ၂ဝ၁ဝ ကြားဖြတ် ရွေးကောက်ပွဲတွင် လွှတ်တော် ကိုယ်စားလှယ် ၁၆ ဦး အနိုင်ရရှိခဲ့သည်။ ထိုထဲတွင် လွှတ်တော် ကိုယ်စားလှယ် တဦးကွယ်လွန်ခဲ့၍ ၁၅ ဦးသာ ကျန်ရှိစဉ်တွင် သင်္ကန်းကျွန်းကိုယ်စား လှယ် ဦးသိန်းညွန့်ခေါင်းဆောင်၍ ကိုယ်စားလှယ် ၄ ဦး နုတ်ထွက်ကာ ပါတီသစ် ထောင်သွားကြသည်။
၂၀၁၂ ကြားဖြတ် ရွေးကောက်ပွဲ အပြီးတွင်လည်း ဒေါက်တာ မြတ်ဉာဏစိုး၊ ဒေါက်တာ သန်းဝင်း နှင့် ဦးခင်မောင်ဝင်း တို့ ကိုယ်စားလှယ် သုံးဦးက NLD ပါတီသို့ ထပ်မံ ကူးပြောင်း သွားခဲ့သည်။ ထို့ကြောင့် လက်ရှိ၌ NDF ပါတီတွင် လွှတ်တော် ကိုယ်စားလှယ် ရှစ်ဦးသာ ကျန်ရှိကြောင်း သိရှိရသည်။
NDF ပါတီမှ အခြား နိုင်ငံရေး ပါတီသို့ ကူးပြောင်းသွားသည့် ပါတီဝင်များမှာ ရာဂဏန်းခန့် ရှိပြီး အများစုမှာ ပါတီ ထိပ်ပိုင်းခေါင်းဆောင်များ ဖြစ်ကြောင်း ဦးခင်မောင်ဆွေ ပြောပြချက်အရ သိရှိရသည်။