ရွှေကုမ္ပဏီ ၃၀၀ အား သတ္တုတွင်းဝန်ကြီးဌာနက သတိပေး

ရွှေကုမ္ပဏီ ၃၀၀ အား သတ္တုတွင်းဝန်ကြီးဌာနက သတိပေး
by -
မဇ္ဈိမ

ပြည်နယ်နှင့်တိုင်းအလိုက် ရွှေထုတ်လုပ်သည့် လုပ်ငန်းလုပ်ကိုင်သည့် ကုမ္ပဏီပေါင်း ၃၀၀ ကိုသတ်မှတ်ထား သည့်အတိုင်း နိုင်ငံတော်သို့ ရွှေစင်သတ္တုများ ပေးသွင်းရန် အမှတ် ၂ သတ္တုတွင်းဝန်ကြီးဌာနမှ ဆက်တိုက် သတိပေးလိုက်သည်။

gold
ရွှေသတ္တု အသေးစားတူးဖော်ရေးလုပ်ငန်း ဆောင်ရွက်နေသည့် ထိုကုမ္ပဏီများသည် ၂ဝဝ၇- ၂ဝဝ၈ ခုနှစ် ဘဏ္ဍာရေးနှင့်မှ ၂ဝ၁ဝ-၂ဝ၁၁ ခုနှစ်ဘာဏ္ဍာရေးနှစ်အထိ သတ်မှတ်ချက်အတိုင်း ပေးသွင်းရမည်ထက် လျော့နည်းပေးသွင်းခြင်း၊ လုံးဝ ပေးသွင်းမှု မရှိခြင်းတို့ကြောင့် မေလ ၃ဝ ရက်နေ့ နောက်ဆုံးထား၍ လာရောက်ပေးသွင်းကြရန် မေလ ၂၄ နှင့် ၂၅ ရက်နေ့ထုတ် နိုင်ငံပိုင်းသတင်းစာမှတဆင့်သတိပေးကြေညာ သည်။

ထိုသို့ အပြည့်မပေးနိုင်ရခြင်းမှာ နိုင်ငံရေး မတည်ငြိမ်မှု အပါအဝင် အခက်အခဲအမျိုးမျိုးကြောင့် ဖြစ်ကြောင်း ပင်လယ်နေကြယ် ကုမ္ပဏီပိုင်ရှင်ဖြစ်သည့် ကချင်ပြည်နယ် ဆွမ်ပရာမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စား လှယ် ဦးခမိုင်တန်က ပြောသည်။

“ကျနော်တို့က တတ်နိုင်သလောက်တော့ ထည့်တာပဲ။ ကျနော်တို့လည်း နိုင်ငံရေးနဲ့ ပတ်သက်ပြီးတော့လည်း လုပ်ရတာပဲ။ ရွှေလည်း မထွက်၊ အခက်အခဲတွေက အမျိုးမျိုးပဲ။ ရေကြီးလို့ ရွှေမတူးနိုင်တာတမျိုး။ နိုင်ငံရေးကြောင့် တိုက်ပွဲတွေ ဖြစ်တာကကြောင်း။ အဲဒါတွေကြောင့် ကျနော်တို့ မထည့်နိုင်တာ”ဟု မဇ္စျိမကို ပြောသည်။

၎င်း၏ကုမ္ပဏီမှာ နိုင်ငံတော်အား ပေးသွင်းရန် ရွှေစင်ကျပ်သား ၃၃ဝ ကျော် ကျန်ရှိနေသေးသည်ဟု သတင်းစာတွင်ဖော်ပြပါရှိသည်။

“ကျနော်တို့ (ဝန်ကြီးဌာနနှင့်ချုပ်ဆိုသည့်) စာချုပ်မှာ ဥပဒေအရဆိုရင်တော့ ရေ၊ လေ၊ မြေပြိုခြင်း တားဆီးလို့ မရတဲ့ ရန်သူများကို မြင်နိုင်၊ မမြင်နိုင်တဲ့ ရန်သူများကို နှစ်ဦးနှစ်ဖက် ခွင့်လွတ်ရမယ်ဆိုပြီးတာ စာချုပ်မှာပါတယ်” ဟု ဦးခမိုင်တန် က ဆက်ပြောသည်။

ရွှေကုမ္ပဏီနှင့် သတ္တတွင်းဝန်ကြီးဌာနတို့ သဘောတူညီချက်၌ ဧက ၂ဝ မှာ ရွှေလုပ်ကွက်တခုအတွက် တလလျှင် သန့်စင်ပြီးရွှေ ၂ ကျပ်သားနှုန်းဖြင့် တနှစ်အတွက် ရွှေစင်သတ္တု ၂၄ ကျပ်သား နိုင်ငံတော်အစိုးရသို့ ပေးဆောင်ရသည်ဟု ပါရှိသည်။

ဝန်ကြီးဌာနမှ သတိပေးကြေညာချက်ထုတ်ပြန်ခံရသည့် ကုမ္ပဏီ ၃ဝဝ မှာ ကချင်ပြည်နယ်၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်၊ ရှမ်းပြည်နယ်၊ စစ်ကိုင်းတိုင်း၊ တနသာင်္ရီတိုင်း၊ ပဲခူးတိုင်း၊ မန္တလေးတိုင်းတို့မှ ရွှေတူးဖော်ရေး လုပ်ငန်းကုမ္ပဏီများဖြစ်ပြီး စစ်ကိုင်းတိုင်းနှင့် ကချင်ပြည်နယ်တို့တွင် အများဆုံးဖြစ်ကြသည်။

ပေးသွင်းရန် ကျန်ရှိနေသည့် ရွှေစင်များကို မေလ ၃ဝ ရက်နေအထိ လာရောက် မပေးဆောင်ပါက သက်ဆိုင်ရာ ကုမ္ပဏီများနှင့် လူပုဂ္ဂိုလ်များကိုလည်း အမည်ပျက်စာရင်း (Black list) အဖြစ် ကြေငြာသွားမည် ဖြစ်ကြောင်း သတ္ထုတွင်းဝန်ကြီးဌာန၊ အမှတ် ၂ သတ္တုတွင်းက သတိပေးလိုက်သည်။

အများဆုံး ပေးဆောင်ရန် ကျန်ရှိနေသည့် ကုမ္ပဏီမှာ ကရင်ပြည်နယ်ရှိ ဒေါ်နန်းနုနုထွေး၏ မြတ်အိန္ဒြေ ကုမ္ပဏီဖြစ်ပြီး ပေးဆောင်ရန် ရွှေစင် ၁,၁၅၃.၁၈ ကျပ်သား ဖြစ်ကြောင်း သိရသည်