ပြန်ကြားရေးနှင့် ယဉ်ကျေးမှု ဝန်ကြီး ဦးကျော်ဆန်းမှ တင်ပြခဲ့သော် စာနယ်ဇင်းကောင်စီ Press council ဖွဲ့စည်းရေး အချက်အလက်များထဲမှ အချို့ကို စာနယ်ဇင်း အဖွဲ့အစည်းသုံးဖွဲ့မှ ယနေ့ သောကြာနေ့မှာ ညှိနှိုင်း ဆွေးနွေးခဲ့ကြောင်း မြန်မာနိုင်ငံ သတင်းစာဆရာများ အသင်း MJA အထွေထွေအတွင်းရေးမျူး ဦးကိုကို (စက်မှု)က ပြောသည်။
ပြန်ကြားရေးနှင့် ယဉ်ကျေးမှု ဝန်ကြီး ဦးကျော်ဆန်းက စာနယ်ဇင်းကောင်စီ ဖွဲ့စည်းရေးနှင့် ပတ်သက်၍ ကမ်းလှမ်းချက် ကို မြန်မာနိုင်ငံ သတင်းစာဆရာများ အသင်း MJA၊ မြန်မာနိုင်ငံသတင်းသမားများ သမဂ္ဂ MJU၊ မြန်မာဂျာနယ်လစ် ကွန်ယက် MJN တို့နှင့် စာပေစိစစ်ရေးဌာနမှ တာဝန်ရှိသူများနှင့် ဆွေးနွေးညှိနှိုင်းခဲ့ခြင်း ဖြစ်သည်။
ယခုလ ၁၃ နှင့် ၁၄ ရက်များတွင် ဝန်ကြီး ဦးကျော်ဆန်းက စာနယ်ဇင်းကောင်စီ ဖွဲ့စည်းရေးအတွက် စာမျက်နှာ သုံးမျက်နှာပါ ကမ်းလှမ်းချက်များ အတိုင်းမဟုတ်ဘဲ စာနယ်ဇင်းအဖွဲ့အစည်း သုံးဖွဲ့မှ မိမိတို့ ပြန်လည် ပြင်ဆင် ချက်များကို ယခုလ မကုန်မီ ပြန်ကြားရေးဝန်ကြီးဌာနသို့ တင်ပြရန် သဘောတူညီခဲ့ သည်ဟု ဦးကိုကို(စက်မှု)က ပြောသည်။
“စာနယ်ဇင်းကောင်စီတရပ် ပေါ်လာရင် အဲဒီစာနယ်ဇင်းကောင်စီက ကြားဖြတ် ကာလဘဲ တာဝန်ယူမယ်။ အဲဒီ တာဝန်ယူတဲ့ အချိန်မှာ မီဒီယာလောတွေ၊ ဒီစာနယ်ဇင်း ကောင်စီကနေပြီးတော့ ကြီးကြပ် ကြီးမှူးပြီးတော့ မီဒီယာ သမားတွေ အားလုံး ပါဝင်လာအောင်လို့ ဦးစီးဆောင်ရွက်ဖို့ သဘောတူတာ။ ဒါတွေ ဆောင်ရွက်မယ် ဆိုရင်တော့ ဆက်သွားမှာပေါ့”ဟု သူက မဇ္စျိမကို ပြောသည်။
“သူတို့ချပေးတဲ့ အချက်အလက်တွေ စာမျက်နှာ သုံးမျက်နှာပါတဲ့ဟာကို တချို့ စာပေစိစစ်ရေးက ဆောင်ရွက်ရမဲ့ လုပ်ငန်းတွေ ပါနေတယ်။ အဲဒီလုပ်ငန်းတွေအပေါ်မှာ စာနယ်ဇင်းကောင်စီက လုပ်စရာ မလိုဘူး။ အဲဒါကို ပြောတဲ့ အခါမှာ မေ့လိုက်ပါ။ ခင်ဗျားတို့ လုပ်ချင်တာကို သုံးဖွဲ့က ပြန်တင်ပါလို့ ပြောတယ်”ဟု သူက ဆက်ပြောသည်။
စာနယ်ဇင်းကောင်စီ ဖွဲ့စည်းရေး မူအားဖြင့် သဘောတူထားသော်လည်း စာနယ်ဇင်းကောင်စီ ကြားဖြတ် ကာလမှာဘဲ တာဝန်ယူပြီး မီဒီယာသမား ဥပဒေများကို ထိုစာနယ်ဇင်းကောင်စီမှ ကြီးကြပ် ကြီးမှူးပြီး မီဒီယာသမားများ အားလုံး ပါဝင်ရေး ဦးစီးဆောင်ရွက်ရန် သဘောတူခဲ့သည်ဟု ဆိုသည်။
ထို့ပြင် မြန်မာဂျာနယ်လစ်ကွန်ယက် MJN ကလည်း စာနယ်ဇင်းကောင်စီ ပဏာမ ဖွဲ့စည်းရန် အပါအဝင် အချက်လေးချက် ကို သဘောတူညီလိုက်ကြောင်း မြန်မာဂျာနယ်လစ်ကွန်ယက် MJN က ယနေ့ ထုတ်ပြန်ထားသည်။
စာနယ်ဇင်းကောင်စီနှင့် ပတ်သက်သည့် အချက်အလက်များကို ပုံနှိပ်သတင်းစာ(Press) နှင့် သက်ဆိုင်သော အဖွဲ့အစည်းများကို ကိုယ်တိုင် ပြုစုရေးဆွဲခြင်း၊ စာနယ်ဇင်းကောင်စီ မပေါ်ပေါက်မီအတွင်း ပြန်ကြားရေး ဝန်ကြီး ဌာနမှ ရေးဆွဲထားသည့် မီဒီယာဥပဒေအား လွှတ်တော်သို့ တင်ပြအတည်ပြုခြင်း မပြုသေးရန်၊ စာနယ်ဇင်း ကောင်စီအား စာပေစိစစ်ရေးမှ အစားထိုးခြင်း မဟုတ်ကြောင်းနှင့် သမ္မတရုံးမှ အသိအမှတ် ပြုရေးတို့ကို စာပေစိစစ်ရေးဌာနမှ တာဝန်ရှိသူများနှင့် သဘောတူညီခဲ့သည်ဟု ကြေငြာချက်တွင် ပါဝင်သည်။
စာနယ်ဇင်းကောင်စီ ဖွဲ့စည်းပြီးနောက် စာပေစိစစ်ရေးနှင့် မှတ်ပုံတင်ဌာနသို့ တင်ပြရန် လိုနေသေးသော သတင်းနှင့် သဘာရေးဆိုင်ရာ ဂျာနယ်နှင့် မဂ္ဂဇင်းများကို စာပေစိစစ်ရေးနှင့် မှတ်ပုံတင်ဌာနသို့ တင်ပြရ်န မလိုတော့ဘဲ ထုတ်တင် စနစ်အဖြစ် တိုက်ရိုက် ထုတ်ဝေခွင့်ပြုမည်ဟု ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန ဒုညွန်ကြားရေးမှူးချုပ် ဦးတင့်ဆွေက မကြာမီက မဇ္စျိမကို ပြောသည်။
ယခုတပတ် အဂါင်္နေ့ ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် စတုတ္ထအဆင့်အဖြစ် ဝတ္ထုစာမူကြမ်းများကို စာပေစိစစ်ရေးနှင့် မှတ်ပုံတင်ဌာနသို့ တင်ပြရန် မလိုတော့ဘဲ ထုတ်တင်စနစ်အဖြစ် တိုက်ရိုက် ထုတ်ဝေခွင့် ပြုခဲ့သည်