စာနယ်ဇင်းကောင်စီ ဇွန်လတွင် ဖွဲ့မည်ဟုဆို

စာနယ်ဇင်းကောင်စီ ဇွန်လတွင် ဖွဲ့မည်ဟုဆို
by -
မဇ္ဈိမ

မြန်မာနိုင်ငံတွင် စာနယ်ဇင်းကောင်စီ Press Courncil ကို ပြည်တွင်း စာနယ်ဇင်းသမားများ ပါဝင်ကာဇွန်လ အတွင်း ဖွဲ့စည်းမည်ဟု ပြန်ကြားရေး ဝန်ကြီး ဦးကျော်ဆန်း က ပြောဆိုလိုက်ကြောင်း သိရသည်။

ထိုကောင်စီတွင် မြန်မာဂျာနယ်လစ်ကွန်ယက် MJN၊ မြန်မာနိုင်ငံ သတင်းစာဆရာအသင်း MJA နှင့် မြန်မာ နိုင်ငံ သတင်းစာဆရာများသမဂ္ဂ-MJU တို့မှ ကိုယ်စားလှယ်များ ပါဝင်စေလိုပြီး ဇွန်လတွင် သမ္မတ ဦးသိန်းစိန်က အတည်ပြုမည်ဟု မြန်မာ့အသံနှင့် ရုပ်မြင်သံကြား ဌာနတွင် တနင်္လာနေ့က ပြုလုပ်သည့် ဆွေးနွေးပွဲတွင် ဝန်ကြီးက ပြောဆိုခဲ့ကြောင်း MJN အမှုဆောင် ကော်မတီဝင် ကိုသူရိန်လှိုင်က ပြောသည်။

“ပီစီဖွဲ့ဖို့ကတော့ ကိုယ်စားလှယ်စာရင်း တောင်းတာပေါ့။ ၆ ယောက်လောက်လို့ တောင်းတာ။ သူတို့ကတော့ မီဒီယာ ဥပဒေ မူကြမ်းအရ ဒါကို ဖွဲ့မယ်လို့ ပြောတယ်။ ကြည့်ရတာ မီဒီယာဥပဒေကြမ်းမှာ ထည့်ဆွဲထား တယ်။ ဒါပေမယ့် အဲဒီ media law က ကျနော်တို့ မသိရသေးဘူး” ဟု မဇ္စျိမကို ပြောသည်။

ထိုသို့ မီဒီယာ ဥပဒေအရ စာနယ်ဇင်း ကောင်စီ ဖွဲ့စည်းရေးအတွက် စာနယ်ဇင်း သမားများအား ယခုကဲ့သို့ ခေါ်ယူ တွေ့ဆုံခြင်းဖြစ်ကြောင်း ဂျာနယ်အယ်ဒီတာတဦးက ပြောသည်။

“MJN နဲ့ MJU က ဒီနေ့ တွေ့တယ်။ ဝန်ကြီးက ဝတ္ထုတွေကို လျှော့ပေါ့ခွင့်ပြုမယ့် အကြောင်း ပြောတယ်။ သတင်းနဲ့ ဘာသာရေးပဲ ကျန်မယ်။ နောက် မီဒီယာ ဥပဒေ မူကြမ်းကို ဇွန်အပြီး လုပ်မယ်။ ဇူလိုင်မှာ လွှတ်တော် တင်မယ်။ အဲဒီဥပဒေ အခန်း ၄ မှာ ပါတဲ့ press council ကို ဖွဲ့ဖို့ ကိုယ်စားလှယ်တွေကို ခေါ်တွေ့တာ” ဟု မဇ္စျိမကို ပြောသည်။

တနင်္ဂနွေနေ့တွင် MJA အသင်း ကိုယ်စားလှယ်များနှင့် တွေ့ဆုံခဲ့ပြီး တနင်္လာနေ့တွင် MJN နှင့် MJU ကိုယ်စားလှယ်များ နှင့် ထပ်မံ တွေ့ဆုံ၍ ထိုသို့ ပြောဆိုလိုက်ခြင်း ဖြစ်သည်။

ထို့ပြင် စာပေစိစစ်ရေးဌာနအနေနှင့် သတင်းနှင့် ဘာသာရေးဆိုင်ရာများမှအပ အခြား ဂျာနယ်၊ မဂ္ဂဇင်းများကို ထုတ်တင်စနစ်သို့ ခွင့်ပြုမည် ဖြစ်ပြီး သတင်းနှင့် ဘာသာရေး ဂျာနယ်နှင့် မဂ္ဂဇင်းများကိုလည်း ဇွန်လမှာ ထုတ်တင် စနစ်သို့ ထုတ်ဝေခွင့်ပြုမည် ဖြစ်ကြောင်း ဝန်ကြီးဦးကျော်ဆန်းအား ကိုးကား၍ မြန်မာဓန အယ်ဒီတချုပ် ဦးသီဟစော က ပြောသည်။

“အကြမ်းမျဉ်းက ဇွန်လမှာ အကုန်လုံး ထုတ်တင်ဖြစ်သွားမယ်။ အသင်းတွေကနေ ကိုယ်စားလှယ် လုပ်ပြိီးတော့ ဖွဲ့ပါ။ ကျနော်တို့ကလည်း ဆွေးနွေးပြီးတော့ ဆုံးဖြတ်မယ်”ဟု မဇ္စျိမကို ပြောသည်။

အဆိုပါ စာနယ်ဇင်း သုံးဖွဲ့ အနေဖြင့် စာနယ်ဇင်းကောင်စီအဖွဲ့တွင် ပါဝင်ရေးကို သက်ဆိုင်ရာ အဖွဲ့တွင်း ပြန်လည် ဆွေးနွေးကာ မေလကုန်တွင် အကြောင်းပြန်ကြားမည် ဖြစ်ကြောင်း ဆွေးနွေးပွဲ တက်ရောက်သူများက ပြောသည်။

တနင်္လာနေ့ ဆွေးနွေးပွဲတွင် ပြန်ကြားရေးနှင့် ယဉ်ကျေးမှု ဝန်ကြီး ဦးကျော်ဆန်း အပါအဝင် ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေး ဦးစီးဌာနမှ ဒု-ညွန်ကြားရေးမှူးချုပ် ဦးတင့်ဆွေ၊ ဒုညွန်ချုပ် ဗိုလ်မှူးဟောင်း ဦးမျိုးမြင့်မောင်၊ ပုံနှိပ်ထုတ်ဝေ ရေးမှ ဦးရဲတင့်တို့ တက်ရောက် ဆွေးနွေးခဲ့သည်ဟု သိရသည်။

ထိုစာနယ်ဇင်းကောင်စီအား လာလည့် ဇွန်လမှာ ဖွဲ့စည်းရေးနှင့် ပတ်သက်၍ ဒု-ညွန်ကြားရေးမှူးချုပ် ဦးတင့်ဆွေအား မဇ္စျိမမှ မေးမြန်းရန် ဆက်သွယ်ခဲ့သော်လည်း မရခဲ့ပေ။

စာပေကင်ပိုင်တိုင်ဟု နာမည်ကျော်ကြားခဲ့သော ပြန်ကြားရေးဝန်ကြီးဌာန လက်အောက် စာပေစိစစ်ရေးနှင့် မှတ်ပုံတင် ဌာနကို ဖျက်သိမ်းပေးရမည်ဟု ဦးတင့်ဆွေ က ၎င်း၏ Facebook တွင် ရေးသားထားသည်။

“အလုံးစုံသော စာပေစိစစ်ခြင်း လုပ်ငန်းတို့သည် လုံးဝဥဿံု ဖျက်သိမ်းပေးရမည် ဖြစ်သည်။ မကြာမတင် သောကာလ အတွင်းတွင် ညွှန်ကြားချက်၊ ဥပဒေအသစ်တို့သည် မုချမလွဲမသွေထွက်ပေါ်လာတော့မည် ဖြစ်သည်။ ကြီးစွာသော အန္တရာယ် ဒုက္ခနှင့် အတားအဆီးတို့ကို တွေ့ကြံုခံစားခဲ့ရသည့် စာပေသမားများသည် အမှောင်တွင်းမှ အမှန်တကယ် လွတ်ကင်းပါတော့မည်”ဟု ဆောင်းပါးတပုဒ် ရေးသားထားသည်။

ထို့ပြင် “တနည်းအားဖြင့် ကျနော်၏ ဆောင်းပါးသည် အသက်ငင်နေပြီဖြစ်သော စာပေကင်ပေတိုင်တဦး၏ မှာတမ်းဟု ဆိုခဲ့လျှင်လည်း စေတနာ အပြည့်ဖြင့် ဦးညွှတ် ခံယူလိုက်ပါသည်”ဟုလည်း နောက်ဆုံးတွင် ရေးသားထားသည်။

မနက်ဖြန် အင်္ဂါနေ့တွင် ထုတ်တင်စနစ်သို့ အချို့ ဂျာနယ်နှင့် မဂ္ဂဇင်းများကို ထုတ်တင်စနစ်သို့ ထုတ်ဝေ ခွင့်ပြုရေးနှင့် ပတ်သက်၍ စာပေစိစစ်ရေးနှင့် မှတ်ပုံတင်ဌာနက သတင်းစာရှင်းလင်းပွဲ ပြုလုပ်မည် ဖြစ်ကြောင်း သိရသည်။