၂၀၁၂ သင်ခန်းစာဖြင့် ၂ဝ၁၅ အတွက် ကြံ့ဖွံ့ပါတီ ကြိုတင်ပြင်ဆင်

၂၀၁၂ သင်ခန်းစာဖြင့် ၂ဝ၁၅ အတွက် ကြံ့ဖွံ့ပါတီ ကြိုတင်ပြင်ဆင်
by -
မဇ္ဈိမ

ကြားဖြတ်ရွေးကောက်ပွဲ ရလဒ်အရ ပြည်သူလူထုက ကြံ့ခိုင်ရေးပါတီကို ယုံကြည်မှု မရှိခြင်း၊ မီဒီယာများနှင့် ဆက်ဆံမှု အားနည်းခြင်း၊ ပါတီဝင်များ၏ ချို့ယွင်းချက်စသည့် သင်ခန်းစာများရရှိခဲ့ပြီး ၂ဝ၁၅ ရွေးကောက်ပွဲတွင် ထိုအားနည်းချက်များကို ပြင်ဆင်သွားမည်ဟု ကြံ့ခိုင်ရေးပါတီ၏ အထွေထွေ အတွင်းရေးမှူး ဦးဌေးဦးက မဇ္ဈိမကို ပြောသည်။

ကြားဖြတ်ရွေးကောက်ပွဲ သင်ခန်းစာများရရှိခဲ့ပြီး ၂ဝ၁၅ ရွေးကောက်ပွဲတွင် ထိုအားနည်းချက်များကို ပြင်ဆင်သွားမည်ဟု ကြံ့ခိုင်ရေးပါတီ၏ အထွေထွေ အတွင်းရေးမှူး ဦးဌေးဦး ပြော (ဓါတ်ပုံ မဇ္စျိမ)

“အဓိက ကတော့ ကျနော်တို့ လုပ်ဆောင်မှုကို လူထုက မယုံကြည်တာပေါ့။ နားမလည်တာပေါ့။ ဒါကတော့ အဓိက ဖြစ်မှာပေါ့လေ။ နောက်တခုကတော့ မီဒီယာ လှုံ့ဆော်မှုပေါ့။ မီဒီယာ လှုံ့ဆော်မှုကတော့ ကျနော်တို့မှာ တော်တော်ကြီး ကို အားနည်းတယ်။ ဒါလည်းပဲ ကျနော်တို့ရဲ့ အားနည်းချက်ထဲမှာ တခုပါတယ်လို့ ကျနော်မြင်တယ်။ (ပါတီဝင်) တချို့လည်း ကျနော် ပွင့်ပွင့်လင်းလင်း ပြောရရင် မကြိုက်တဲ့လူတွေ ရှိချင်ရှိမှာပေါ့။ လူထုနဲ့ သဟဇာတ မဖြစ်တဲ့ လူမျိုးလည်း ရှိနိုင်တာပေါ့။ ဒီလိုမျိုးကျတော့ ကျနော်တို့ လဲရမှာပေါ့” ဟု ပါတီတွင်း အားနည်းမှုများနှင့် ၂ဝ၁၅ ရွေးကောက်ပွဲ အတွက် ကြိုတင်ပြင်ရန် အချက်များကို ဦးဌေးဦးက ပြောသည်။

ထို့အပြင် ကြံ့ခိုင်ရေးပါတီ၏ ကျေးလက်စည်းရုံးရေးကိုလည်း စွမ်းရည်ရှိသည့် စည်းရုံးရေးမှူးများကို ထပ်မံဖြည့်စွက်၍ ၂၀၁၅ အတွက် ပြင်ဆင်သွားမည်ဟု ဦးဌေးဦးက ပြောသည်။

“အခြေခံအကျဆုံးကတော့ ကျေးလက်ဒေသမှာရှိတဲ့ စည်းရုံးရေးမှူးတွေပါပဲ။ သူတို့ဆီကနေပြီးတော့ လူထုကို တဆင့် ကျနော်တို့ လုပ်ချင်တဲ့ ဥစ္စာတွေ၊ ကျနော်တို့ လုပ်နေတဲ့ ဥစ္စာတွေကို အသိပေးရတာပေါ့။ ကျေးလက် ဒေသမှာရှိတဲ့ စည်းရုံးရေးမှူးတွေက စွမ်းအားရှိဖို့လိုတာပေါ့။ အဲဒီအတွက် ပိုပြီးတော့ စွမ်းအားရှိတဲ့လူတွေကို ကျနော်တို့ ဆောင်းမှာ ပေါ့” ဟု မဇ္ဈိမကို ပြောသည်။

ဧပြီ ၁ ရက်နေ့တွင် ကျင်းပခဲ့သည့် ကြားဖြတ်ရွေးကောက်ပွဲတွင် အနိုင်ရခဲ့သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ကမူ ရွေးကောက်ပွဲတွင် အဓိက အားနည်းချက်မှာ မဲစာရင်းများ မှားယွင်းမှုဟု ထောက်ပြပြောဆိုလိုက်ပြီး ၂ဝ၁၅ အထွေထွေ ရွေးကောက်ပွဲတွင် ထိုဖြစ်ရပ်များ ထပ်မံဖြစ်ပေါ်မလာနိုင်အောင် ကြိုးပမ်းသွားမည်ဟု လွှတ်တော်အမတ် ဒေါက်တာ ဒေါ်မေဝင်းမြင့်က ပြောသည်။

“အန်တီ့မဲဆန္ဒနယ် မရမ်းကုန်းမှာဆိုရင် မဲဆန္ဒရှင်စာရင်းတွေ အများကြီး ကျန်ခဲ့တာရှိတယ်။ ဒါကြောင့် ၂ဝ၁၅ မှာ ဆိုရင်တော့ ဒီလို မကျန်ရအောင် အဲဒီသင်ခန်းစာတော့ ရလိုက်တယ်။ ၂ဝ၁၅ အတွက်ကတော့ မဲစာရင်း မကျန်ရေး ကတော့ အန်တီ့အတွက် အဓိကလိုအပ်ချက်ပါပဲ” ဟု မဇ္ဈိမကို ပြောသည်။

ကြားဖြတ်ရွေးကောက်ပွဲတွင် လစ်လပ်မဲဆန္ဒနယ် ၄၅ တွင် ကျင်းပခဲ့သည့်အနက် NLD သည် ၄၃ နေရာ အနိုင်ရရှိခဲ့ပြီး ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီနှင့် ကြံ့ခိုင်ရေးပါတီတို့က ၁ နေရာစီ အနိုင်ရရှိ ခဲ့ကြသည်။

NLD ကြားဖြတ်ရွေးကောက်ပွဲ အောင်နိုင်ရခြင်းအား ဆူနာမီလှိုင်းကြီးဖြင့် ဥပမာပေးကာ ထိုလှိုင်းကြီးအား
နောင်ရွေးကောက်ပွဲ အတွက် NLD က ဆက်လက် ထိန်းသိမ်းနိုင်မှု ရှိ/မရှိအပေါ် မူတည်ကြောင်းလည်း မေလ ၂ ရက်နေ့က လွှတ်တော် သတင်းထောက်အများ အမေးကို ဦးဌေးဦး က ဖြေကြားသွားခဲ့သည်။

Most read this week