ရန်ကုန်ရှိ လူငယ်သတင်းစာဆရာ အများစုဖြင့် ဖွဲ့စည်းထားသည့် Myanmar Journalists’ Network (Yangon) က သတင်းသမားများ၏ အခြေခံ အခွင့်အရေးများအား ကာကွယ်ရန် နည်းလမ်းများနှင့် ပတ်သက်၍ ဗုဒ္ဓဟူးနေ့တွင် ဆွေးနွေးခဲ့ကြကြောင်း 7 day ဂျာနယ်မှ သတင်းထောက် ကိုအောင်သူရ က ပြောသည်။
ဗဟန်းမြို့နယ်၊ ယုဇနဟိုတယ်တွင် ပြုလုပ်သည့် အဆိုပါ MJN ဆွေးနွေးပွဲအတွင်း အဖွဲ့၏ ဖွဲ့စည်းပုံပါ အခြေခံ အခွင့်အရေး ကာကွယ်ရန်ကိစ္စအား ပြင်ဆင်ရေးဆွဲရန် ဆုံးဖြတ်လိုက်ကြခြင်း ဖြစ်သည်။
“အခန်း ၁ မှာ သတင်းသမားများ၏ အခြေခံ အခွင့်အရေးကို ကာကွယ်ပါမည်ဆိုတဲ့ လုပ်ဆောင်ချက် အချက် လေးချက် ရှိတယ်။ အဲဒီ လေးချက်ထဲက ပထမဆုံးအချက်က သတင်းသမားများ၏ အခြေခံ အခွင့်အရေးကို ဘယ်လို ကာကွယ် မလဲဆိုတာ ဆွေးနွေးတယ်။ အဲဒီအချက်ကို သေချာပြန်ပြင်မှာ။ ပြင်ဖို့ သဘောတူလိုက်တယ်” ဟု အဖွဲ့၏ ဖွံဖြိုးရေး လုပ်ဆောင်ပေးနေသူ ကိုအောင်သူရ က မဇ္စျိမကို ပြောသည်။
၂ဝ၁၂ ခုနှစ်အတွက် လုပ်ငန်းကော်မတီကို အဖွဲ့ဝင် သတင်းစာသမား ၁ဝ၅ ဦးအနက် မဲပေးရွေးချယ်ခံရသည့် ၁၇ ဦးကို တွေ့ရစဉ် (ဓါတ်ပုံ ပိုင်စိုးဦး)
ဆွေးနွေးပွဲမှ ၂ဝ၁၂ ခုနှစ်အတွက် လုပ်ငန်းကော်မတီကို အဖွဲ့ဝင် သတင်းစာသမား ၁ဝ၅ ဦးအနက် ၁၇ ဦးအား မဲပေး ရွေးချယ်ခဲ့သည်။
MJN ကို သတင်းစာဆရာ ၃၅ ဦးဖြင့် လူမှုရေးနှင့် သတင်းသမားများ ဖွံ့ဖြိုးတိုးတက်လာစေရေးအတွက် ရည်ရွယ်၍ စတင်ဖွဲ့စည်းခဲ့သည်။ ဖွဲ့စည်းပြီး ရှစ်လကြာ ကာလအတွင်း သတင်းသမားများကျင့်ဝတ်နှင့် သတင်းစာရှင်းလင်းပွဲ သွားရာတွင် မည်သို့ ပြင်ဆင်ထားသည့် ပညာရပ်များဆိုင်ရာ ရက်တိုသင်တန်းများ ပို့ချပေးနိုင်ခဲ့သည်။
ထို့ပြင် သတင်းစာဆရာကြီး မောင်ဝံသနှင့် ပြည်ပမှ ပြန်လာကြသည့် ဒေါက်တာ ဇော်ဦး၊ ဒေါက်တာတင်မောင်သန်း၊ ဥိီးဘိုဘိုကျော်ငြိမ်းတို့နှင့် ဟောပြောပွဲများလည်း ကျင်းပပေးခဲ့သည်ဟု ကိုအောင်သူရက ပြောသည်။
ရန်ကုန်၊ မန္တလေး၊ အခြားမြို့များနှင့် ရခိုင်ပြည်နယ်တွင်းတွင် ကွန်ယက်များ စတင်ဖွဲ့စည်းထားပြီး ဖြစ်ကြောင်း သိရသည်။
MJN သည် အစိုးရသစ် တက်လာပြီးနောက် မြန်မာနိုင်ငံတွင် ပထမဆုံးဖွဲ့သည့် သတင်းစာဆရာအသင်းဖြစ်ပြီး
မြန်မာနိုင်ငံ သတင်းစာဆရာများအသင်းနှင့်အတူ လက်တွဲဆောင်ရွက်သွားမည်ဟု ပြည်သူ့ခေတ်ဂျာနယ် အတိုင်ပင်ခံ အယ်ဒီတာ မောင်ဝံသ က ဆွေးနွေးပွဲတွင် ပြောကြားသွားသည်။
မြန်မာနိုင်ငံ သတင်းစာဆရာများအသင်း ဖြစ်မြောက်ရေးကော်မတီကို ဧပြီလ ၅ ရက်နေ့က ပြည်တွင်းပြည်ပမှ သတင်းစာဆရာ ၈ဝ ဖြင့် ဖွဲ့စည်းထားသည်။
အသင်းကို စာနယ်ဇင်း လွတ်လပ်ခွင့် ထွန်းကားရေးရှေးရှု၍ လူ့အဖွဲ့အစည်းအတွက်လည်းကောင်း၊ သိက္ခာရှိသော စတုတ္ထ မဏ္ဍိုင် ဖြစ်တည်ရေးအတွက်လည်းကောင်း ဆောင်ရွက်သွားနိုင်ရန်အတွက် သီးခြားလွတ်လပ်သည့် မြန်မာနိုင်ငံ သတင်းစာဆရာများအသင်း ဖြစ်မြောက်ရေးအတွက် လုပ်ဆောင်သွားမည်ဟု သိရသည်။
အစိုးရ ပြန်ကြားရေးဝန်ကြီးဌာနနှင့် International Media Support အဖွဲ့တို့မှ ကြီးမှူး၍ အသံလွှင့်မီဒီယာ နည်းဥပဒေ ဆွေးနွေးပွဲတခုကို နေပြည်တော်တွင် ဧပြီလ ၂၃ ရက်နေ့က လည်းကောင်း၊ ပုံနှိပ်မီဒီယာ နည်းဥပဒေ ဆွေးနွေးပွဲ (Print Media Regulation Workshop) ကို ဧပြီလ ၂၅ ရက်နေ့ နံနက်ပိုင်းက ရန်ကုန်မြို့ ကန်တော်ကြီးပတ်လမ်းရှိ Chatrium Hotel တွင်လည်းကောင်း ကျင်းပခဲ့ပြီး ပြည်တွင်း မီဒီယာသမားများ တက်ရောက်ခဲ့ကြသည်။