ကျမ်းသစ္စာဆိုချက်ကိစ္စ ပြေလည်မည်ဟု ဒေါ်စု ယုံကြည်

ကျမ်းသစ္စာဆိုချက်ကိစ္စ ပြေလည်မည်ဟု ဒေါ်စု ယုံကြည်
by -
မဇ္စျိမ

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ကိုယ်စားလှယ်များ လွှတ်တော် တက်ရေးအတွက် ညှိနှိုင်းနေဆဲ ဖြစ်သည့် ကျမ်းသစ္စာဆိုချက်ပါ အသုံးအနှုန်း ကိစ္စ မကြာမီ ပြေလည်မှု ရရှိမည်ဟု မျှော်လင့်ကြောင်း NLD ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုလိုက်သည်။

NLD ကိုယ်စားလှယ်များ လွှတ်တော် တက်ရေးအတွက် ညှိနှိုင်းနေဆဲဖြစ်သည့် ကျမ်းသစ္စာဆိုချက်ပါ အသုံးအနှုန်း ကိစ္စ မကြာမီ ပြေလည်မှု ရရှိမည်ဟု မျှော်လင့်ကြောင်း NLD ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ပြောဆို (ဓါတ်ပုံ မဇ္စျိမ)

ကြာသပတေးနေ့ နံနက်က တက္ကသိုလ်ရိပ်သာလမ်း နေအိမ်တွင် အီတလီ နိုင်ငံခြားရေးဝန်ကြီး Mr. Giulio Terzi နှင့် လက်ခံတွေ့ဆုံအပြီး သတင်းစာရှင်းလင်းပွဲ၌ လွှတ်တော်တက်ရေး ကိစ္စနှင့် ပတ်သတ်၍ သတင်းထောက်တဦး၏ မေးမြန်းမှုကို ဒေါ်အောင်ဆန်းစုကြည်က ပြန်လည် ပြောဆိုခဲ့ခြင်း ဖြစ်သည်။

“ပြဿနာက သိပ်မကြာခင်မှာပဲ အားလုံး အခက်အခဲမရှိ အဆင်ပြေသွားပါလိမ့်မယ်”  ဟု NLD ဥက္ကဋ္ဌ က ပြောသည်။

လွှတ်တော်အမတ်များ ကျမ်းသစ္စာဆိုရာတွင် အခြေခံဥပဒေကို “ထိန်းသိမ်းကာကွယ် စောင့်ရှောက်” ဟူသည့် အသုံးအနှုန်းအစား “လေးစားလိုက်နာ” ဟု ဖွဲ့စည်းပုံ အခြေခံ ဥပဒေဆိုင်ရာ ခုံရုံးက ပြောင်းလဲပေးရန် NLD က
နိုင်ငံတော် သမ္မတထံ အကြံပြုလွှာ ပေးပို့ချက်အပေါ် တုန့်ပြန်မှု မရသေး၍ လက်ရှိ ကျင်းပနေသည့် တတိယမြောက် လွှတ်တော်အစည်းအဝေးများသို့ တက်ရောက်ခြင်း မပြုသေးချေ။

ဥပဒေပြင်ဆင်ခြင်း မဟုတ်ဘဲ စကားလုံးအသုံးအနှုန်း စကားရပ်သာ ပြင်ဆင်ခြင်းဖြစ်၍ ဖွဲ့စည်းပုံအခြေခံဥပဒေ ဆိုင်ရာ ခုံရုံးနှင့် သာသက်ဆိုင်သည်ဟု NLD တာဝန်ရှိသူများဘက်က ပြောဆိုမှုများ ရှိနေသော်လည်း လက်ရှိ လွှတ်တော်တွင်း တဦးတည်းသော NLD ကိုယ်စားလှယ် ဒေါက်တာမြတ်ဉာဏစိုးက ပြည်ထောင်စု လွှတ်တော်အမတ် ၂ဝ ရာခိုင်နှုန်းက လက်မှတ်ထိုး၍ ပြင်ဆင်ချက် အဆိုပြုလွှာ တင်သွင်းရမည် ဖြစ်ကြောင်း ပြောသည်။

“သူတို့က ဒါကို သမ္မတက ပြင်ပေးလိမ့်မယ် ပြောတယ်။ သမ္မတက ပြင်ပေးလို့ မရဘူး။ ပြည်သူ့လွှတ်တော်မှာ ရှိတဲ့ ၂၀ ရာခိုင်နှုန်းသော လွှတ်တော်ကိုယ်စားလှယ်တွေက ပြင်မှရတာ” ဟု NLD ပါတီဝင်ဟောင်း အမျိုးသားဒီမိုကရေစီ ပါတီသစ် ဥက္ကဋ္ဌ ဦးသိန်းညွှန့်က မဇ္စျိမကို ပြောသည်။

ထို့အတူ NLD အနေဖြင့် ကြားဖြတ်ရွေးကောက်ပွဲဝင်ရန် မဆုံးဖြတ်မီကတည်းက ဤဥပဒေများနှင့် ပတ်သတ်၍ ကြိုတင် လေ့လာညှိနှိုင်းမှု ပြုလုပ်ခဲ့သင့်ကြောင်း ရှေ့နေတဦးလည်း ဖြစ်သည့် ဦးသိန်းညွှန့်က ပြောသည်။

ကျမ်းကျိန်လွှာပါ အသုံးအနှုန်းကိစ္စသည် နိုင်ငံရေး ပြဿနာ မဟုတ်ဘဲ နည်းဥပဒေ အသုံးအနှုန်း ပြဿနာသာ
ဖြစ်ကြောင်း NLD ဥက္ကဋ္ဌက ကြာသပတေးနေ့ နံနက်ပိုင်း နေအိမ်သတင်းစာရှင်းလင်းပွဲ၌ ပြောဆိုခဲ့သည်။

“တခြားသူတွေအနေနဲ့ ဒီအပေါ်မှ စောင့်ကြည့်နေဖို့နဲ့ ဒါကို နိုင်ငံရေး သောင်မတင် ရေမကျဖြစ်စဉ်မျိုး ရောက်အောင် တွန်းမပို့ကြဖို့ မျှော်လင့်ပါတယ်။ ဒီလိုမျိုး အနေအထားမျိုး ရောက်မသွားဖို့ကိုလည်း ကျမ မျှော်လင့်ပါတယ်” ဟု ဒေါ်အောင်ဆန်းစုကြည်က ဆိုသည်။