လွှတ်တော်ပြင်ပ ညီလာခံမှသာ ဖွဲ့စည်းပုံ ပြင်နိုင်မည်ဟု UNFC ပြော

လွှတ်တော်ပြင်ပ ညီလာခံမှသာ ဖွဲ့စည်းပုံ ပြင်နိုင်မည်ဟု UNFC ပြော
by -
မဇ္စျိမ

လက်ရှိ နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေအား ပြင်ဆင်ရန်မှာ တမျိုးသားလုံးဆိုင်ရာ ညီလာခံကြီးတရပ် ကျင်းပနိုင်မှသာ ဖြစ်နိုင်မည်ဟု ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ်ကောင်စီ UNFC တွဲဘက် အတွင်းရေးမှူး (၂) ဗိုလ်မှူးကြီး ခွန်ဥက္ကာက ပြောသည်။

လက်ရှိ ပြည်ထောင်စုလွှတ်တော်အတွင်း အင်အားချိန်ခွင်လျှာနှင့် ဖွဲ့စည်းပုံပါပြဋ္ဌာန်းချက်များအရ လွှတ်တော်တွင်းမှ အခြေခံဥပဒေပြင်ဆင်ရေးမှာ မဖြစ်နိုင်ကြောင်း မဇ္စျိမကို ပြောသည်။

“တမျိုးသားလုံး ညီလာခံက ဆုံးဖြတ်ချက် မဟုတ်ဘူးဆိုရင် ၂ဝဝ၈ ဖွဲ့စည်းပုံကို ပြင်လို့ မလွယ်ဘူး။ ဖွဲ့စည်းပုံကို လွှတ်တော်ထဲက ပြင်လို့ မရဘူး။ ရ၅ ရာခိုင်နုန်းဆိုတာ ခံနေတာ။ ဒါကြောင့် ဖွဲ့စည်းပုံထဲက ဖြုတ်ဖို့ ပြင်ဖို့ဆိုတာ တမျိုးသားလုံး ညီလာခံဆိုတဲ့ နိုင်ငံရေးဆုံးဖြတ်ချက်ကနေပြီးတော့ လွှမ်းမိုးနိုင်မှသာလျှင် ပြင်လို့ရမယ်။ ဒါကြောင့် ဒီညီလာခံက ၂ဝဝ၈ ကို ပြင်ဖို့အတွက် အရေးကြီးတဲ့ အလုပ်တခု ဖြစ်တယ်။ ဒါကြောင့် အဲဒါကို ဖိတ်ခေါ်ရခြင်းဖြစ်တယ်” ဟု ဗိုလ်မှူးကြီး ခွန်ဥက္ကာ က ပြောသည်။

ကြာသာပတေးနေ့က ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့တွင် ပြုလုပ်သည့် UNFC ၏ သတင်းစာ ရှင်းလင်းပွဲတွင် ထိုကဲ့သို့ ‘တမျိုးသားလုံးဆိုင်ရာ ညီလာခံကြီး’ ကျင်းပနိုင်ရန် တောင်းဆိုလိုက်ကြခြင်း ဖြစ်သည်။

UNFC တွင် ပါဝင်သော ကရင်အမျိုးသားအစည်းအရုံး၊ ချင်းအမျိုးသားတပ်ဦး၊ မွန်ပြည်တစ်ပါတီ၊ ရှမ်းပြည်မြောက်ပိုင်း တပ်မတော်၊ ရှမ်းပြည်တောင်ပိုင်း တပ်မတော်၊ ကရင်ငြိမ်းချမ်းရေးကောင်စီတို့မှာ အစိုးရနှင့် အပစ်အခတ် ရပ်စဲရေး အတွက် ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးအဖွဲ့နှင့် ပဏာမ သဘောတူ လက်မှတ်ရေးထူးပြီး ဖြစ်သည်။

ကချင်လွတ်လပ်ရေးအဖွဲ့နှင့် အစိုးရတပ်များအကြား တိုက်ပွဲများ ဖြစ်ပွားနေဆဲ ဖြစ်သည်။

“UNFC အဖွဲ့ဝင်တွေဟာ တချို့က အစိုးရနဲ့ ဆက်ဆံရေး ကောင်းနေတယ်။ တချို့ကလည်း သတ်ဖြတ်နေ တယ်။ အဲဒီလိုဖြစ်တောက UNFC မှာ သဘောထားကွဲသွားပြီလား ထင်ကြမယ်လေ။ ကျနော်တို့ တိုင်းရင်းသားတွေက ဘယ်လိုပဲ ခြိန်းခြောက်ပါစေ။ စည်းလုံးနေတယ်။ တိုက်လညး် မကြောက်ဘူး။ ချော့လည်းပဲ မပျော့ဘူးဆိုတာပဲ”ဟု သူက ပြောသည်။

UNFC ၏ တောင်းဆိုချက်များထဲတွင် ဦးစွာအားဖြင့် ရထားဝန်ကြီး ဦးအောင်မင်း ဦးဆောင်သော ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေး ဆွေးနွေးရေးအဖွဲ့နှင့် UNFC ငြိမ်းချမ်းရေးဆွေးနွေးရေးအဖွဲ့တို့ ‘နိုင်ငံရေးဆွေးနွေးပွဲ ပဏာမအဆင့်’အဖြစ် တွေ့ဆုံကြရန် ဖြစ်သည်။

ထို့နောက် UNFC အဖွဲ့ဝင်မဟုတ်သည့် အခြားတိုင်းရင်းသား အင်အားစုများနှင့် တွေ့ဆုံအပြီးတွင် ပြည်ထောင်စုအစိုးရ ပါဝင်သည့် တမျိုးသားလုံးဆိုင်ရာ ညီလာခံကြီးအား လွှတ်တော်ပြင်ပတွင် ကျင်းပခေါ်ယူသွားရန် တောင်းဆိုထားခြင်း ဖြစ်သည်။

တမျိုးသားလုံးဆိုင်ရာ ညီလာခံကြီးမှ အများသဘောတူချက်များအပေါ် တမျိုးသားလုံးဆိုင်ရာ သဘောတူညီချက် National accord ရရှိရန် အင်အားစုများအားလုံး ပါဝင်လက်မှတ်ရေးထိုးကြရန်နှင့် တမျိုးသားလုံးဆိုင်ရာ သဘောတူညီချက်ပါ ပြဋ္ဌာန်းချက်များအတိုင်း ဆက်လက်ဆောင်ရွက်ရန်တို့ ထုတ်ပြန်ချက်တွင် ပါရှိသည်။

UNFC အား ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်အတွက် အစိုးရအား လက်နက်ကိုင်တိုက်ပွဲဆင်နေသည့် တိုင်းရင်းသားအဖွဲ့ ၆ ဖွဲ့၊ မဟာမိတ် ၆ ဖွဲ့တို့ဖြင့် ၂ဝ၁၁ ခုနှစ် ဖေဖေါ်ဝါရီလက စတင်ဖွဲ့စည်းခဲ့ခြင်း ဖြစ်သည်။