အမျိုးသားဒီမိုကရေစီအင်အားစု NDF ပါတီမှ လွှတ်တော်အမတ် နှစ်ဦးဖြစ်သည့် ဒေါက်တာ သန်းဝင်းနှင့် ဦးခင်မောင်ဝင်းတို့သည် NDF ပါတီဝင်အဖြစ်မှ နုတ်ထွက်၍ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် NLD သို့ ဝင်ရောက်ရန် လျှောက်လွှာတင်ပြီး ဖြစ်သည်ဟု ၎င်းတို့က မဇ္ဈိမကို ပြောသည်။
၂ဝ၁ဝ ရွေးကောက်ပွဲတွင် မြောက်ဥက္ကလာမြို့နယ်မှ NDF ပါတီကိုယ်စားပြု၍ အနိုင်ရခဲ့သူ ဒေါက်တာသန်းဝင်း သည် မတ်လ ၂၇ ရက်နေ့တွင် ပါတီမှ နုတ်ထွက်၍ အဆိုပါနေ့တွင်ပင် NLD ပါတီသို့ ဝင်ရောက်ရန်လျှောက် လွှာတင်ခဲ့သည် ဟု မဇ္ဈိမကို ပြောသည်။
“အရေးကြီးဆုံးအချက်က NLD မရှိလို့ ထောင်ရတာ။ သင်္ဘောကြီး စက်ရပ်သွားလို့ အသက်ကယ်လှေ ထောင်တာ။ လစ်လပ်သွားတဲ့ Political Space ကို ဖြည့်တာခင်ဗျာ့။ Political Space က ဖြည့်စရာ မလိုတော့ဘူးဆိုတော့ ကျနော်တို့က ရှင်းရှင်းပြောရင် NLD မရှိလို့ NDF ထောင်တာ။ သင်္ဘောကြီးကလည်း စက်ပြန်ကောင်းပြီး အရှိန်ကောင်းကောင်းနဲ့ သွားနေတဲ့အခါမှာ အသက်ကယ်လှေ လုပ်စရာ မလိုတော့ဘူး။ သင်္ဘောကြီးဆီပဲ ကျနော်တို့ လုံခြံုစိတ်ချစွာ သွားလို့ရပါပြီ” ဟု မဇ္ဈိမကို ပြောသည်။
ဒေါက်တာသန်းဝင်းသည် မူလ NLD ပါတီဟောင်းတွင် ရန်ကုန်တိုင်း ဒု -က္ကဋ္ဌအဖြစ် တာဝန်ယူခဲ့ဖူးသူ ဖြစ်ပြီး ၁၉၉ဝ ရွေးကောက်ပွဲတွင်လည်း NLD ပါတီ၏ မြောက်ဥက္ကလာပ အမတ်အဖြစ် ရွေးချယ်ခံခဲ့ဖူးသူ ဖြစ်သည်။ NLD သို့ ပြန်လည်မကူးပြောင်းမီ NDF ပါတီတွင် လွှတ်တော်လုပ်ငန်းကော်မတီ ဥက္ကဋ္ဌအဖြစ် တာဝန်ယူခဲ့သည်။
NDF ပါတီ၏ လွှတ်တော်လုပ်ငန်းကော်မတီ ဒုတိယ ဥက္ကဋ္ဌဖြစ်သူ ဦးခင်မောင်ဝင်း သည်လည်း မတ်လ ၂၇ ရက်နေ့ တွင် ပါတီမှ နုတ်ထွက်ကာ NLD ပါတီဝင်သို့ ဝင်ရောက်ရန် လျှောက်လွှာတင်ပြီးဖြစ်သည်ဟု မဇ္ဈိမကိုပြောသည်။
“ကျနော်ကတော့ ဒီလို တစစီတစီ အစိတ်အပိုင်းတွေ ဖြစ်မယ့်အတူတူ ဦးဆောင်နိုင်တဲ့ အဖွဲ့အစည်းတရပ်မှာ အားလုံး ညီညွတ်လို့ရှိရင် ပိုပြီးတော့ အကျိုးရှိမယ်လို့ ကျနော်ထင်ပါတယ်” ဟု မဇ္ဈိမကို ပြောသည်။ သူသည် ၂ဝ၁ဝ ရွေးကောက်ပွဲတွင် လမ်းမတော် မြို့နယ် မဲဆန္ဒနယ်မှ အနိုင်ရခဲ့သူ ဖြစ်သည်။
အဆိုပါ လွှတ်တော်အမတ်နှစ်ဦးလုံး၏ မဲဆန္ဒနယ်များမှ လူထုကလည်း ဤသို့ NLD ပါတီသို့ ကူးပြောင်းဝင် ရောက် သည်ကို သဘောတူညီကြောင်း မှတ်ချက်ပေး ပြောဆိုကြသည်ဟု ဆိုသည်။
ထို့အပြင် ၂ဝ၁ဝ ရွေးကောက်ပွဲတွင် NDF ပါတီကိုယ်စားပြု၍ လသာမြို့နယ်မှ အနိုင်ရခဲ့ပြီး အမျိုးသားဒီမိုကရေစီ ပါတီသစ် NNLD သို့ ကူးပြောင်းခဲ့သူ လွှတ်တော်အမတ် ဦးကြည်မြင့်သည်လည်း ၂ဝ၁၁ ခုနှစ် ဒီဇင်ဘာလအတွင်း NNLD မှ နုတ်ထွက်ကာ NLD ပါတီသို့ ဝင်ရောက်ရန် လျှောက်လွှာတင်ပြီးဖြစ်သည်။
ဦးကြည်မြင့်မှာ ၁၉၉ဝ ရွေးကောက်ပွဲ၌ NLD ကိုယ်စားပြု၍ လသာမဲဆန္ဒနယ်တွင် အနိုင်ရခဲ့သူဖြစ်ပြီး၊ ၂ဝ၁ဝ ရွေးကောက်ပွဲတွင် NLD မှတ်ပုံမတင်သည့်အတွက် NDF ပါတီအဖြစ် ခွဲထွက်ကာ လသာမြို့နယ်၌ ဝင်ရောက် ယှဉ်ပြိုင်ရာ အနိုင်ရရှိခဲ့သူ ဖြစ်သည်။
NLD ပါတီဝင် လက်ခံရေးနှင့် စိစစ်ရေးကော်မတီဝင်တဦးဖြစ်သည့် ဦးအုန်းကြိုင်က ထိုကဲ့သို့ အခြားပါတီများမှ ပါတီဝင်များ၊ လွှတ်တော်အမတ်များ ဝင်ရောက်လာခြင်းနှင့် ပတ်သက်၍ “ပါတီဝင်စိစစ်ရေး ကော်မတီကနေ စိစစ်ပြီးတော့ အဲဒီကနေပြီးတော့ ဗဟို အလုပ်အမှုဆောင်အဖွဲ့ကို တင်ပါလိမ့်မယ်။ ထုံးစံကတော့ အဲဒီလိုလုပ်ပါမယ်” ဟု မဇ္ဈိမကို ပြောသည်။
NDF ပါတီကိုယ်စားပြု၍ ၂ဝ၁ဝ ရွေးကောက်ပွဲတွင် ရန်ကုန်တိုင်း မဲဆန္ဒနယ်အမှတ် ၄ တွင် ဝင်ရောက် ယှဉ်ပြိုင် ရွေးချယ်ခံခဲ့ရသူ ဒေါက်တာမြတ်ဉာဏစိုးမှာမူ ၂ဝ၁၁ ခုနှစ် ဒီဇင်လာလအတွင်း ပါတီမှနုတ်ထွက်၍ NLD သို့ ဝင်ရောက်ခဲ့ရာ NLD ပါတီက အသိအမှတ်ပြု လက်ခံပြီး ဖြစ်သည်။
NLD ပါတီသည် ကြားဖြတ်ရွေးကောက်ပွဲတွင် လစ်လပ်မဲဆန္ဒနယ် ၄၄ ခုတွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး ၄၃ နေရာ အနိုင်ရရှိခဲ့သည်။ ကြားဖြတ်ရွေးကောက်ပွဲရလဒ်အရ ပြည်သူ့လွှတ်တော် ၃၇ နေရာ၊ အမျိုးသားလွှတ် တော် ၄ နေရာနှင့် တိုင်းဒေသကြီးလွှတ်တော် ၂ နေရာတို့တွင် အနိုင်ရရှိခဲ့ခြင်းဖြစ်သည်။ ယင်းအပြင် အမျိုးသားလွှတ်တော် အမတ် ဒေါက်တာ မြတ်ဉာဏစိုးသည် NLD သို့ ကူးပြောင်းလာခြင်းကြောင့် အမျိုးသားလွှတ်တော်အမတ် ၅ ဦး ရှိနေသည်။