ကြားဖြတ်ရွေးကောက်ပွဲ မကျင်းပမီ ရက်သတ္တပတ်အတွင်း နေပြည်တော်၊ ရန်ကုန်တိုင်း နှင့် ဧရာဝတီတိုင်းရှိ မဲဆန္ဒနယ်မြေများတွင် ကောက်ခံရရှိခဲ့သည့် စစ်တမ်းများအရ ၆ဝ ရာခိုင်နှုန်းသော မဲဆန္ဒရှင် များမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD အား မဲပေးမည်ဟု တွေ့ရှိရသည်။
အဆိုပါစစ်တမ်းအား မဇ္စျိမ က ရန်ကုန်အခြေစိုက် COMREG မှ သုတေသန ပညာရှင်များ၏ ပူးပေါင်းဆောင် ရွက်မှု ဖြင့် မတ်လ နောက်ဆုံးအပတ်အတွင်း ကောက်ယူခဲ့ခြင်းဖြစ်ပြီး စစ်တမ်းမှ တွေ့ရှိရချက်အချို့အား မဇ္စျိမ အယ်ဒီတာချုပ်က ရှင်းပြထားသည်။
“၆ဝ ရာခိုင်နှုန်းက NLD ကို မဲပေးမယ်လို့ပြောတယ်။ ၃၂ ရာခိုင်နှုန်းကတော့ ကြံ့ခိုင်ရေးကိုမဲပေးမယ်ပြော တယ်။ ၅၈ ရာခိုင်နှုန်းက NLD နိုင်မယ်လို့ ယူဆကြတယ်။ ၃၁ ရာခိုင်နှုန်းက ကြံ့ခိုင်ရေး နိုင်မယ်လို့ ယူဆကြတယ်” ဟု အယ်ဒီတာချုပ် ဦးစိုးမြင့် က ပြောသည်။
စစ်တမ်းကို နေပြည်တော်ရှိ မဲဆန္ဒနယ်မြေ လေးခု၊ ဧရာဝတီတိုင်းအတွင်းမှ မဲဆန္ဒနယ်မြေ လေးခုနှင့် ရန်ကုန်တိုင်း အတွင်းမှ မဲဆန္ဒနယ်မြေ ခြောက်ခုအတွင်း လိုက်လံကောက်ခံခဲ့ခြင်း ဖြစ်သည်။ မေးမြန်းချက်များကို ပြန်လည်ဖြေကြား ပေးသူ ၃၆၂ ဦး အနက် အများစုမှာ ဘွဲ့ရ ပညာတတ်များ ဖြစ်ကြပြီး ဖြေဆိုသူအများစုမှာ အသက် ၄ဝ မှ ၆ဝ အတွင်းနှင့် အသက် ၂၅ မှ ၃၉ နှစ်အရွယ်များ ဖြစ်ကြသည်။
ကောက်ခံရရှိသည့် ဒေသကြီးသုံးခုမှ ရရှိချက်များအရ NLD အား အများစု မဲပေးကြမည်ဟု တွေ့ရှိရသော်လည်း
နေပြည်တော်တွင်မူ ကြံ့ခိုင်ရေးပါတီမှ ကြိုတင်မက်လုံးပေး စည်းရုံးထားမှုများ ရှိနေ၍ မဲဆန္ဒရှင်များအတွက် အခက်အခဲများရှိနေကြကြောင်း ပြောသည်။
“အစိုးရဝန်ထမ်းတွေ အများစု ပြောတာကတော့ ဥပမာ နေပြည်တော်လို နေရာမျိုးမှာ သူတို့ကိုငွေကြိုတင် ချေးထား ပြီးတော့ ပစ္စည်းတွေ ပေးထားတာမျိုးတွေ ပြောပြတယ်။ သူတို့အနေနဲ့ကတော့ ကြံ့ခိုင်ရေးကိုပဲ မဲပေးရမယ့် အနေအထား ရှိတယ်။ ဒါပေမယ့် တကယ်လို့ နိုင်ငံတကာ စောင့်ကြည့်လေ့လာရေးအဖွဲ့တွေ ရှိတယ်၊ လွတ်လပ်တဲ့ atmosphere ပေါ့၊ လွတ်လပ်တဲ့ အနေအထား ရှိတယ်ဆိုရင်တော့ သူတို့အနေနဲ့လည်း NLD ကို မဲပေးဖို့ စိတ်ဝင်စားတယ်ဆိုတဲ့အကြောင်းတော့ ပြောပြတယ်” ဟု COMREG အဖွဲ့မှ ကိုရဲ က စစ်တမ်းကောက်ယူမှု အတွေ့အကြံုအား ရှင်းပြသည်။
တွေ့ဆုံမေးမြန်းရာမှ ရရှိသည့် တုန့်ပြန်မှု (feedback)များအရလည်း နေပြည်တော်တွင် အစိုးရဝန်ထမ်းများအား ကြံ့ခိုင်ရေးပါတီမှ ချေးငွေဖြင့် လက်ကိုင်ဖုန်းများ ဝယ်ခွင့်ပြုထား၍ ကြံ့ခိုင်ရေးပါတီအား မဲပေးရဖွယ်ရှိနေသည်။ သို့သော် အကယ်၍ နိုင်ငံတကာ စောင့်ကြည့်လေ့လာသူများဖြင့် လွတ်လပ်စွာ မဲပေးရပါက NLD အား မဲပေးမည်ဟုလည်း ဆိုကြသည်။ ကြားဖြတ်ရွေးကောက်ပွဲအား စောင့်ကြည့် သတင်းရယူအတွက် နိုင်ငံတကာ သတင်းမီဒီယားမား ၁၅ဝ ခန့်သာ အစိုးရက ခွင့်ပြုထားသည်။
သောကြာနေ့က ပြုလုပ်သည့် NLD သတင်းစာရှင်းလင်းပွဲတွင် လက်ရှိအနေအထားအရ လွတ်လပ်၍ တရားမျှတသည့် ရွေးကောက်ပွဲ မဖြစ်နိုင်သေးသော်လည်း ရွေးကောက်ပွဲတွင် ဆက်လက်ယှဉ်ပြိုင်သွားမည်ဟု ပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် က ပြောဆိုထားသည်။
“လုံးဝ လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲဖြစ်လာမယ်လို့ မထင်ပါဘူး။ ကျမတို့ရဲ့ ပါတီဆိုင်းဘုတ်တွေ၊ ပိုစတာ တွေကို ဖျက်ဆီးတာမျိုးကအစ အနှောင့်အယှက်တွေ အများကြီး၊ အများကြီးပဲ။ ဒါပေမယ့် ဒီကြားဖြတ်ရွေးကောက်ပွဲက အမျိုးသား ပြန်လည် ရင်ကြားစေ့ရေးအတွက် လှေကားထစ်တခု ဖြစ်မယ်လို့ ကျမတို့ မျှော်လင့်တယ်။ ဒါကြောင့် လူထုလိုလားတဲ့ အမျိုးသားပြန်လည်ရင်ကြားစေ့ရေးအတွက် ရှေ့ဆက်သွားဖို့ ကျမတို့ ဆုံးဖြတ်ခဲ့တယ်” ဟု NLD ဥက္ကဋ္ဌ က ပြောသည်။
NLD အား မဲပေးမည့်သူ အများစုမှာ ပါတီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အား နှစ်သက်၍ ပေးရခြင်း ဖြစ်ကြောင်း ကောက်ခံရရှိသည့် စစ်တမ်းတုန့်ပြန်မှုများတွင် တွေ့ရှိရသည်။
ဖြေဆိုသူ ၈၅ ရာခိုင်နှုန်းမှာ ကြားဖြတ်ရွေးကောက်ပွဲတွင် သွားရောက်မဲပေးကြမည်ဖြစ်ပြီး ၈၄ ရာခိုင်နှုန်းက မဲပေးပုံပေး နည်းကို သိရှိနားလည်ထားပြီးဖြစ်သည်ဟု ဆိုသည်။ ထိုသို့သိရှိရခြင်းမှာ လက်ကမ်းကြော်ငြာ များနှင့် ရွေးကောက်ပွဲ ကိုယ်စားလှယ် လောင်းများမှတဆင့် အများစုက သိရှိလာကြခြင်းဖြစ်သည်။
သို့သော် မိမိမဲဆန္ဒနယ်မြေတွင် ဝင်ရောက်ယှဉ်ပြိုင်မည့် ကိုယ်စားလှယ်လောင်း၏ အမည်အား မသိရှိသေးသူ ၁၃ ရာခိုင်နှုန်း ရှိနေသေးသည်။
ကိုယ်စားလှယ်လောင်း၏ မူဝါဒသဘောထားများကိုမူ ရ၄ ရာခိုင်နှုန်းက သိရှိထားကြသည်ဟု မဇ္စျိမစစ်တမ်း အရ သိရှိရသည်။ (စစ်တမ်းအပြည့်အစုံကို မဇ္စျိမဝဘ်ဆိုက်တွင် ဖော်ပြထားပါမည်။