သမ္မတ ဦးသိန်းစိန် ဦးဆောင်သော အစိုးရအဖွဲ့၏ လုပ်ဆောင်ချက် အချို့သည် ဖွဲ့စည်းပုံ အခြေခံ ဥပဒေနှင့် မညီကြောင်း အောက်လွှတ်တော် ဥက္ကဋ္ဌ သူရ ဦးရွှေမန်း က ထောက်ပြ ပြောဆိုလိုက်သည်။
ထို့ကြောင့် အခြေခံဥပဒေနှင့် အညီလုပ်ဆောင်ရန် သောကြာနေ့တွင် ကျင်းပသည့် ပြည်ထောင်စုလွှတ်တော်သို့ သဝဏ်လွှာပေးပို့ကာ ဦးရွှေမန်း က တိုက်တွန်းလိုက်သည်ဟု လွှတ်တော်တက် အမတ်များက မဇ္ဈိမကို ပြောသည်။
အစိုးရအဖွဲ့တခုလုံး လစာခံစားခွင့် လျှော့ယူခြင်း၊ အစိုးရ ပင်စင်စားများကို လစာ တိုးမြှင့်ပေးခဲ့ခြင်း၊ မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင် ဖွဲ့စည်းခြင်း စသည့် လုပ်ဆောင်ချက်များတွင် ပြည်ထောင်စု လွှတ်တော်၏ အတည်ပြုချက် ရယူခြင်း မရှိခဲ့ဟု ဦးရွှေမန်း၏ သဝဏ်လွှာတွင် ပါရှိကြောင်း လွှတ်တော်အမတ် ဦးဖုန်းမြင့်အောင်က ပြောသည်။
"ဒီကိစ္စတွေက အစိုးရအဖွဲ့မှာ သူ့ဟာသူ လုပ်ပိုင်ခွင့် မရှိဘူး။ ပြည်ထောင်စု လွှတ်တော်ကို တင်ပြပြီး သဘောတူညီချက် ယူပြီးတော့မှ လွှတ်တော်ရဲ့ ဆုံးဖြတ်ချက်နဲ့ လုပ်ပိုင်ခွင့်ရှိတယ်။ အဲဒီကိစ္စကို ဖွဲ့စည်းပုံနဲ့အညီ လုပ်ဖို့ အစိုးရကို တိုက်တွန်းတာ" ဟု မဇ္ဈိမကို ပြောသည်။
ဦးရွှေမန်း၏ အဆိုပါ သဝဏ်လွှာကို "ပြည်ထောင်စု လွှတ်တော်က အတည်ပြုတယ်။ အဲဒါကို အစိုးရအဖွဲ့က ပြန်လည်ပြုပြင်ပြီး လွှတ်တော်ကို တင်ပြဖို့ ကျနော်တို့ လွှတ်တော်က တိုက်တွန်းတယ်ပေါ့ဗျာ" ဟုလည်း လွှတ်တော်အမတ် ဒေါက်တာ အေးမောင်က မဇ္ဈိမကို ပြောသည်။
ဦးသိန်းစိန်သည် သမ္မတ ရာထူးလက်ခံရယူသည့် ၂ဝ၁ဝ မတ်လ ၃ဝ ရက်နေ့ မိန့်ခွန်းတွင် "လစဉ်ချီးမြှင့်ငွေကို နိုင်ငံတော်၏ လက်ရှိအခြေအနေ၊ နိုင်ငံတော်၏ ငွေရေးကြေးရေး အခြေအနေနဲ့ နိုင်ငံသားများ၏ အကျိုးကို ရှေးရှုသော အားဖြင့် မိမိတို့ခံစားခွင့်မပြုဘဲ နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွ့ံဖြိုးရေးကောင်စီ ဗဟိုအဖွဲ့ အစည်း အသီးသီးတွင် တာဝန် ထမ်းဆောင်ခဲ့သည့် ပုဂ္ဂိုလ်များ၏ ခံစားခဲ့သော လစဉ်ထောက်ပံ့ငွေ အတိုင်းသာ ခံစားသွားရမှာ ဖြစ်ပါတယ်" ဟု ပြောကြားခဲ့သည်။
သမ္မတ၏ အဆိုပါ လုပ်ဆောင်ချက်သည် ၂ဝဝ၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေပါ ပုဒ်မ ၆၉ တွင်ပါရှိသည့် "နိုင်ငံတော် သမ္မတနှင့် ဒုတိယ သမ္မတများသည် ဥပဒေဖြင့် သတ်မှတ်ထားသည့် လစာ၊ စရိတ်နှင့် အဆောင်အယောင်များ ရရှိစေရမည်။ သင့်တင့် လျောက်ပတ်သည့် အိမ်တော်တဆောင်စီကိုလည်း ရရှိစေရမည်" ဟူသည့်ပြဋ္ဌာန်းချက် နှင့် ကိုက်ညီမှုမရှိဟုလည်း လွှတ်တော်အမတ်များက မဇ္ဈိမကို ပြောသည်။
ယင်းအပြင် ၂ဝ၁၁ ခုနှစ် ဇွန်လ ၃ဝ ရက်နေ့တွင် နိုင်ငံ့ဝန်ထမ်း ပင်စင်စားများ၏ လစာ တိုးမြှင့်ပေးခဲ့ရာတွင် လည်း လွှတ်တော်၏ အတည်ပြုချက် ရယူခြင်း မရှိသောကြောင့် ဖွဲ့စည်းပုံ အခြေခံနှင့် မညီဟု လွှတ်တော်အမတ်များကပြောသည်။
ထိုစဉ်အခါက နိုင်ငံ့ဝန်ထမ်း ပင်စင်စားများ၏ လစာတိုးမြှင့်ပေးအမိန့်ကို ဘဏ္ဍာရေးဝန်ကြီး ဦးလှထွန်းမှ လက်မှတ် ထိုးထားပြီး ပြည်ထောင်စုအစိုးရအဖွဲ့၏ အစည်းအဝေး အမှတ်စဉ် ၁၂/၂ဝ၁၁ ဆုံးဖြတ်ချက်အရ လစာတိုးပေးရန် ဆုံးဖြတ်ခြင်းဟု ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးရုံး၏ အမိန့်ကြော်ငြာစာအမှတ် ၁ဝ၆/၂ဝ၁၁ ဖြင့် ထုတ်ပြန်ခဲ့သည်။
သူရဦးရွှေမန်း ထောက်ပြသည့် အမျိုးသားလူ့အခွင့်အရေး ကော်မရှင်ကို ၂ဝ၁၁ ခုနှစ် စက်တင်ဘာလ ၅ ရက်နေ့တွင် ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။ ထိုကော်မရှင်ဖွဲ့စည်းမှုကို ပြည်ထောင်စုအစိုးရအဖွဲ့က အမိန့်ကြေညာ ချက်အမှတ် ၃၄/၂ဝ၁၁ ဖြင့် ထုတ်ပြန်ကြေညာခြင်းဖြစ်ပြီး အဆိုပါအမိန့်ကို ပြည်ထောင်စုအစိုးရအဖွဲ့ အတွင်းရေးမှူး ဦးတင်မျိုးကြည်မှ လက်မှတ်ထိုးထားသည်။
"အမျိုးသား လူ့အခွင့်အရေး ကော်မရှင်ကို ဗဟိုအဖွဲ့အစည်းမှာ ထည့်တာ ဒါက ဖွဲ့စည်းပုံ အခြေခံဥပဒေနဲ့ ကိုက်ညီမှု မရှိဘူး" ဟု ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၂ဝ၂ကို ကိုးကား၍ ဒေါက်တာအေးမောင်က မဇ္ဈိမကို ပြောသည်။
အခြေခံဥပဒေပုဒ်မ ၂ဝ၂ အရ "နိုင်ငံတော် သမ္မတသည် ပြည်ထောင်စု လွှတ်တော်၏ သဘောတူညီချက်ဖြင့် ပြည်ထောင်စု အစိုးရဝန်ကြီးဌာနများကို လိုအပ်သလို သတ်မှတ်နိုင်သည်။ ထို့ပြင် ဝန်ကြီးဌာနများကို ပြင်ဆင် သတ်မှတ်ခြင်း ဖြည့်စွက်ခြင်း ပြုနိုင်သည်" ဟု ပြဋ္ဌာန်းထားသည်။
အစိုးရအဖွဲ့နှင့် လွှတ်တော်အကြား အထက်ဖေါ်ပြပါ ကွဲလွဲချက်များကို ဧပြီလ ၂၃ ရက်နေ့တွင် ညှိနှိုင်းဖွယ်ရှိပြီး အောက်လွှတ်တော်နှင့် အထက်လွှတ်တော် နှစ်ရပ်လုံး ထိုနေ့တွင် ကျင်းပနိုင်ရန် ခေါ်ယူထားသည်ဟု သိရသည်။
နေပြည်တော်တွင် ဇန်နဝါရီလ ၂၆ ရက်နေ့ကတည်းက စတင်ကျင်းပနေသည့် လွှတ်တော်အရပ်အရပ် အစည်းအဝေးများကို ခေတ္တရပ်ဆိုင်းလိုက်ကြောင်း သိရသည်။