အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ၏ ကြားဖြတ်ရွေးကောက်ပွဲ ကြွေးကြော်သံများဖြစ် ကြသည့် တရားဥပဒေ စိုးမိုးရေး၊ ပြည်တွင်းငြိမ်းချမ်းရေးနှင့် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးတို့နှင့် ပတ်သက်၍ NLD ၏ ဖြေရှင်းရန် နည်းလမ်းများကို ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ရှင်းလင်းပြောဆိုလိုက်သည်။
ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်၏ ထုတ်ပြန်ချက်အရ NLD ပါတီ၏ စည်းရုံးရေး ရုပ်သံအစီအစဉ်ကို မြန်မာ့ အသံနှင့် ရုပ်မြင်သံကြားမှ တဆင့် မက်လ ၁၄ ရက်နေ့တွင် ထုတ်လွှင့်ပေးရန်ရှိပြီး ထုတ်လွှင့်ရက် မတိုင်မီ နှစ်ရက် ကြိုတင်ကာ နေပြည်တော် မြန်မာ့အသံ၌ လာရောက် ရိုက်ကူးရမည် ဖြစ်သည်။
အင်တာနက် စာမျက်နှာများပေါ်တွင် မတ်လ ၁၂ ရက်နေ့ကတည်းက ပြန့်နှံ့နေသည့် ဒေါ်အောင်ဆန်းစုကြည်၏ ၁၄ မိနစ်ခန့်ကြာ အဆိုပါ ရုပ်/သံ ဟောပြောချက်တွင် ပါတီ၏ သဘောထားများကို ပိုမိုရှင်းလင်း ပြတ်သားစွာ ပြောဆို ထားသည်။
အင်တာနက် စာမျက်နှာများပေါ်တွင် ပြန့်နှံ့နေသည့် ၁၄ မိနစ်ခန့်ကြာ ရုပ်/သံ ဟောပြောချက်
“လွတ်လပ်ရေးနဲ့ ဖွားဖက်တော်အဖြစ် ပါလာတဲ့ ပြည်တွင်းစစ်ဟာ ဒီကနေ့အထိ ကျမတို့နိုင်ငံမှာလောင်မြိုက် နေဆဲ ဖြစ်ပါတယ်။ စားပွဲဝိုင်းမှာ တွေ့ဆုံညှိနှိုင်းဖြေရှင်းမှု မပြုနိုင်ကြသေးဘဲ လက်နက်အားကိုး အင်အားသုံးဖြေရှင်းဖို့ ကြိုးစားနေကြခြင်းဟာ ကနေ့အထိပဲ ဖြစ်ပါတယ်”ဟု ပြောဆိုလိုက်သည်။
“ပြည်တွင်းစစ်ရဲ့ ဆိုးကျိုးတခုအဖြစ် စစ်အာဏာရှင်စနစ်ကိုသာ ပေါ်ပေါက်စေခဲ့ပါတယ်” ဟု သုံးသပ်ထားပြီး
ပြည်တွင်း ငြိမ်းချမ်းရေးအတွက် NLD မှလည်း အဆင့်သုံးဆင့်မူကို တင်ပြသွားသည်။
“ပထမဆုံး တနိုင်ငံလုံး အတိုင်းအတာနဲ့ အပစ်အခတ် ရပ်စဲရပါမယ်။ ဒုတိယအဆင့်အနေနဲ့ နိုင်ငံရေးအရ ဆွေးနွေးပွဲတွေ ကျင်းပပြီး ညှိနှိုင်းအဖြေရှာကြရပါမယ်။ တတိယ အဆင့်အနေနဲ့ တိုင်းရင်းသားတွေ လိုလားနေတဲ့အတိုင်း ပင်လုံရဲ့အခြေခံမူဖြစ်တဲ့ တန်းတူညီမျှမှု၊ ကိုယ်ပိုင်အုပ်ချုပ်ရေး ပြဋ္ဌာန်းခွင့်၊ ဖွဲ့စည်းပုံ အခြေခံဥပဒေအရ လွတ်လပ်စွာ ဆုံးဖြတ်နိုင်ခွင့် စတာတွေကို အခြေခံတဲ့ ပြည်ထောင်စုနိုင်ငံစစ်စစ် တည်ထောင်နိုင်ဖို့ ဘုံဦးတည်ချက်ထားပြီး ကြိုးပမ်းရပါမယ်” ဟု ဒေါ်အောင်ဆန်းစုကြည် က ပြောသည်။
တရားဥပဒေ စိုးမိုးရေးနှင့် ပတ်သက်၍ တရားစီရင်ရေး မဏ္ဍိုင်အား အစိုးရယန္တရားအောက်တွင် သွတ်သွင်းထား ခဲ့သည့်အတွက် ပြည်သူလူထုတွင် အကြောက်တရားများသာ လွှမ်းမိုးလာခဲ့သည်ဟု ဆိုသည်။
ထို့ကြောင့် “ပြည်သူတွေကို ဖိနှိပ်နေတဲ့၊ ခေတ်နဲ့ မလျော်ညီတော့တဲ့ ဥပဒေအချို့ကို မဆိုင်းမတွ ဖျက်သိမ်းပစ်ကြရ ပါမယ်။ စာနယ်ဇင်း လွတ်လပ်ခွင့် အပြည့်အဝ ပေးရပါမယ်။ တရားစီရင်ရေးမဏ္ဍိုင်ဟာ အုပ်ချုပ်ရေးမဏ္ဍိုင်ရဲ့ အပေါ်မှာ အမြဲရှိနေမှာဖြစ်ပြီး ဥပဒေနဲ့ငြိစွန်းတဲ့ အုပ်ချုပ်သူ လူပုဂ္ဂိုလ် အဖွဲ့အစည်းမှန်သမျှကို တရားစီရင်ပိုင်ခွင့် ရှိစေရပါမယ်” ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။
အစိုးရနှင့် ပြည်သူအကြားရှိ ပဋိဉာဉ်စာချုပ်ဖြစ်သည့် အခြေခံဥပဒေကိုလည်း လိုအပ်ပါက ပြင်ဆင်ခြင်း၊ ပြောင်းလဲခြင်း၊ ပယ်ဖျက်ခြင်းတို့ကို ပြုလုပ်ကြရမည် ဖြစ်ကြောင်းလည်း ထည့်သွင်းပြောဆိုသွားသည်။
“လက်ရှိ ဖွဲ့စည်းပုံ အခြေခံဥပဒေဟာ ဒီမိုကရေစီစံနှုန်းနဲ့ မကိုက်ညီတာကို တွေ့မြင်နေရပါတယ်။ ထင်ရှားတဲ့ ဥပမာ တခု ပေးရမယ်ဆိုရင် ရွေးကောက်ခံ မဟုတ်တဲ့ လွှတ်တော်ကိုယ်စားလှယ် ၂၅ ရာခိုင်နှုန်း ပါဝင်နေတာကို ပြည်သူတွေအသိ ဖြစ်ပါတယ်။ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်အနေနဲ့ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေမှာ ပြင်ဆင်သင့်တဲ့ ပုဒ်မများကို ပြည်သူတွေကို အသိပေး ထုတ်ပြန်ခဲ့ပြီး ဖြစ်ပါတယ်”ဟု NLD ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် ကပြောသည်။
အဆိုပါ ထုတ်ပြန်ချက်ဆိုသည်မှာ အခြေခံဥပဒေ ဆန္ဒခံယူပွဲမတိုင်မီ ၂ဝဝ၈ ခုနှစ်အတွင်းကတည်းက အခြေခံဥပဒေ (မူကြမ်း)နှင့် ပတ်သက်၍ NLD က ထုတ်ပြန်လိုက်သည့် ကြေညာချက် ၁၆/၂ဝဝ၈ အား ရည်ညွှန်းပြောဆိုလိုက်ခြင်း ဖြစ်ကြောင်း ပါတီပြောခွင့်ရ ဦးအုန်းကြိုင် က မဇ္စျိမကို ပြောသည်။
“အဲဒီမှာ အရေးတကြီး ပြင်ဆင်ဖို့လိုအပ်တယ်ဆိုတဲ့ အချက် ၁၂ ချက်ကို ဖော်ပြထားပါတယ်။ အဲဒီကြေညာချက်ကို ရည်ညွှန်းတာပါခင်ဗျ။ အနာဂတ်နိုင်ငံရေးမှာ တပ်မတော်က ဦးဆောင်မှု အခန်းကဏ္ဍက ပါရမယ်ဆိုတဲ့ဟာ။ အဲဒါကို ပြင်ဆင်သင့်တယ်လို့ ဖော်ပြထားပါတယ်။ နောက် ကာကွယ်ရေးဦးစီးချုပ်က အာဏာသိမ်းခွင့်ရှိတယ် ဆိုတဲ့ပုဒ်မဗျာ”ဟု ရှင်းပြသည်။
အခြေခံဥပဒေ၏ အခြေခံမူများအခန်း ပုဒ်မ ၆ (စ) တွင် “နိုင်ငံတော်၏ အမျိုးသားနိုင်ငံရေး ဦးဆောင်မှု အခန်းကဏ္ဍ တွင် တပ်မတော်က ပါဝင်ထမ်းဆောင်နိုင်ရေးတို့ကို အစဉ်တစိုက် ဦးတည်သည်”ဟု ဖော်ပြပါရှိသည်။
အရေးပေါ်ကာလဆိုင်ရာ ပြဋ္ဌာန်းချက် ပုဒ်မ ၄၁၈ (က)တွင်လည်း “ပုဒ်မ ၄၁၇ အရ အရေးပေါ် အခြေအနေ ကြေညာ သည့် ကိစ္စတွင် နိုင်ငံတော်သမ္မတသည် နိုင်ငံတော်အတွင်း မူလအခြေအနေသို့ အမြန်ပြည်လည် ရောက်ရှိစေခြင်းငှာ လိုအပ်သည့် အရေးယူဆောင်ရွက်မှုများ ဆောင်ရွက်နိုင်ရန် တပ်မတော် ကာကွယ် ရေးဦးစီးချုပ်အား နိုင်ငံတော်၏ ဥပဒေပြုရေး၊ အုပ်ချုပ်ရေးနှင့် တရားစီရင်ရေး”များတွင်လည်း အာဏာများကို လွှဲအပ်ကြောင်း ကြေညာရမည်” စသဖြင့် ပါရှိသည်။
NLD က ပြင်ဆင်လိုသည့် ပုဒ်မများတွင် အခြေခံဥပဒေ ပုဒ်မ ၄၃၆ (ခ) လည်း ပါဝင်ကြောင်း “ဖွဲ့စည်းပုံဥပဒေ ပြင်ဆင် ဖို့ဆိုတဲ့ ကိစ္စမှာလည်း လွှတ်တော်ထဲက အမတ် ရ၅ ရာခိုင်နှုန်းကျော်က ထောက်ခံရမယ်ဆိုတဲ့ အချက်လည်း ကျနော်တို့ ထောက်ပြထားပါတယ်”ဟု NLD ကြေညာချက် ၁၆/၂ဝဝ၈ အား ဦးအုန်းကြိုင်က ပြန်လည် ရှင်းလင်း ပြောဆိုသွားသည်။