နေပြည်တော်၊ ဥတ္တရသီရိမြို့နယ် မောင်းရမ်းရွာရှိ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ရုံးတွင် စိုက်ထူထားသည့် ဒေါ်အောင်ဆန်းစုကြည်ပုံပါ ဆိုင်းဘုတ်ကို ချွန်ထက်သည့်အရာဖြင့် ဖျက်ဆီးခံခဲ့ရသည်ဟု မြို့နယ် အောင်နိုင် ရေး အလုပ်အမှုဆောင်အဖွဲ့ဝင် ဦးဌေးဝင်းက မဇ္ဈိမကို ပြောသည်။
အလျား ၈ ပေ၊ အနံ ၄ ပေရှိ ဆိုင်းဘုတ်ပေါ်ရှိ ဗိုလ်ချုပ်အောင်ဆန်းနှင့် ဒေါ်အောင်ဆန်းစုကြည်တို့၏ ပုံတွင် ဒေါ်အောင်ဆန်းစုကြည်၏ မျက်နှာကို ချွန်ထက်သည့် အရာဖြင့် ဖျက်ဆီးခြင်းဟု ဦးဌေးဝင်းက ပြောသည်။
"အမေစုနဲ့ ဗိုလ်ချုပ်အောင်ဆန်းပုံပါတဲ့ ဆိုင်းဘုတ်ပါ။ အဲဒီမှာ အမေစု မျက်နှာကို ဓါးနဲ့ ခွဲသလိုမျိုး ဆုတ်ဖြဲ သွားတယ်" ဟု မဇ္ဈိမကို ပြောသည်။
ဥတ္တရသိရီမြို့နယ်တွင် တရားရုံး မရှိသေးသည့်အတွက် အဆိုပါကိစ္စနှင့် ပတ်သက်၍ ဇဗ္ဗူသီရိမြို့နယ် တရားရုံးသို့ တိုင်ကြားရန် ပြင်ဆင်နေသည်ဟုလည်း သိရသည်။
ဖေဖေါ်ဝါရီလအတွင်းကလည်း ဥတ္တရသီရိမြို့နယ် ဘုရားတောင်ရွာတွင် ဖြစ်ပေါ်ခဲ့သေးပြီး ဇဗ္ဗူသီရိ မြို့နယ်တရားရုံးသို့ တိုင်ကြားခဲ့သော်လည်း သက်သေခိုင်လုံမှု မရှိဟုဆိုကာ တရားသူကြီးမှ အမှုကို ပလပ်ခဲ့သည်ဟု ဦးဌေးဝင်းက ပြော သည်။
မန္တလေးတိုင်း ချမ်းမြသာစည်နှင့် ပြည်ကြီးတံခွန်မြို့နယ်များတွင် ဒေါ်အောင်ဆန်းစုကြည်ကို ပုဂ္ဂိုလ်ရေးတိုက်ခိုက်သည့် စာရွက်ငယ်များ တနင်္လာနေ့က ဖြန့်ဝေမှုရှိခဲ့ကြောင်း သိရသည်ဟု NLD ပြန်ကြားရေးတာဝန်ခံ ဦးအုန်းကြိုင်က မဇ္ဈိမကို ပြောသည်။
"နိုင်ငံခြားက ပေးတဲ့ အကူအညီ၊ ပိုက်ဆံတွေသုံးတယ်ပေါ့။ ဒါဟာ လိမ်တာတခုပဲ ဆိုပြီးတော့ ရေးထားတယ်" ဟု စာရွက်ပါ အကြောင်းအရာကို ဦးအုန်းကြိုင်က မဇ္ဈိမကို ပြောသည်။ အဆိုပါ ဖြစ်စဉ်များနှင့် ပတ်သက်၍ သက်သေရှာ ရန် ခက်ခဲနေသည်ဟုလည်း ဦးအုန်းကြိုင်က ပြောသည်။
ဥတ္တရသီရိမြို့နယ်တွင် အသက် ၅ဝ အရွယ်ရှိ မန္တလေးတိုင်း မိုးကုတ်မြို့နယ်သား ဦးမင်းသူ NLD မှ ဝင်ရောက် အရွေးခံမည်ဖြစ်သည်။ ဇန်နဝါရီလ ၁၂ ရက်နေ့က ရာထူးမှ အနားပေးခြင်းခံရသူ သမ္မတရုံးဝန်ကြီး ဦးကျော်စွာခိုင် ၂ဝ၁ဝ ရွေးကောက်ပွဲက အနိုင်ရခဲ့သည့် မဲဆန္ဒနယ် ဖြစ်သည်။
လက်ရှိ သမ္မတ ဦးသိန်းစိန် အနိုင်ရခဲ့သည့် မန္တလေးတိုင်း ဇမ္ဗူသီရိမြို့နယ်တွင်မူ ဟစ်ဟော့အဆိုတော် ဇေယျာသော် ဝင်ရောက်အရွေးခံမည် ဖြစ်သည်။