အိန္ဒိယနိုင်ငံ၊ မီဇိုရမ် ပြည်နယ်တွင် နေထိုင်လျက်ရှိသည့် မြန်မာနိုင်ငံမှ ချင်းဒုက္ခသည် တသိန်းခန့် မှာ လူသားချင်း စာနာထောက်ထားသည့် အကူအညီများ အရေးတကြီး လိုအပ်နေသည်ဟု အမေရိကန်နိုင်ငံ ဝါရှင်တန်ဒီစီတွင် မတ်လ ၆ ရက်နေ့တွင် ထုတ်ပြန်ရန်ရှိသည့် အစီရင်ခံစာတစောင်က ဆိုထားသည်။
အင်္ဂလိပ်ဘာသာဖြင့် ထုတ်ဝေသည့် Seeking Refuge အစီရင်ခံစာက အိန္ဒိယ ဗဟိုအစိုးရနှင့် မီဇိုရမ်ပြည်နယ် အစိုးရတို့အား နိုင်ငံတကာ အသိုင်းအဝိုင်းနှင့် ပူးပေါင်းဆောင်ရွက်၍ ဒုက္ခသည်များအား အကာအကွယ် ပေးရန်နှင့် လိုအပ်သည့် လူသားချင်း စာနာထောက်ထားမှှု အကူအညီများပေးရန် တောင်းဆိုထားသည်။
“မီဇိုရမ်ပြည်နယ်အတွင်းရှိ ချင်းလူမျိုးများသည် နိုင်ငံတကာ အသိုင်းအဝိုင်း၏ အရေးတယူ အာရုံစိုက်မှု မခံရကြောင်း နှင့် ထိုကဲ့သို့ ဖြစ်ရသည်မှာ အချိန်ကြာမြင့်စွာ ကတည်းက တည်ရှိနေခဲ့သည့် ထိုဒေသသို့ ခရီးသွားလာမှု အကန့်အသတ်များအပြင် UNHCR မှ မီဇိုရမ်ပြည်နယ်သို့ ဝင်ရောက်ခြင်း မရှိခဲ့သည့် အတွက်ကြောင့်ဖြစ်သည်” ဟု ပါရှိသည်။
၁၃၄ မျက်နှာ ရှိသည့် ထိုအစီရင်ခံစာအရ မီဇိုရမ်ပြည်နယ်တွင် လာရောက်ခိုလှုံနေကြသည့် ချင်းလူမျိုးများမှာ ထိုပြည်နယ် လူဦးရေ၏ ဆယ်ရာခိုင်နှုန်းနီးပါး ရှိနေပြီဖြစ်ပြီး ဝန်ထုပ်ဝန်ပိုးကြီးတခု ဖြစ်လျက်ရှိကြောင်းလည်း ဆိုသည်။
မြန်မာနိုင်ငံမှ အိမ်နီးချင်း အိန္ဒိယနိုင်ငံရှိ မီဇိုရမ်ပြည်နယ်သို့ လာရောက်ခိုလှုံနေကြသည့် ချင်းလူမျိုးများအား အကာအကွယ်ပေးရန် လိုအပ်နေမှုနှင့် လူသားချင်း စာနာထောက်ထားမှု အကူအညီများ လိုအပ်နေမှုကို ဖော်ပြ ထားခြင်း ဖြစ်သည်။
“သူတို့ဟာ ဥပဒေရဲ့ အကာအကွယ်ပေးမှုကို မရတဲ့အပြင် အများအပြားဟာ စီးပွါးရေးအရ မလုံခြံုမှုကို ကြံုတွေ့နေ ရပြီး လုံလောက်သည့် နေထိုင်စရာနေရာများ မရမှု၊ အစားအသောက်များ မလုံလောက်မှုနှင့် ကျန်းမာရေး စောင့်ရှောက်မှုနှင့် ပညာရေး အခွင့်အလမ်းများ မရရှိပဲ ဖြစ်နေသည်” ဟု အစီရင်ခံစာက ဆိုထားသည်။
f
ထိုအစီရင်ခံစာအတွက် အထောက်အပ့ံ ပေးခဲ့ကြသည့် အဖွဲ့အစည်းများမှာ Jesuit Refugee Service/USA၊ Lutheran Immigration and Refugee Service၊ U.S. Conference of Catholic Bishops၊ Women's Refugee Commission နှင့် World Relief တို့ဖြစ်သည်။
အမေရိကန် အခြေစိုက် ဒုက္ခသည်ကောင်စီ (USA) ကလည်း မြန်မာ့နိုင်ငံရေး ဖြစ်ပေါ်တိုးတက်မှုများအား အာရုံ စူးစိုက်မှုများ ရှိနေလင့်ကစား ဘာသာရေးနှင့် လူမျိုးအရ အနည်းစုဖြစ်နေသည့် ချင်းတိုင်းရင်းသား များအရေးကိုလည်း အာရုံစူးစိုက်ကြစေလိုကြောင်းလည်း ပြောသည်။
“ကျနော်တို့ အနေနဲ့ တိုင်းရင်းသား လူနည်းစုများနဲ့ ဘာသာရေးအရပါ အနည်းစုများဖြစ်တဲ့ ချင်းလူမျိုးတွေလို မြန်မာပြည်ထဲကနေ ထွက်ပြေးလာခဲ့ရတဲ့ ဒုက္ခသည်တွေ အရေးကိုလည်း အာရုံစိုက်ကြဖို့ တိုက်တွန်း လိုပါတယ်။ ဒီအစီရင်ခံစာထဲမှာ ချင်းလူမျိုးတွေ ဘာကြောင့် ထွက်ပြေးလာခဲ့ရလဲ၊ ဘယ်လိုစိန်ခေါ်မှုတွေနဲ့ ရင်ဆိုင်နေရသလဲ ဆိုတာတွေ၊ မီဇိုရမ်ပြည်နယ်မှာ ချင်းလူမျိုးတွေ ခိုလှံှုတဲ့အခါ သူတို့နဲ့ မီဇိုရမ်ပြည်နယ် ရင်ဆိုင်ရမယ့် စိန်ခေါ်မှုတွေ ကို ဖော်ပြထားပါတယ်” ဟု ဒုက္ခသည်ကောင်စီ ဥက္ကဋ္ဌ Dan Kosten က ပြောသည်။
၁၉၆၂ ခုနှစ်မှ စတင်၍ ချင်းလူမျိုးများ မြန်မာနိုင်ငံတွင်းမှ အတင်းအကြပ် မောင်းထုတ်ခံရမှုများ အဆက်မပြတ် ဖြစ်ပေါ်ခဲ့သလို ၁၉၈၈ ခုနှစ် စစ်အာဏာသိမ်းပြီး နောက်ပိုင်းတွင် ပိုမိုများပြားသည့် ချင်းလူမျိုးများ မီဇိုရမ်သို့ ခိုလှုံလာကြခြင်း ဖြစ်သည်။
မြန်မာနိုင်ငံ ချင်းပြည်နယ်အတွင်းတွင် ဖြစ်ပွါးခဲ့သည့် အနိုင်ကျင့်မှု များထဲတွင် လုပ်အားပေးရန် အတင်းအကြပ် ခိုင်းစေမှု၊ နှိပ်စက်မှုနှင့် ဘာသာရေး နှိပ်ကွပ်မှုများ ပါဝင်သည်ဟု အစီရင်ခံစာက ဆိုသည်။
ထို့အပြင် လူသားခြင်း စာနာထောက်ထားမှု အကူအညီ ပေးအပ်ရေးအဖွဲ့များ ဖွ့ံဖြိုးရေးအဖွဲ့များနှင့် နိုင်ငံတကာ အန်ဂျီအိုများ ပါဝင်သည့် အမေရိကန် အခြေစိုက် အကြီးဆုံး ညွန့်ပေါင်းအဖွဲ့ဖြစ်သည့် Humanitarian Policy and Practice of InterAction ၏ ဒုဥက္ကဋ္ဌ Joel Charny ကလည်း “မြန်မာနိုင်ငံမှာ ရေရှည်အတွက် ဘယ်လိုပြောင်းလဲမှု တွေပဲ ဖြစ်ပေါ်လာပါစေ၊ အိန္ဒိယ နိုင်ငံ မီဇိုရမ် ပြည်နယ်က ချင်းလူဦးရေ တသိန်းခန့်လို မြန်မာနိုင်ငံထဲက တိုင်းရင်းသား လူနည်းစု ဒုက္ခသည်တွေကို အကာအကွယ်ပေးဖို့နဲ့ လူသားချင်းစာနာမှု အကူအညီတွေ ပေးအပ်ဖို့ အရေးတကြီး လိုအပ်နေပါတယ်” ဟု ဆိုခဲ့သည်။
မီဇိုရမ်ပြည်နယ်သည် မြန်မာနိုင်ငံ ချင်းပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့နှင့် နယ်နိမိတ်ချင်း ထိစပ်လျက် ရှိသည်။