တိုင်ရီပဋိပက္ခ ဝါဏိဇ္ဇခုံရုံး ဆုံးဖြတ်ချက် ချတော့မည်

တိုင်ရီပဋိပက္ခ ဝါဏိဇ္ဇခုံရုံး ဆုံးဖြတ်ချက် ချတော့မည်
by -
မဇ္ဈိမ

ရန်ကုန်တိုင်း၊ လှိုင်သာယာ စက်မှုဇုန်ရှိ တိုင်ရီဖိနပ်စက်ရုံမှ အလုပ်သမားများ၏ အခြေခံ ရပိုင်ခွင့်တောင်းဆို ချက်များအား ဝါဏိဇ္ဇပဋိပက္ခဖြေရှင်းရေး ကော်မတီက ကြာသာပတေးနေ့တွင် ဆုံးဖြတ်ချက်ချ မည်ဟု အလုပ်သမားများကို ကူညီပေးနေသည့် ကိုဖိုးဖြူက မဇ္ဈိမကို ပြောသည်။

လှိုင်သာယာမြို့နယ် အလုပ်သမားရုံးတွင် ခုံရုံးဖွဲ့ကာ အလုပ်ရှင် အလုပ်သမား သက်သေခံချက်များ တင်သွင်း ခြင်း၊ မေးမြန်စစ်မေးခြင်း၊ ပြန်လှန်စစ်မေးခြင်းများကို ဝါဏိဇ္ဇပဋိပက္ခ ခုံရုံးကော်မတီက ဗုဒ္ဓဟူးနေ့တွင် ဆောင်ရွက်ခဲ့သည်။

"မနက်ဖြန်တော့ အမိန့်ချဖြစ်လိမ့်မယ်လို့ ဝါဏိဇ္ဇပဋိပက္ခ ခုံရုံးကော်မတီ ဥက္ကဋ္ဌ ဦးစောစိုးတင့် ကနေပြီးတော့ ညွှန်ကြားတယ်ဗျာ။ ကျနော်တို့က အဲဒီအမိန့် ဘာများဖြစ်လာမလဲလို့ စောင့်နေတယ်။ ဒီခုံရုံးရဲ့ ဆုံးဖြတ် ချက်တွေ အကောင်းဆုံးဖြစ်မယ်လို့ မျှော်လင့်ပါတယ်" ဟု ကိုဖိုးဖြူက ပြောသည်။

အလုပ်သမား ၁၈၀၀ ကျော်၏ ဆန္ဒပြခြင်းခံနေရသော လှိုင်သာယာ စက်မှုဇုန်ရှိ တိုင်ရီ ဖိနပ်စက်ရုံအား ဖေဖေါ်ဝါရီလ ၂၂ ရက်နေ့က တွေ့မြင်ရစဉ်။ (ဓါတ်ပုံ - မဇ္စျိမ)

ဗုဒ္ဓဟူးနေ့ စစ်ဆေးကြားနာမှုကို အလုပ်သမား ကိုယ်စားလှယ် ၄၅ ဦး အပါအဝင်၊ ရှေ့နေများဖြစ်သည့် ဒေါ်အေးအေးကြည်၊ ဒေါ်အိဖြူလွင်တို့ တက်ရောက်ခဲ့ပြီး အလုပ်ရှင်ဘက်မှလည်း ရှေ့နေနှစ်ဦးနှင့် မန်နေဂျာများ၊ စာရင်းကိုင်တို့ တက်ရောက် လျှောက်လဲခဲ့ကြသည်။

တိုင်ရီဖိနပ်စက်ရုံမှ အလုပ်သမားများသည် လုပ်ခ တနာရီလျှင် ၁၅ဝ ကျပ်၊ ရက်မှန်ကြေး ၈,ဝဝဝ ကျပ် ပေးရေး အပါအဝင် အခြား လူမှုဖူလုံရေးနှင့် လုပ်ငန်းခွင် သာယာရေး တောင်းဆိုချက်များကို ဖေဖေါ်ဝါရီလ ၆ ရက်နေ့တည်း က တောင်းဆိုထားသော်လည်း အလုပ်ရှင်မှ လိုက်လျောခြင်းမရှိသည့်အတွက် ဝါဏိဇ္ဇပဋိပက္ခကော်မတီ ခုံရုံးသို့ ၂၂ ရက်နေ့တွင် တင်သွင်းလျှောက်ထားခဲ့ကြခြင်း ဖြစ်သည်။

ထိုကာလအတွင်း အလုပ်သမားများ ဗုဒ္ဓဟူးနေ့မှစ၍ လုပ်ငန်းခွင်သို့ ပြန်လည်ဝင်ရောက် အလုပ်လုပ်နေကြ သည်ဟု လည်း သိရသည်။

အလုပ်သမားများဘက်မှ တောင်းဆိုချက်များတွင် ရက်ပျက်ကြေး မဖြတ်တောက်ရန်၊ လုပ်ငန်းခွင်အတွင်း ဖိနပ်များ မတော်တဆ ပျက်စီးပါက လစာငွေ ဖြတ်တောက်ခြင်း မပြုရန်၊ သောက်ရေ လုံလောက်စွာ ပေးရန်၊ အလုပ်သမား အယောက် ၅ဝ ကို အိမ်သာတလုံးကျ ထားပေးရန်တို့ကိုလည်း တောင်းဆိုထားကြသည်။

တိုင်ရီ စက်ရုံမှ အလုပ်သမားများသည် မိမိတို့၏ ဆုံးရှုံးနစ်နာမှုမျာကို တင်ပြတောင်းဆိုနိုင်ရန် ဗုဒ္ဓဟူးနေ့တွင် ၄၅ ဦး ခေါင်းဆောင်သည့် အလုပ်သမား ယာယီဦးဆောင်ကော်မတီကိုလည်း အဖွဲ့ဝင် ၁၃၁၁ ဦးဖြင့် ဖွဲ့စည်းခဲ့ကြသည်။

အလုပ်သမားသမဂ္ဂ ဖွဲ့စည်းခွင့်အတွက် အစိုးရသစ်မှ ၂ဝ၁၁ အောက်တိုဘာလ ၁၁ ရက်နေ့တွင် အလုပ်သမား ဥပဒေ ပြဋ္ဌာန်းခဲ့သော်လည်း နည်းဥပဒေ ထပ်မံထွက်ရှိလာခြင်း မရှိသေးသည့်အတွက် အလုပ်သမားများ အလုပ်သမားသမဂ္ဂ ဖွဲ့စည်းနိုင်ခြင်း နှောင့်နှေးနေသေးသည်။

အဆိုပါ အလုပ်သမားဥပဒေ၏ အသေးစိတ် ပြဋ္ဌာန်းချက်ဖြစ်သော နည်းဥပဒေ ထုတ်ပြန်ပြီးပါက အလုပ်သမား သမဂ္ဂအဖြစ်ဖွဲ့စည်းကာ အလုပ်သမားများ အခွင့်အရေးများကို တောင်းဆိုလာနိုင်မည်ဟုလည်း မျှော်လင့်နေကြသည်။

"အလုပ်သမားတွေက ဆုံးရှုံးတာ နစ်နာတာတွေကို သူတို့ ပြောရေးဆိုခွင့်လည်းမရှိဘူး၊ ရှေ့လည်း မထွက် ရဲဘူး။ သမဂ္ဂ အဖွဲ့အစည်းတွေ ရှိလာရင်တော့ တောင်းဆိုလို့ ရပြီပေါ့" ဟု တိုင်ရီ စက်ရုံ အလုပ်သမား ခေါင်းဆောင်ဒေါ်မိုးဝေက ပြောသည်။

အလုပ်သမား အဖွဲ့များ ဖွဲ့စည်းခြင်းနှင့် ပတ်သက်၍လည်း အခြေခံ အလုပ်သမားအဖွဲ့အစည်းတွင် အနည်းဆုံး အလုပ်သမားဦးရေ ၃ဝ ဖြင့် ဖွဲ့စည်းနိုင်ပြီး သက်ဆိုင်ရာ လုပ်ငန်းရှိ အလုပ်သမား ၁ဝ ရာခိုင်နှုန်းမှ ထောက်ခံ ရမည်ဟု ပါရှိသည်။ အခြေခံအဆင့်၊ မြို့နယ်အဆင့်၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အဆင့်၊ ဗဟိုအဆင့် နိုင်ငံလုံးဆိုင်ရာ အလုပ်သမားရေးရာအဖွဲ့ဟူ၍  ခွဲခြားထားသည်။

၂ဝ၁၁ အောက်တိုဘာလ ၁၁ ရက်နေ့က ထုတ်ပြန်သည့် အလုပ်သမား ဥပေဒတွင် အခန်း ၁၄ ခန်းပါဝင်ပြီး၊ အပိုဒ် ၅၈ ပိုဒ်ဖြင့် ဖွဲ့စည်းထားသည်။ အဆိုပါဥပဒေတွင် ဆန္ဒပြရန်အတွက် ကန့်သတ်ချက်များလည်း ပါဝင်သည်။

အလုပ်သမားများအနေဖြင့် သပိတ်မှောက်လိုပါက သက်ဆိုင်ရာ အလုပ်သမား အဖွဲ့ချုပ်၏ ညွှန်ကြားချက်ဖြင့် သပိတ်မှောက်မည့်နေ့ရက်၊ နေရာ၊ ပါဝင်မည့်သူဦးရေ၊ သက်ဆိုင်ရာ အလုပ်ရှင်နှင့် ညှိနှိုင်းဖြန်ဖြေရေး အဖွဲ့တို့သို့ ၁၄ ရက် ကြိုတင်အကြောင်းကြားရမည်ဟု ပါရှိသည်။

ဥပဒေပါ ပြဋ္ဌာန်းချက်များကို ကျူးလွန်ပါက ပြစ်ဒဏ်အဖြစ် ထောင်ဒဏ်တနှစ် သို့မဟုတ် ငွေဒဏ်ကျပ်တသိန်း၊ ဒဏ်နှစ်ရပ်လုံးကို ချမှတ်နိုင်သည်ဟု ပါရှိသည်။

Most read this week