ဒေါ်အောင်ဆန်းစုကြည် ကချင်ခေါင်းဆောင်များနှင့် တွေ့ဆုံမည်

ဒေါ်အောင်ဆန်းစုကြည် ကချင်ခေါင်းဆောင်များနှင့် တွေ့ဆုံမည်
by -
မဇ္ဈိမ

ကြာသပတေးနေ့တွင် စတင်မည့် ဒေါ်အောင်ဆန်းစုကြည်၏ ကချင်ပြည်နယ်ခရီးစဉ်တွင် ကချင်အမျိုးသား အတိုင်ပင်ခံအဖွဲ့ WMR ခေါင်းဆောင်များနှင့် တွေ့ဆုံသွားမည် ဖြစ်ကြောင်း ကချင်ခေါင်းဆောင်များ ထံမှ သိရသည်။

ဒေါ်အောင်ဆန်းစုကြည်၏ ကချင်ပြည်နယ်ခရီးစဉ်တွင် ကချင်အမျိုးသား အတိုင်ပင်ခံအဖွဲ့ WMR ခေါင်းဆောင်များနှင့် တွေ့ဆုံသွားမည် ဖြစ်ကြောင်း ကချင်ခေါင်းဆောင်များ ထံမှ သိရ (ဓါတ်ပုံ မဇ္စျိမ)
“ကျနော်တို့ကတော့ ဘာဆွေးနွေးဖို့ ကြိုတိုင်ပင်ထားတာတော့ မရှိသေးဘူး။ ဒါပေမယ့် သူနဲ့ တွေ့ဆုံတဲ့အခါမှာပဲ အချင်းချင်း မိတ်ဆက်ရင်းနဲ့ ပြောကြဆိုကြမှာပါ။ အိမ်ရှင်ဆိုတော့ ဧည့်သည်က လာတွေ့တယ်ဆိုရင် လက်ခံ ကြိုဆိုပါ တယ်”ဟု အမည်မဖော်လိုသည့် WMR  အဖွဲ့ဝင် ကချင်ခေါင်းဆောင်တဦးက မဇ္စျိမကို ပြောသည်။

WMR ကချင်အတိုင်ပင်ခံအဖွဲ့တွင် ကချင်လွတ်မြောက်ရေးအဖွဲ့ KIO၊ ကချင် ပြည်နယ်တွင်းရှိ စီးပွားရေး လုပ်ငန်းရှင် များ၊ ဘာသာရေး ခေါင်းဆောင်များ အပါအဝင် အဖွဲ့ဝင် ၅ဝ ကျော် ပါဝင်ပြီး ထိုအဖွဲ့မှ ခေါင်းဆောင်အချို့သည် ကချင်လွတ်မြောက်ရေးအဖွဲ့ KIO နှင့် အစိုးရအကြား ငြိမ်းချမ်းရေးရရှိရန် ညှိုနိုင်းပေးနေသည်။

ဒေါ်အောင်ဆန်းစုကြည်နှင့် မည်သည့် အကြောင်းအရာများ ဆွေးနွေးဖြစ်မည် ဆိုသည်ကိုမူ WMR က ထုတ်ဖော် ပြောဆိုခြင်း မရှိသေးပေ။

အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် NLD ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်သည် ကြာသပတေးနေ့တွင် ရန်ကုန်မြို့မှမြစ်ကြီးနားမြို့သို့ လေကြောင်းမှ သွားရောက်မည် ဖြစ်ပြီး မိုးကောင်းမြို့နယ် နမ္မတီးကျေးရွာ အုပ်စုရှိ အားကစားကွင်း တွင် လူထုဟောပြောပွဲ နေ့ချင်း ပြုလုပ်မည်ဖြစ်သည်။ ဟောပြောမည့် စင်မြင့်ကို နမ္မတီး NLD လူငယ်များက အဆင်သင့် ဆောက်လုပ်ကာ လုံခြံုရေး စီစဉ်ထားကြောင်း နမ္မတီး စည်းရုံးရေးအဖွဲ့ဝင် ဦးဝင်းဗိုလ်က ပြောသည်။

သောကြာနေ့၌ မြစ်ကြီးနားမြို့ စီတာပူရပ်ကွက်ရှိ ကချင်ရိုးရာမနောကွင်းတွင် စည်းရုံး ဟောပြောဦးမည် ဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည်သည် မြစ်ကြီးနားမြို့ရှိ ဝန်းသိုကျောင်းတိုက် ဆရာတော်နှင့်လည်း တွေ့ဆုံမည် ဖြစ်ကြောင်း ဆရာတော်နှင့် နီးစပ်သည့် မြစ်ကြီးနားမြို့ခံတဦးက ပြောသည်။

ထို့နောက် ဗန်းမော်မြို့ဘက်သို့ သွားရောက်၍ ကချင်ရိုးရာ မနောကွင်းတွင် ဟောပြောဦးမည်ဟု NLD မဲဆွယ် စည်းရုံးရေး မန်နေဂျာ ဦးဉာဏ်ဝင်းက ပြောသည်။

ဒေါ်အောင်ဆန်းစုကြည်သည် ကချင်ပြည်နယ်သို့ ၁၉၈၉ ခုနှစ် နှင့် ၂ဝဝ၃ ခုနှစ်များတွင် သွားရောက်ခဲ့ပြီး ယခု ခရီးစဉ် မှာ တတိယအကြိမ်မြောက် ဖြစ်သည်။

၁၉၈၉ ခုနှစ်က သွားရောက်စဉ် ပင်လုံပြည်ထောင်စု လမ်းပြမြေပုံကို ဗိုလ်ချုပ်အောင်ဆန်းနှင့်အတူ ရေးဆွဲခဲ့သည့် ဒူဝါဇော်ရစ်ပ်နှင့် တွေ့ဆုံဆွေးနွေးခဲ့သည်။

NLD ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်သည် ပြီးခဲ့သည့် သီတင်းပတ်များအတွင်း မြန်မာပြည် တောင်ပိုင်းနှင့် အလယ်ပိုင်းဒေသများဖြစ်သည့် ထားဝယ်၊ ပခုက္ကူ၊ ပုသိမ်၊ ကော့မှူး၊ လှည်းကူးနှင့် ဖျာပုံမြို့များသို့ မဲဆွယ် စည်းရုံးရေး ခရီးစဉ် အဖြစ် သွားရောက်ခဲ့သည်။

မန္တလးတိုင်း NLD မှ ဒေါ်ဝင်းမြမြ အပါအဝင် အဖွဲ့ဝင် ရ ဦးသည်လည်း ကချင်စစ်ပြေး ဒုက္ခသည်များအား ကူညီရန် အတွက် အဝတ်အထည်များနှင့် ကျပ်သိန်း ၁ဝဝ ယူဆောင်ပြီး မြစ်ကြီးနားမြို့သို့ မီးရထားဖြင့် ဗုဒ္ဓဟူးနေ့က ထွက်ခွာ သွားပြီဖြစ်ကြောင်း သိရသည်။

Most read this week