ဧပြီ ၁ ရက်နေ့တွင် ကျင်းပမည့် ကြားဖြတ်ရွေးကောက်ပွဲ၌ နိုင်ငံတကာ စောင့်ကြည့် လေ့လာသူများ လာရောက်ခွင့်ပြုရန် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ထံ အနည်းဆုံး နိုင်ငံရေးပါတီ နှစ်ခုက တင်ပြခဲ့ သော်လည်း ကော်မရှင်က တစုံတရာ ဖြေကြားခဲ့ခြင်း မရှိကြောင်း နိုင်ငံရေးပါတီများထံမှ သိရသည်။
ရွေးကောက်ပွဲ ဝင်မည့် နိုင်ငံရေးပါတီ ၁၇ ပါတီမှ ကိုယ်စားလှယ်များနှင့် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်တို့ အင်္ဂါနေ့က နေပြည်တော်တွင် တွေ့ဆုံကြစဉ် နိုင်ငံတကာ စောင့်ကြည့်လေ့လာရေးအဖွဲ့ လာရောက်ခွင့် ပြုသင့်ကြောင်း ရှမ်းတိုင်းရင်းသား ဒီမိုကရက်တစ်ပါတီ SNDP မှ တင်ပြခဲ့သည်ဟု ယင်းပါတီမှ တွဲဖက်အထွေထွေ အတွင်းရေးမှူး ဦးစိုင်းမောင်တင်က ပြောသည်။
ယင်းအချက်ကို SNDP ကိုယ်စားလှယ် ဦးစိုင်းဖုန်းအောင်က မေးမြန်း တင်ပြခဲ့သော်လည်း ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌ ဦးတင်အေးက တစုံတရာ ဖြေကြားခြင်း မရှိခဲ့ဟု ဦးစိုင်းမောင်တင်က ပြန်ပြောပြသည်။
“အဲဒါကို ဖြေမသွားဘူးဗျ။ ဘာမှ မပြောဘူး။ အဲဒီမေးထားတဲ့ မေးခွန်းကို ချန်ထားတယ်။ ဖြေတဲ့အထဲမှာ မပါသွားဘူး” ဟု ၎င်းက ပြောသည်။
အမျိုးသား ဒီမိုကရေစီပါတီသစ် ပါတီမှ ပြည်သူ့လွတ်တော် ကိုယ်စားလှယ် ဦးသိန်းညွန့်ကလည်း တပါတီချင်း အလိုက် ဆွေးနွေးရာတွင် ၎င်းအလှည့် ရောက်သည့်အခါ ယင်းအချက်ကို ထောက်ခံ ဆွေးနွေးခဲ့ကြောင်း၊ ကော်မရှင်ဥက္ကဋ္ဌက ပြန်လည် မဖြေကြားခဲ့သော်လည်း လုံးဝ ပယ်ချခဲ့ခြင်း မရှိကြောင်း မဇ္စျိမကို ပြောသည်။
“ကျနော်ကလည်း ဒီကြားဖြတ်ရွေးကောက်ပွဲက ပြည်တွင်းပြည်ပ စောင့်ကြည့်မယ်။ နိုင်ငံတကာ မီးမောင်းထိုးမှုကို ရောက်မယ်။ အဲဒါကို ပြောတာ။ ပြန်ဖြေတဲ့အထဲမှာ အဲဒါ မပါဘူး။ သေချာပြောနိုင်တာက ငြင်းပယ်တာ မရှိဘူး” ဟု ဦးသိန်းညွန့် က ပြောသည်။
ယခင်လက မြန်မာနိုင်ငံသို့လာရောက်ခဲ့သည့် အမေရိကန် အထက်လွှတ်တော်အမတ် ဂျွန်မက်ကိန်းက မြန်မာ အစိုးရ အနေဖြင့် ကြားဖြတ်ရွေးကောက်ပွဲတွင် နိုင်ငံတကာ စောင့်ကြည့်လေ့လာသူများ လာရောက် လေ့လာခွင့်ပြုရန် တိုက်တွန်း ပြောဆိုခဲ့သည်။
အင်္ဂါနေ့တွေ့ဆုံပွဲတွင် နိုင်ငံရေးပါတီများက ယခင် ၂ဝ၁ဝ ရွေးကောက်ပွဲကဲ့သို့ မဲမသမာမှုများ မရှိစေရေးနှင့် ပတ်သက် ၍ တင်ပြရာတွင်မူ ကော်မရှင် ဥက္ကဋ္ဌ ဦးတင်အေးက တရားမျှတပြီး စစ်မှန်သည့် ကြားဖြတ် ရွေးကောက်ပွဲ ဖြစ်ရန် ကတိပေးခဲ့ကြောင်း ဦးစိုင်းမောင်တင်က ဆက်ပြောသည်။
“သူ့အနေနဲ့ ကတိပေးတယ် ပေါ့နော်။ ဒါပေမယ့် သူတို့ ရွေးကောက်ပွဲ ကော်မရှင်တရပ်ထဲ လုပ်လို့ မရဘူး။ နိုင်ငံရေး ပါတီတွေ ကနေလည်း စောင့်ကြည့်ပြီးတော့ ထိန်းညှိကြဖို့ ပြောသွားပါတယ်”ဟု မဇ္စျိမကို ပြောသည်။
နိုင်ငံရေးပါတီ ၁၉ ခု ရှိခဲ့ရာတွင် မဲဆန္ဒနယ် ၃ နေရာ မပြိုင်နိုင်သဖြင့် မကြာမီက ဖျက်သိမ်းခံခဲ့ရသည့် ဒီမိုကရက်တစ် မဟာမိတ်ပါတီနှင့် ၈၈ ပြည်သူ့အင်အား ပါတီနှစ်ခု မှ လွှတ်တော်ကိုယ်စားလှယ်လောင်း နှစ်ဦးကို တသီးပုဂ္ဂလ ကိုယ်စားလှယ်လောင်းအဖြစ် ယှဉ်ပြိုင်ခွင့်ပြုလိုက်သည်ဟု အမျိုးသားဒီမိုကရေစီ အင်အားစုပါတီ NDF မှ ဦးစိုးဝင်းက ပြောသည်။
ကြားဖြတ် ရွေးကောက်ပွဲတွင် လစ်လပ်နေသည့် နေရာပေါင်း ၄၈ နေရာတွင် ဝင်ရောက် ယှဉ်ပြိုင်ကြမည့် နိုင်ငံရေး ပါတီပေါင်း ၁၇ ပါတီရှိပြီး တသီးပုဂ္ဂလ ကိုယ်စားလှယ်လောင်းများ အပါအဝင် စုစုပေါင်း ၁၅၄ ဦး ယှဉ်ပြိုင်မည် ဖြစ်ကြောင်း အမည်စာရင်းများကိုလည်း ကော်မရှင်က အင်္ဂါနေ့က ထုတ်ပြန်လိုက်သည်။
သို့သော် နေပြည်တော်တွင် တစုတစည်းထဲ ထုတ်ပြန်ခြင်း မဟုတ်ဘဲ ဒေသန္တရအဆင့် ရွေးကောက်ပွဲ ကော်မရှင်များ က မိမိတို့ နယ်မြေအလိုက် သီးခြားစီ ထုတ်ပြန်ထားကြောင်း သိရှိရသည်။