FDB က လွှတ်တော်ပြင်ပ တွေ့ဆုံပွဲ လိုလား

FDB က လွှတ်တော်ပြင်ပ တွေ့ဆုံပွဲ လိုလား
by -
မဇ္ဈိမ

မြန်မာနိုင်ငံဒီမိုကရက်တစ် အင်အားစု FDB က ဦးအောင်မင်းနှင့် တွေ့ဆုံလျှင် နိုင်ငံရေးအရ ပါဝင်ပတ်သက်သူ အားလုံး ပါဝင်နိုင်မည့် လွှတ်တော်ပြင်ပ တွေ့ဆုံဆွေးနွေးမှုမျိုး လိုလားကြောင်း တင်ပြမည်ဟု အဖွဲ့အတွင်းရေးမှူးချုပ် ဒေါက်တာနိုင်အောင်က ပြောသည်။

သမ္မတကိုယ်စားလှယ် ရထားဝန်ကြီး ဦးအောင်မင်း ခေါင်းဆောင်သည့် ပြည်ထောင်စု ငြိမ်းချမ်းရေး အဖွဲ့နှင့် တွေ့ဆုံ မည်ဟု FDB အဖွဲ့ဝင် ရ ဖွဲ့နှင့် တသီးပုဂ္ဂလများ စုစုပေါင်း ၂၀ ဦးကျော် တက် ရောက်သည့် ဗုဒ္ဓဟူးနေ့ အစည်းအဝေးမှ သဘောတူညီခဲ့ကြသည်။

“အဓိကကတော့ ဗမာပြည်အနေနဲ့ အားလုံးပါဝင်တဲ့ နိုင်ငံရေးတွေ့ဆုံဆွေးနွေးပွဲဖြစ်ဖို့၊ အဲဒီတွေ့ဆုံ ဆွေးနွေးပွဲကလည်း ဗမာပြည်ကို ပြန်လည် တည်ဆောက်ဖို့အတွက် လိုအပ်တယ်ဆိုတဲ့ ကိစ္စဖြစ်ဖို့၊ နောက် အဲဒါနဲ့ ပတ်သက်တဲ့ လိုအပ်တဲ့ နိုင်ငံရေး ဝန်းကျင်တွေ ဖော်ဆောင်ဖို့ ဆိုတာတွေကို တရားဝင်ဆွေးနွေး သွားဖို့ပေါ့။ အခုကတော့ အလွတ်သဘော ဖြစ်တာကိုး” ဟု ဒေါက်တာနိုင်အောင်က မဇ္စျိမကို ပြောသည်။

လိုအပ်သည့် နိုင်ငံရေးဝန်းကျင်ဆိုသည်မှာ နိုင်ငံရေး အကျဉ်းသား အားလုံး လွှတ်ပေးရန်၊ တနိုင်ငံလုံး အပစ်ရပ်စဲရေး၊ အပြန်အလှန် ယုံကြည်မှု တည်ဆောက်ရန်၊ ရန်လိုသည့် အပြုအမှုများ ရပ်တံ့ရေး၊ လွတ်လပ်စွာ ပြောဆိုပိုင်ခွင့်နှင့် ပြည်တွင်း ပြည်ပ အဖွဲ့အစည်းများ အပြန်အလှန် ဆက်ဆံနိုင်ရေး တို့ကို ဆိုလိုသည်ဟု ပြောသည်။

အစိုးရကိုယ်စားလှယ်များ ပြောဆိုနေသည့် လွှတ်တော်အတွင်းမှ ဖွဲ့စည်းပုံပြင်ရေး၊ လွှတ်တော်ရှေ့ ထာဝရငြိမ်းချမ်းရေး လက်မှတ်ထိုးရေး ဆိုသည်မှာ မဖြစ်နိုင်ကြောင်းလည်း ထောက်ပြသည်။

“ဒီနေ့ပြည်ထောင်စုအဆင့်မှာ ပြောဖို့ရည်မှန်းထားနေတဲ့ လက်နက်ကိုင်တပ်ဖွဲ့တွေ ပါတီထောင်၊ ရွေးကောက်ပွဲဝင်၊ အများဆန္ဒနဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြောင်းကြတာပေါ့ဆိုရင် ဒါ ကျနော်တို့ အမြင်ကတော့ တဖက်သတ် ဆန်လွန်းတယ်”

“ဖြစ်သင့်တာက Dialogue လေ။ လွှတ်တော်ထဲက မဟုတ်တဲ့ လွှတ်တော်ပြင်ပ dialogue ဖြစ်မှရမယ်။ လွှတ်တော် ထဲမှာဆိုတာက လူတိုင်းလည်း ပါနိုင်တာ မဟုတ်ဘူး။ မတရား အနိုင်ရထားတဲ့ အများစုနဲ့ ဆုံးဖြတ်ချက်နဲ့ ချမယ် ဆိုတော့ ဒါ အားလုံးရဲ့ စစ်မှန်တဲ့ ကိုယ်စားပြုမှုမှ မဟုတ်တာကိုး။ အဲဒီပုံစံဆိုရင် မဖြစ်နိုင်ဘူး” ဟု သူက ဆိုသည်။

တွေ့ဆုံမှုကို ဒေါက်တာနိုင်အောင်က ဦးဆောင်မည်ဖြစ်ပြီး အဖွဲ့ဝင်ကိုယ်စားလှယ် ဦးရေနှင့် အမည်များကိုမူ လုံခြံုရေး အခြေအနေကြောင့် ကြိုတင်ထုတ်ပြန်ခြင်းမပြုဘဲ တွေ့ဆုံပြီးမှ ထုတ်ပြန်မည်ဟု ဆိုသည်။

FDB အဖွဲ့ဝင်များသည် ဇန်နဝါရီ ၂၆ ရက်နေ့က တကြိမ်ဆွေးနွေးခဲ့ပြီးနောက် ဗုဒ္ဓဟူးနေ့တွင် ထပ်မံတွေ့ဆုံ၍ အစိုးရ ကိုယ်စားလှယ်များနှင့် တွေ့ဆုံရန် အတည်ပြု ဆုံးဖြတ်ခဲ့ကြခြင်း ဖြစ်သည်။

အစိုးရက တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ အများစုနှင့် အပစ်ရပ်ရေး သဘောတူပြီးနောက် ၁၉၈၈ ခု ဒီမိုကရေစီ လူထုအုံကြွမှုနောက်ပိုင်း နယ်စပ်သို့ ထွက်လာကြသည့် ဒီမိုကရေစီအင်အားစုများနှင့် တွေ့ဆုံရန် ကြိုးစားလာခဲ့သည်။

FDB တပ်ပေါင်းစု အနေဖြင့် အလွတ်သဘော တွေ့ဆုံရန် အတွင်းရေးမှူးချုပ် ဒေါက်တာနိုင်အောင်နှင့် လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီ DPNS ဥက္ကဋ္ဌ ဦးအောင်မိုးဇော်တို့ကို ဇန်နဝါရီ ၁၉ ရက်နေ့က ငြိမ်းချမ်းရေး အကျိုးဆောင်များမှ တဆင့် ဖိတ်ကြားခဲ့သည်။

DPNS မှာမူ ဦးအောင်မင်းနှင့် အလွတ်သဘော ဆွေးနွေးရန် ဥက္ကဋ္ဌ ဦးအောင်မိုးဇော် အပါအဝင် ကိုယ်စားလှယ် ၃ ဦး ရွေးချယ်ထားပြီး ဖြစ်သည်။

fdbtable

Most read this week