၁၉၉၀ ရွေးကောက်ပွဲတွင် ထင်ရှားသည့် တိုင်းရင်းသား ပါတီကြီး လေးခုက လူထုအရေးကို တရားဝင် လုပ်ဆောင်နိုင်ကြဖို့အတွက် ပြန်လည် မှတ်ပုံတင်ရန် စီစဉ်နေကြကြောင်း ၎င်းပါတီများ၏ တာဝန်ရှိသူများ က ပြောသည်။
ရှမ်းအမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် SNLD၊ ရခိုင် ဒီမိုကရေစီ အဖွဲ့ချုပ် ALD၊ မွန်အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် MNDF နှင့် ဇိုမီး အမျိုးသား ကွန်ကရက် ZNC တို့က ပါတီများ မှတ်ပုံတင်ခြင်း ဥပဒေကို ပြင်ဆင်ပေးခြင်း၊ ဦးခွန်ထွန်းဦး အပါအဝင် နိုင်ငံရေး အကျဉ်းသားများ ပြန်လွှတ်ပေးခြင်းတို့ကြောင့် ယခုကဲ့သို့ ဆုံးဖြတ်ခဲ့ခြင်းဖြစ်ကြောင်း ပါတီ တာဝန်ရှိသူများက တညီတည်း ပြောဆိုကြသည်။
ဦးခွန်ထွန်းဦး ခေါင်းဆောင်သည့် SNLD ပါတီမှာ ၂၀၁၀ နိုင်ငံရေး ပါတီများ မှတ်ပုံတင်ခြင်း ဥပဒေအရ အလိုအလျောက် ပျက်ပြယ်ခဲ့ရပြီး ကျန်ပါတီ သုံးခုမှာ ၁၉၉၃ ခုနှစ် ဗိုလ်ချုပ်ကြီးခင်ညွှန့် လက်ထက်ကတည်းက ဖျက်သိမ်း ခံထားရသည့် ပါတီများ ဖြစ်သည်။ ၂၀၀၈ အခြေခံ ဥပဒေနှင့် ရွေးကောက်ပွဲ ဥပဒေများကို ကန့်ကွက်ခဲ့ကြပြီး မှတ်ပုံမတင်ဘဲ နေခဲ့ကြသည့် ပါတီများ ဖြစ်သည်။
“ပထမ ဦးစားပေး အနေနဲ့ မှတ်ပုံတင်ဖို့ ကိစ္စနဲ့ ဥက္ကဌ (ဦးခွန်ထွန်းဦး) နဲ့ အတွင်းရေးမှူး (ဦးစိုင်းညွှန့်တင်) တို့ရဲ့ ကျန်းမာရေး ကိစ္စတွေကို လုံးပန်းနေပါတယ်။ လောလောဆယ်တော့ ပါတီ ဗဟိုဦးစီး အစည်းအဝေး လုပ်နေပါတယ်။ တင်ဖြစ်ဖို့ အလားအလာ များပါတယ်” SNLD ပြောရေးဆိုခွင့်ရှိသူ ဦးစိုင်းလိတ်က မဇ္စျိမကို ပြောသည်။
ကြားဖြတ် ရွေးကောက်ပွဲကို ဝင်ရောက် ယှဉ်အရွေးခံရန်် မသေချာသေးဟု ဆိုသည်။
SNLD သည် ၁၉၉၀ ရွေးကောက်ပွဲတွင် ရှမ်းပြည်နယ်အတွင်း မဲအများဆုံး ရရှိခဲ့ကာ တနိုင်ငံလုံး၌ ဒုတိယ မဲအများဆုံး ရရှိသည့် ပါတီအဖြစ် ရပ်တည်ခဲ့သည်။
တတိယ မဲအများဆုံး ရရှိထားသည့် ရခိုင် ALD က ဖေဖေါ်ဝါရီလဆန်းတွင် မှတ်ပုံတင်မည်ဖြစ်ပြီး ကြားဖြတ်
ရွေးကောက်ပွဲကို ယှဉ်ပြိုင်သွားမှာ မဟုတ်သေးဘဲ အမျိုးသားရေး၊ ပညာရေး၊ ကျန်းမာရေးနှင့် လယ်သမား အရေးများကို လုပ်ဆောင်သွားဖို့ရှိကြောင်း ALD ခေါင်းဆောင် ဦးအေးသာအောင် က ပြောသည်။
“အစိုးရကလည်း ရွေးကောက်ပွဲ အချက်တချို့ ပြင်ပေးတယ်။ နောက် ကျနော်တို့ ပြောတောင်းဆိုနေတဲ့ ဦးခွန်ထွန်းဦး တို့လို့ မင်းကိုနိုင်တို့လို နိုုင်ငံရေး အင်အားစုတွေလည်း လွတ်မြောက်လာပြီ ဆိုတော့ ပါတီ မှတ်ပုံတင်ဖို့ ဆုံးဖြတ် လိုက်တာ ဖြစ်ပါတယ်” ဟု မဇ္စျိမကို ပြောသည်။
အလားတူ မွန် MNDF နှင့် ဇိုမီး ZNC တို့ကလည်း ဖေဖေါ်ဝါရီလ သို့မဟုတ် ကြားဖြတ် ရွေးကောက်ပွဲ အပြီးတွင် ပါတီ မှတ်ပုံတင်ကြရန် စီစဉ်နေကြောင်း ပါတီ ခေါင်းဆောင်များက ပြောသည်။
“ဒီလထဲမှာ ဦးခွန်ထွန်းဦး အပါအဝင် ကျနော်တို့ တိုင်းရင်းသားတွေ တွေ့ဆုံဆွေးနွေးပွဲ လုပ်ဖို့ရှိတယ်။ ဒါပြီးရင်တော့ မှတ်ပုံတင်ဖို့ ရှိတယ်။ လတ်တလော အနေအထားတွေအရ ကြားဖြတ်ကိုတော့ ဝင်ပြီးပြိုင်ဖြစ်ဖို့ နည်းပါတယ်” ဟု MNDF ဒုဥက္ကဋ္ဌ နိုင်ငွေသိမ်း က မဇ္စျိမကို ပြောသည်။
မွန်အမျိုးသား ဒီမိုကရေစီ အဖွဲ့ကို ၁၉၈၈ခုနှစ်၊ အောက်တိုဘာလ ၁၁ရက်နေ့က စတင်ဖွဲ့စည်းခဲ့ပြီး ၁၉၉၀ ရွေးကောက်ပွဲတွင် ကိုယ်စားလှယ် ၁၉ ဦး ဝင်ပြိုင်ခဲ့ရာ ငါးနေရာ အနိုင်ရရှိခဲ့သည်။
ZNC ဥက္ကဋ္ဌ ပူးကျင့်ရှင်းထန် က “ပါတီက အဖွဲ့ဝင်တွေနဲ့တော့ အစည်းအဝေးတွေ မလုပ်ရသေးဘူး။ သူတို့ဆီက လာတဲ့ အသံတွေအရပဲ ပြောရတာ။ တရားဝင်လုပ်ကိုင်ခွင့် အခွင့်အရေးကို ရဖို့ဆိုတော့ သူတို့အားလုံး သဘောတူ လိမ့်မယ်ထင်တယ်”ဟု သူက မဇ္စျိမကို ပြောသည်။
ဇန်နဝါရီလ ၁၈ ရက်နေ့က ဦးခွန်ထွန်းဦး နေအိမ်တွင် ၉၀ ရွေးကောက်ပွဲဝင် အမတ်များ စုပေါင်းတွေ့ဆုံပွဲ ပြုလုပ် ခဲ့ရာတွင် ဦးခွန်ထွန်ဦးက နိုင်ငံရေးအရ တရားဝင် လုပ်ကိုင်နိုင်ရန်အတွက် ပါတီမှတ်ပုံတင်ရန် အကြံပြုသည်။
၁၉၉၀ ရွေးကောက်ပွဲဝင် တိုင်းရင်းသားပါတီများ ၁၁ ပါတီဖြင့် စုပေါင်းထားသော စည်းလုံး ညီညွှတ်သော တိုင်းရင်းသား လူမျိုးများ မဟာမိတ်အဖွဲ့ UNA နှင့် ဇန်နဝါရီလအတွင်း တွေ့ဆုံဆွေးနွေးကြရန် ရှိကြောင်း သိရသည်။
မှတ်ပုံတင်ရန် ပြင်ဆင်နေကြသည့် ပါတီများကို လတ်တလော မြန်မာ့နိုင်ငံရေး အခြေအနေအရ UNA နှင့် ပြည်သူ့ လွှတ်တော် ကိုယ်စားပြုကော်မတီ CRPP အဖွဲ့ဝင်များအနေဖြင့် ကန့်ကွက်လိမ့်မည် မဟုတ်ဟု ယူဆနေကြသည်။