အင်ဒို နိုင်ငံခြားရေး ဝန်ကြီးနှင့် ဒေါ်စု တွေ့ဆုံ

အင်ဒို နိုင်ငံခြားရေး ဝန်ကြီးနှင့် ဒေါ်စု တွေ့ဆုံ
by -
မဇ္စျိမသတင်းဌာန

အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီး မာတီနာတာ လီဂါဝါ Marty Netalegawa သည် ဗုဒ္ဓဟူးနေ့ ညနေ ၃ နာရီက ရန်ကုန်မြို့ တက္ကသိုလ်ရိပ် သာလမ်းရှိ ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်သို့ လာရောက် တွေ့ဆုံခဲ့ကြ သည်။

ရန်ကုန် (မဇ္စျိမ) ။         ။ အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီး မာတီနာတာလီဂါဝါ Marty Netalegawa သည် ဗုဒ္ဓဟူးနေ့ ညနေ ၃ နာရီက ရန်ကုန်မြို့ တက္ကသိုလ်ရိပ်သာ လမ်းရှိ ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်သို့ လာရောက် တွေ့ဆုံခဲ့ကြ သည်။

၄၅ မိနစ်အကြာ တွေ့ဆုံဆွေးနွေးအပြီး ဆီဒိုးနားဟိုတယ်တွင် ပြည်တွင်းပြည်ပ သတင်းမီဒီယာများအား ဆွေးနွေးသည့် အကြောင်းအရာများနှင့် ပတ်သက်၍ ရှင်းလင်း ပြောပြကြသည်။

“အာဆီယံရဲ့လတ်လော ဖြစ်ပေါ်တိုးတက်မှု အခြေအနေနဲ့ မြန်မာပြည် ဒီမိုကရေစီ ပြောင်းလဲရေး အရှိန်မြှင့်နိုင်ရန် ဘယ်လို ကူညီနိုင်မယ်ဆိုတာ ကျနော်က ပြောပြပြီး အပြန်အလှန်အားဖြင့်ဒေါ်အောင်ဆန်း စုကြည်ကလည်း တိုင်းပြည်ရဲ့ ဖြစ်ပေါ်တိုးတက်မှု အခြေအနေနဲ့ ဒီမိုကရေစီ ပြောင်းလဲရေး ဖြစ်စဉ်တွေကို ရှင်းပြပါတယ်” ဟု မစ္စတာ နာတာလီဂါဝါ က ပြောသည်။
dsanin
ယခု ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံခြင်းမှာ ဒုတိယအကြိမ်ဖြစ်ပြီး အောက်တိုဘာလကုန်ပိုင်းကလည်း တခါ လာရောက် တွေ့ဆုံခဲ့ဖူးသည်။

ထို့ပြင် မြန်မာ့အိမ်နီးချင်း မိတ်ဆွေကောင်းတဦး အဖြစ် မြန်မာပြည်အရေးအား အကောင်းဘက်သို့ မျှော်လင့် ထားကြောင်းကိုလည်း “အင်ဒိုနီးရှားဟာ မြန်မာ့ဒီမိုကရေစီ ပြောင်းလဲရေး အရှိန်အဟုန်၊ တိုင်းရင်းသား အသီးသီးနဲ့ ငြိမ်းချမ်းရေး ပြောဆို ဆွေးနွေးမှုများလည်း နည်းလမ်းမှန်စွာ ဆက်သွားဖို့နဲ့ နိုင်ငံရေး အကျဉ်းသားများ လွှတ်ရေး ကိစ္စကိုလည်း ဆက်လက် ကိုင်စွဲသွားမှာဖြစ်ပြီး လွတ်လပ်တရားမျှတတဲ့ ကြားဖြတ်ရွေးကောက်ပွဲမှာ အားလုံး ပါဝင်နိုင်ဖို့ မျှော်လင့်ပါကြောင်း” ဒေါ်အောင်ဆန်းစုကြည်အား ပြောကြားခဲ့သည်ဟု အင်ဒိုနီးရှားဝန်ကြီးက သတင်းထောက်များအား ပြောဆိုသွားသည်။

ဒုတိယအကြိမ် နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်ရေး ပူးတွဲ ကော်မရှင်သို့ တက်ရောက်ရန် တတိယအကြိမ် အဖြစ်မြန်မာနိုင်ငံကို တရက်ကြာခရီး ရောက်ရှိနေသည့် မစ္စတာနာတာလီဂါဝါသည် မြန်မာနိုင်ငံခြား ရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်နှင့်အတူ နှစ်နိုင်ငံ ပူးပေါင်း ဆောင်ရွက်ရေးကိစ္စများ ဆွေးနွေးခဲ့ကြသည်။

နိုင်ငံရေးနှင့် လုံခြံုရေး ပူးပေါင်းဆောင်ရွက်မှု ကဏ္ဍ၌ ကောင်းမွန်သော အစိုးရ၊ ဒီမိုကရေစီနှင့် လူ့အခွင့်အရေး ကိစ္စ ရပ်များ အတွက်လည်း ပါရှိပြီး စီးပွားရေး ပူးပေါင်းဆောင်ရွက်ရေး အတွက်လည်း ဆွေးနွေးခဲ့ကြသည်ဟု ဗုဒ္ဓဟူးနေ့က ထုတ်ပြန်သည့် ကော်မရှင် ကြေညာချက်တွင် ပါရှိသည်။