ကုမ္ပဏီများ ထူထောင်ရန် ကန့်သတ်ချက်များ ပယ်ဖျက်

ကုမ္ပဏီများ ထူထောင်ရန် ကန့်သတ်ချက်များ ပယ်ဖျက်
by -
ကျော်ခ

ကုမ္ပဏီများ မှတ်ပုံတင် ဖွဲ့စည်းတည်ထောင်ရာ တွင် လုပ်ငန်း အမျိုးအစား အလိုက်ရွေးချယ် ရန် ထားရှိခဲ့သည့် ကန့်သတ်ချက်များကို ပယ်ဖျက် လိုက်ပြီ ဖြစ်ကြောင်း အမျိုးသား စီမံကိန်းနှင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု ဝန်ကြီးဌာနကထုတ် ပြန်လိုက်သည်။

ချင်းမိုင် (မဇ္စျိမ) ။        ။ ကုမ္ပဏီများ မှတ်ပုံတင် ဖွဲ့စည်း တည်ထောင်ရာတွင် လုပ်ငန်း အမျိုးအစား အလိုက်ရွေးချယ်ရန် ထားရှိခဲ့သည့် ကန့်သတ်ချက်များကို ပယ်ဖျက်လိုက်ပြီ ဖြစ်ကြောင်း အမျိုးသား စီမံကိန်းနှင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု ဝန်ကြီးဌာနက ထုတ်ပြန်လိုက်သည်။

ယခင်က ကုမ္ပဏီ မှတ်ပုံတင်ရန် လျှောက်ထားရာ၌ လုပ်ငန်း ကဏ္ဍအသီးသီးတွင် လုပ်ငန်းရည်ရွယ်ချက် ကန့်သက်ချက် ၁၀ ခု ကျော်စီ သတ်မှတ်ထားသော်လည်း ယခု ထိုသို့ကန့်သတ်ထားချက်များပယ်ဖျက် ပေးလိုက်ခြင်းဖြစ်ကြောင်း အဆိုပါဝန်ကြီးဌာန ထိပ်တန်း အရာရှိတဦးက ပြောသည်။
company
“ပြောင်းလဲလာတဲ့ ခေတ်အခြေအနေအရ စီးပွားရေး လုပ်ငန်းတွေက ပိုမိုပြီး လွတ်လွတ်လပ်လပ် လုပ်ဖို့ အခွင့်အလမ်း ရှိသင့်တယ်။ ဒီလိုလုပ်နိုင်မှလည်း ပုဂ္ဂလိက စီးပွားရေးကဏ္ဍ အခွင့်အလမ်းတွေပိုများလာ ပြီးတော့မှ တိုင်းပြည်ရဲ့ စီးပွားရေး တိုးတက်မှုကို အထောက်အကူဖြစ်စေဖို့ လုပ်ငန်းရှင်တွေပိုပြီး လွတ်လွတ်လပ်လပ် လုပ်ကိုင်လာနိုင်အောင် ကန့်သတ်ချက်တွေ ဖြေလျှော့ပေးလိုက်တာပါ” ဟု သူက မဇ္စျိမကို ပြောသည်။

ထိုအကြောင်းအရာများကို ဝန်ကြီးဌာနက ဒီဇင်ဘာ ၁၄ ရက်နေ့ နေ့စွဲဖြင့် ထုတ်ပြန်ခဲ့ပြီး သမ္မတ ဦးစီးရုံးအပါအဝင် သက်ဆိုင်အရာ အစိုးရဌာနရုံးအသီးသီးတို့ ဖြန့်ဝေပေးခဲ့သည်။

ကုမ္ပဏီလုပ်ငန်း ဆက်လက်လုပ်ကိုင်ခွင့် ယခင်က သက်တမ်း ၂ နှစ် သတ်မှတ်ထားပြီး ယခုအခါ  ၃ နှစ် တကြိမ်သာ သက်တမ်းတိုးရတော့မည် ဖြစ်ကြောင်း ထုတ်ပြန်ချက်၌ပါရှိသည်။

ယခင်က ကုမ္ပဏီ မှတ်ပုံတင်ရန် လျှောက်ထားသည့်အခါ ရောင်းဝယ်ရေးလုပ်ငန်းတွင် လုပ်ငန်းရည်ရွယ်ချက် ၁၈ ခု ရှိသည့် အနက် ၅ ခု ကိုသာ ရွေးချယ်လုပ်ပိုင်ခွင့် ပြုခဲ့သလို၊ ဝန်ဆောင်မှုလုပ်ငန်းတွင်လည်းလုပ်ငန်း ရည်ရွယ်ချက် ၁၀ ချက်ထဲမှ နှစ်သက်ရာ ၄ ခုသာ ရွေးချယ်ခွင့်ရှိပြီး၊ စက်မှု/ထုတ်လုပ်မှု လုပ်ငန်းတွင် လုပ်ငန်းရည်ရွယ်ချက် ၁၄ ခု မနက် မှ ၄ ခုကိုသာ ကန့်သတ်ချက်များဖြင့် ရွေးချယ်ဆောင်ရွက်ခွင့်ပြုခဲ့သည်။

“ရောင်းဝယ်ရေး” ကုမ္ပဏီတခု အောက်တွင် လယ်ယာထွက်ပစ္စည်း၊ ရေထွက်ပစ္စည်း၊ သစ်တောထွက်ပစ္စည်း၊ စက်ကရိယာပစ္စည်း နှင့် ဆေးဝါး ပစ္စည်းများအပါအဝင် ၁၈ မျိုးရှိပြီး ကန့်သတ်ထားချက်များကြောင့် ထိုအထဲမှ ၅ မျိုးကိုသာ လုပ်ဆောင်ခွင့်ရမှာ ဖြစ်သည်။

ထိုအမျိုးအမည်များ အပြင် ထပ်မံတိုးချဲ့၍ လုပ်ဆောင်လိုပါက ကုမ္ပဏီ အသစ်ထောင်ပြီး လုပ်ကိုင်ရသဖြင့် လုပ်ငန်းဖေါင်းပွမှုများ ဖြစ်သကဲ့သို့ ငွေကြေးအရလည်း ကုန်ကျမှု များပြားခဲ့ရကြောင်း ရန်ကုန်အခြေစိုက် ရောင်းဝယ်ရေး ကုမ္ပဏီတခုမှ မန်းနေဂျင်း ဒါရိုတ်တာ တဦးက ပြောသည်။

“အခြားလုပ်ငန်းတွေ ထပ်ပြီးတော့လုပ်ချင်ရင်တော့ နောက်ထပ်ကုမ္ပဏီ ထပ်ထောင်ရတော့လုပ်ငန်းဖေါင်း ပွမှုတွေဖြစ်ပြီးတော့ မလိုအပ်တဲ့ ကုန်ကျမှုတွေ ဖြစ်တော့ပေါ့ဗျာ၊ ခုလို ကန့်သတ်ချက်တွေ ဖယ်လိုက်တော့ စရိတ်စက အကုန်အကျ သက်သာပြီး လွတ်လွတ်လပ်လပ် လုပ်ခွင့်ရတာပေါ့ဗျာ” ဟု သူကမဇ္စျိမကို ပြောသည်။

ယခင်အစိုးရလက်ထက်က ကုမ္ပဏီများကို လုပ်ပိုင်ခွင့် အားလုံးဖွင့်ပေးခဲ့လျှင် ယင်းတို့၏ လုပ်ပိုင်ခွင့် စည်းကမ်းကိုကျော်ကာ ချိုးဖောက် လုပ်ဆောင် မှုများ မရှိစေရန်ဟု အကြောင်းပြကာစီးပွားရေးလုပ်ငန်း ရှင်များ မနှစ်မျို့သော ယင်းကန့်သတ်ချက်များကို ချမှတ်လုပ်ဆောင်ခဲ့ကြောင်း ဝန်ကြီးဌာနအရာရှိက ပြောသည်။

“အရင်တုန်းက လုပ်ငန်းရှင်တွေဘက်ကလည်း မမှန်မကန်လုပ်တဲ့ ကိစ္စမျိုးလေးတွေက ရှိတော့ဒီလိုအများ ကြီး လွတ်လွတ်လပ်လပ် လုပ်ခွင့်ပေးလိုက်ရင် မမှန်မကန် လုပ်ဆောင်မှုတွေက များလာနိုင်တယ်ပေါ့နော်။ ဒါကြောင့်မလို့ ကျနော်တို့က ရည်ရွယ်ချက်တွေ ကန့်သတ်ပြီးတော့လုပ်မှ သင့်လျော်မယ်ဆိုပြီးတော့မှ ကန့်သတ်ခဲ့တာပေါ့” ဟု သူက ပြောသည်။