ဒေါ်အောင်ဆန်းစုကြည်နဲ့ ထိုင်းဝန်ကြီးချုပ် သီးသန့်တွေ့မည်

ဒေါ်အောင်ဆန်းစုကြည်နဲ့ ထိုင်းဝန်ကြီးချုပ် သီးသန့်တွေ့မည်
by -
ကိုဝိုင်း

ထိုင်းဝန်ကြီးချုပ် ယင်းလပ် ရှင်နာဝါထရာသည် တနင်္လာနေ့က နေပြည်တော်၌ စတင် သော မဲခေါင် မြစ်ဝှမ်းဒေသ ၆ နိုင်ငံ အစည်းအဝေး ခရီးစဉ်အပြီး လူထုခေါင်းဆောင် ဒေါ်အောင်ဆန်း စုကြည်နှင့် သီးသန့် တွေ့ဆုံမည်ဟု သိရသည်။

ချင်းမိုင် (မဇ္စျိမ) ။       ။ ထိုင်းဝန်ကြီးချုပ် ယင်းလပ် ရှင်နာဝါထရာသည် တနင်္လာနေ့က နေပြည်တော်၌ စတင်
သော မဲခေါင် မြစ်ဝှမ်းဒေသ ၆ နိုင်ငံ အစည်းအဝေးခရီးစဉ်အပြီး လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် သီးသန့် တွေ့ဆုံမည်ဟု သိရသည်။

“မနက်ဖြန်မှ။ အချိန် မသိသေးဘူးခင်ဗျ။ နေရာက ကျနော်တို့ဆီမှာတော့ မဟုတ်ဘူး” ဟု အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်-NLD ဗဟိုအလုပ်အမှုဆောင် ဦးဟံသာမြင့်က မဇ္စျိမကို ပြောသည်။ မည်သည့်ကိစ္စများ ဆွေးနွေးမည်ကိုမူ မသိရသေးပေ။

ယင်းလပ်သည် ထိုင်း၊ မြန်မာ၊ ကမ္ဘောဒီးယား၊ ဗီယက်နမ်၊ တရုတ်၊ လာအို မဲခေါင်ဒေသ ၆ နိုင်ငံ ၄ ကြိမ်မြောက် အစည်းအဝေးအပြီး အင်္ဂါနေ့ ညနေ ၅ နာရီကျော်၌ ဒေါ်အောင်ဆန်းစုကြည်နှင့် ရန်ကုန်မြို့ ထိုင်းသံရုံးတွင် တွေ့ဆုံ မည်ဟု ထိုင်းသတင်းအေဂျင်စီ TNA က တနင်္လာနေ့တွင် ဖော်ပြထားသည်။

မဲခေါင် ၆ နိုင်ငံ ထိပ်သီး အစည်းအဝေးကို ၂ဝဝ၂ ခုနှစ်မှစ၍ သုံးနှစ်တကြိမ်ကျင်းပခြင်းဖြစ်ကာ ကမ္ဘောဒီးယား (၂ဝဝ၂)၊ တရုတ် (၂ဝဝ၅) နှင့် လာအို (၂ဝဝ၈) တို့ ကျင်းပခဲ့ပြီး  ဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည်နှင့် ထိုင်းဝန်ကြီးချုပ်တို့ တွေ့ဆုံရန်ရှိသည်ကို NLD က ကြိုဆိုပြီး မြန်မာနိုင်ငံတွင်း ထိုင်းနိုင်ငံ၏ စီးပွားလုပ်ငန်းကိစ္စများကို ဒေါ်အောင်ဆန်းစုကြည်အား ချပြဖွယ်ရှိသည်ဟု သုံးသပ်နေသည်။

“နိုင်ငံတခုရဲ့အကြီးအကဲ လာတာတော့ ဝမ်းမြောက်ဝမ်းသာကြိုဆိုခွင့်ပြုရမှာပေါ့။ သူတို့က စီးပွားရေးသမားတွေပဲ။ စီးပွားရေးကိစ္စနဲ့ပတ်သက်တာ မြန်မာနိုင်ငံမှာ ဘယ်လို လုပ်ထားတယ်။ သူတို့ဘက်က ဒါကို ပြေလည်အောင် ဘာတွေ လုပ်ပေးရမလဲ ဒေါ်အောင်ဆန်းစုကြည်ကို မေးပြီးတော့ လုပ်ပေးနိုင်တာရှိရင် လုပ်ပေးမှာပေါ့” ဟု NLD ဒုဥက္ကဌ ဦးတင်ဦးက ဆိုသည်။

မစ္စစ်ယင်းလပ်၏ အောက်တိုဘာလ ၅ ရက်နေ့ ပထမခရီးစဉ်အတွင်းက ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံခဲ့ခြင်း မရှိဘဲ သမ္မတဦးသိန်းစိန်အပါအဝင် ထိပ်တန်းဝန်ကြီးများနှင့် တွေ့ဆုံ၍ နှစ်နိုင်ငံကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှု တိုးမြှင့်ရေးကိစ္စများ ဆွေးနွေးခဲ့ကြသည်။

ယင်းအပြင် ထားဝယ်ရေနက်ဆိပ်ကမ်း၌ လုပ်ပိုင်ခွင့်များရထားသည့် ထိပ်တန်းစီးပွားရေးလုပ်ငန်းရှင် ဦးဇော်ဇော်
နှင့်လည်း တွေ့ဆုံခဲ့သေးသည်။

မဲခေါင် မြစ်ဝှမ်းဒေသ ၆ နိုင်ငံ ၄ ကြိမ်မြောက် အစည်းအဝေးသို့ တရုတ်နိုင်ငံမှ နိုင်ငံတော်ကောင်စီဝင် ဒိုင်ဘန်ဂေါင်း၊ ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်ဆန်း၊ ဗီယက်နမ် ငုရင်တန်ဒေါင်း၊ လာအို ဝန်ကြီးချုပ် ထောင်ဆင် ထမ်မာဗေါင်း Thongsing Thammavong တို့လည်း တက်ရောက်ကြမည် ဖြစ်သည်။

အစည်းအဝေးတွင် ခေါင်းဆောင်များက မဲခေါင် ၆ နိုင်ငံအကြား စီးပွားရေး ကိစ္စများ ဦးစားပေး ဆွေးနွေးကြမည်
ဖြစ်ပြီး မဲခေါင်စီမံကိန်းတွင်ပါဝင်သည့် တရုတ်-ထိုင်း၊ မြန်မာ-ထိုင်း-ဗီယက်နမ် လမ်းဖောက်ရေးကိစ္စလည်း ပါဝင် မည် ဖြစ်သည်။ ထားဝယ်ရေနက်ဆိပ်ကမ်းကိစ္စလည်း ထည့်သွင်း ဆွေးနွေးဖွယ်ရှိကြောင်း နှင့် ၂ဝ၁၂-၂ဝ၂၂ အထိ လာမည့် ၁ဝ နှစ်အတွက် မဟာဗျူဟာအစီအစဉ်များ ချမှတ်ကြမည်ဟု သိရသည်။

မြန်မာနိုင်ငံသို့ နှစ်လာကျော်အတွင်း ဒုတိယကြိမ်သွားရောက်မည့် ယင်းလပ်နှင့်အတူ နိုင်ငံခြားရေး ဝန်ကြီး ဆူရာဖုံ တိုဝိကျတ်ချိုင်းကွန်၊ စွမ်းအင်ဝန်ကြီး ဖီချိုင်း နာရစ်ဖထာဖန်တို့ လိုက်ပါသွားမည်ဖြစ်ပြီး ဒီဇင်ဘာ ၁၉ ရက် ညနေပိုင်းတွင် ဘန်ကောက်မြို့မှ ထွက်ခွာကာ နေပြည်တော်တွင် သမ္မတဦးသိန်းစိန်နှင့် တွေ့မည်ဟု ထိုင်း TNA သတင်းဌာနတွင် ပါရှိသည်။

ထိုင်းဝန်ကြီးချုပ်၏ ခရီးစဉ်အတွင်း နှစ်နိုင်ငံစွမ်းအင်ဝန်ကြီးများအကြား ကုန်းတွင်းရေနံနှင့် သဘာဝဓာတ်ငွေ့ ရှာဖွေရေး ကိစ္စများ ဆွေးနွေးနိုင်ဖွယ် ရှိသည်ဟုလည်း မြန်မာ့စွမ်းအင်ဝန်ကြီးဌာနထံမှ သိရှိရသည်။

ထိုင်းနိုင်ငံမှ မြန်မာနိုင်ငံအလယ်ပိုင်း ဧရာဝတီမြစ်ကြောင်းတလျှောက်ရှိ ကုန်းတွင်း ရေနံနှင့် သဘာဝဓာတ်ငွေ့ ရှာဖွေရေး လုပ်ကွက်သစ် ၁၈ ကွက်အချို့ကို လုပ်ကိုင်ခွင့်ရလိုနေပြီး၊ ထိုင်းစွမ်းအင် ကုမ္ပဏီ PTTEP မှ မုတ္တမ ပင်လယ်ကွေ့တွင် အသစ်တွေ့ရှိသည့် M-3 လုပ်ကွက်မှ ဓာတ်ငွေ့များကို ကုန်းပေါ် သွယ်တန်းရေးကိစ္စများလည်း ပါဝင်နိုင်ကြောင်း ခန့်မှန်းနေကြသည်။

လုပ်ကွက်အသစ် M-3 အောင်သိင်္ခ-၂ စီမံကိန်းမှ ရေနံနှင့် သဘာဝဓာတ်ငွေ့များ တွေ့ရှိကြောင်း PTTEP က ၂ဝ၁၁ ခုနှစ် မေလက ကြေညာခဲ့သည်။

“ကုန်းတွင်းလုပ်ကွက်ပေါ့ အဲဒါတွေ သူတို့တောင်းထားတာရှိတယ်။ ရှာဖွေရေးလုပ်ရမယ့်လုပ်ကွက် ပေါ့။ M-3 ကတွေ့တဲ့ ဓာတ်ငွေ့ကို ကုန်းတွင်းပိုင်းယူဖို့ ကိစ္စတွေလည်း ပါနိုင်တာပေါ့လေ” ဟု မြန်မာစွမ်းအင်ဝန်ကြီးဌာနမှ အမည်မဖော်လိုသူ အရာရှိတဦးက မဇ္စျိမကို ပြောသည်။

M-3 လုပ်ကွက်မှ တွေ့ရှိသည့် ဓာတ်ငွေ့အားလုံးကို နိုင်ငံပိုင်နှင့် ပုဂ္ဂလိကပိုင် စက်မှုကဏ္ဍများသို့ တိုးမြှင့် ဖြန့်ဖြူး
ပေးသွားရန်ရှိသည်ဟု အောက်တိုဘာ ၁၈ ရက်နေ့က ကျင်းပသည့် ပြည်သူ့လွှတ်တော် ဒုတိယအကြိမ် အစည်းအဝေး၌ စွမ်းအင်ဝန်ကြီး ဦးသန်းဌေးက ပြောဆိုထားသည်။

သို့သော် ထိုင်းဝန်ကြီးချုပ်၏ ယခုခရီးစဉ်သည် မဲခေါင် ၆ ခြောက်နိုင်ငံ ထိပ်သီးအစည်းအဝေးအတွက်သာ အဓိက သွားခြင်းဖြစ်သည်ဟု လေ့လာသူများက ခန့်မှန်းနေကြသည်။

“ထိုင်းနဲ့မြန်မာ ဆက်ဆံရေးတလျှောက်မှာ ဒီမိုကရက်ပါတီက စစ်အစိုးရကို ဝေဖန်တာ ပိုရှိခဲ့တယ်။ (ယင်လပ်၏ ဖူရာ့ထိုင်းပါတီ) က အရင်တုန်းက ဝန်ကြီးချုပ်ဟောင်း တာ့ဆင်ဦးဆောင်တဲ့ပါတီ။ သူတို့က အမြဲတန်း စီးပွားရေး ဘက်ကိုပဲ အလေးပေးတယ်။ ဒေါ်အောင်ဆန်းစုကြည်နဲ့က အခြေအနေပေးလို့ ဝင်တွေ့လိုက်တဲ့ သဘောပဲလို့ ထင်တယ်” ဟု ထိုင်းနိုင်ငံအခြေစိုက် မြန်မာ့အရေးလေ့လာသူ ဦးအောင်သူငြိမ်းက သုံးသပ်သည်။

ထိုင်းနိုင်ငံသည် ၁၉၉၈ ခုနှစ်မှစ၍ မြန်မာနိုင်ငံ မုတ္တမပင်လယ်ကွေ့ ရတနာနှင့် ရဲတံခွန်လုပ်ကွက်မှ သဘာဝ ဓာတ်ငွေ့များကို ဝယ်ယူခြင်း ဖြစ်သည်။ ယင်းအပြင် အရှေ့အလယ်ပိုင်းနှင့် ဥရောပမှ ကုန်စည်များ တင်သွင်းရန် ရည်ရွယ်၍ ခန့်မှန်းခြေ အမေရိကန်ဒေါ်လာ ၅၈ ဘီလျံ ကုန်ကျခံ တည်ဆောက်မည့် ထားဝယ်ရေနက်ဆိပ်ကမ်းနှင့် အထူး စီးပွားရေးဇုန်စီမံကိန်းကိုလည်း လုပ်ကိုင်ခွင့် ရထားသည်။

ယင်းစီမံကိန်းမှာ BOT (ဆောက်လုပ်၊ လည်ပတ်၊ လွှဲပြောင်း) စနစ်ဖြင့် လုပ်ကိုင်ရမည်ဖြစ်ကာ နှစ်ပေါင်း ၆ဝ စီမံခွင့်ရမည် ဖြစ်သည်။

Most read this week