မြန်မာနိုင်ငံတွင် နှစ်ပေါင်း ၆၀ ကျော်ကြာ ငြိမ်းချမ်းမှု မရှိခဲ့ဘဲ လက်နက်ကိုင် ပဋိပက္ခများ ရှိနေဆဲကြောင့် ကမ္ဘာက အထင်သေးကြောင်း ပြည်တွင်း ငြိမ်းချမ်း ရေး ဖော်ဆောင်ရေး ကော်မတီက ပြောလိုက် သည်။
ရန်ကုန် (မဇ္စျိမ) ။ ။ မြန်မာနိုင်ငံတွင် နှစ်ပေါင်း ၆၀ ကျော်ကြာ ငြိမ်းချမ်းမှု မရှိခဲ့ဘဲ လက်နက်ကိုင် ပဋိပက္ခများ ရှိနေဆဲကြောင့် ကမ္ဘာက အထင်သေးကြောင်း ပြည်တွင်း ငြိမ်းချမ်းရေး ဖော်ဆောင်ရေး ကော်မတီက ပြောလိုက် သည်။
အဖွဲ့ခေါင်းဆောင် ဝန်ကြီး ဦးအောင်သောင်းနှင့် ဒုတိယခေါင်းဆောင် ဝန်ကြီး ဦးသိန်းဇော်တို့က သောကြာနေ့က ရန်ကုန်မြို့ ၈ မိုင်လမ်းဆုံရှိ ဟိုတယ်ရန်ကုန်၌ သတင်းစာ ရှင်းလင်းပွဲတခု ပြုလုပ်ရာတွင် ဦးအောင်သောင်းက ယခုကဲ့သို့ ပြောဆိုလိုက်ခြင်း ဖြစ်သည်။
“ကျနော်တို့ တိုင်းပြည်လည်း အများသိတဲ့ အတိုင်းပါပဲ။ ငြိမ်းချမ်းမှု မရှိပါဘူး။ မရှိခဲ့တာ နှစ်ပေါင်း ၆၀ ကျော်ပြီ။ နှစ်ပေါင်း ၆၀ ကျော်သည့်တိုင်အောင် လက်နက်ကိုင်ဆောင်သော အဖွဲ့များရှိနေခြင်းမှာ ကမ္ဘာမှာ တခုတည်း သော နိုင်ငံလည်း ဖြစ်ပါတယ်။ အဲတော့ ကမ္ဘာကလည်း အထင်သေးပါတယ်။ ဆိုတော့ တိုင်းပြည်တခုလုံး လည်း အထင်သေးခံရတဲ့ အနေအထား ရှိပါတယ်။ ဒီဘဝကလည်း ကျနော်တို့လွတ်မြောက်ချင်ပါ တယ်။ တနည်းအားဖြင့်ပြည်သူ့ဆန္ဒကို ဖြည့်ဆည်းပေးလိုပါတယ်” ဦးအောင်သောင်းက ပြောသည်။
ယခုအစိုးရ သက်တမ်းအတွင်း တိုင်းပြည်တွင် ငြိမ်းချမ်းရေး ရအောင် လုပ်သွားမည်ဟုလည်း ပြောဆိုသွားသည်။
“ငြိမ်းချမ်းရေးနှင့် ပတ်သက်တဲ့ အပြောအဆိုတွေကိုု ကျနော်တို့ သတိထားပါတယ်။ ခံယူချက် မှားမသွားအောင်၊ ယူဆချက် ပြောင်းမသွားအောင်၊ ကျနော်တို့ အတတ်နိုင်ဆုံး ကြိုးစားပါတယ်ဆိုတာ သိစေချင်ပါတယ်။ ဒါတွေကို အခြေခံ လုပ်နေတဲ့အတွက် ကျနော်တို့ အောင်မြင်နေတာလို့ ပြောရမှာ ဖြစ်ပါတယ်။ ဒါကြောင့် ဒီအစိုးရ သက်တမ်း မှာ ငြိမ်းချမ်းရေး ရအောင်လုပ်မယ်လို့ ခိုင်ခိုင်မာမာ ပြောခြင်းဖြစ်ပါတယ်” ဟု ပြောသည်။
ပြည်တွင်း ပြည်ပ မီဒီယာသမားများနှင့်ပတ်သက်၍လည်း “ပြည်ပမီဒီယာ၊ ရှိနေတဲ့ မီဒီယာ အမျိုးမျိုးတွေပေါ့။
ကောင်းတာတွေလည်း အများကြီးပဲ။ အကျိုးပြုတာတွေလည်း အများကြီးပဲ။ ကြိုဆိုတာတွေလည်းအများကြီး ပဲ။ ပြီးတော့လည်း တချို့တလေတွေမှာ ဆွဲခေါ်ပြီးတော့မှ တွန်းတိုက်ပြောဆိုတာတွေလည်း ရှိတယ်။ တချို့ အပြောလေးတွေက တိုင်းရင်းသားတွေထံ မရောက်ဘူး။ ဒါလေးတွေကိုလည်း ရှင်းသွားစေချင်တယ်” ဟုအဖွဲ့ခေါင်း ဆောင် ဦးအောင်သောင်းက ပြောဆိုသွားသည်။
မွန်းလွဲ ၂ နာရီမှ စတင်သော အဆိုပါ သတင်းစာရှင်းလင်းပွဲသို့ ပြည်တွင်း ပြည်ပ မီဒီယာများမှ သတင်းထောက် ၂၅ ဦးခန့် တက်ရောက်ကြပြီး ညနေ ၄ နာရီတွင် ပြီးဆုံးခဲ့သည်။