အလုပ်သမားသမဂ္ဂ တည်ထောင်လိုမှု ပယ်ချခံရ

အလုပ်သမားသမဂ္ဂ တည်ထောင်လိုမှု ပယ်ချခံရ
by -
ထွန်းထွန်း

အသစ်ပြဋ္ဌာန်းထားသည့် အလုပ်သမား အဖွဲ့ အစည်း ဥပဒေအရ ပဲခူး ချည်မျှင် အထည်ချုပ် စက်ရုံနှင့် သားရေစက်ရုံ အလုပ်သမားသမဂ္ဂ တည်ထောင်ခွင့် လျှောက်ထားမှုအား အာဏာပိုင် များက ပယ်ချလိုက်ကြောင်း သိရသည်။

နယူးဒေလီ (မဇ္စျိမ) ။         ။ အသစ်ပြဋ္ဌာန်းထားသည့် အလုပ်သမား အဖွဲ့အစည်း ဥပဒေအရ ပဲခူး ချည်မျှင် အထည်ချုပ် စက်ရုံနှင့် သားရေစက်ရုံ အလုပ်သမားသမဂ္ဂ တည်ထောင်ခွင့် လျှောက်ထားမှုအား အာဏာပိုင်များက ပယ်ချလိုက်ကြောင်း သိရသည်။

ယင်းဥပဒေအား သမ္မတက အမိန့်ပြန်တမ်းစာ မထုတ်ပြန်ရသေးခြင်းနှင့် မှတ်ပုံတင် အရာရှိချုပ်မခန့်အပ် ထားရသေးခြင်းကြောင့် လျှောက်ထားမှုအား လက်ခံနိုင်ခြင်း မရှိကြောင်း အလုပ်သမား ဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးချစ်ရှိန်၏ အကြောင်းပြန်ကြားချက်တွင် ပါရှိသည်။
UaungKyi
“ သူတို့က လက်မခံနိုင် သေးဘူးဆိုတာပဲ ပြောတယ်ဗျ။ သူ့ (ဦးချစ်ရှိန်) စကားလုံး အတိအကျက လက်မခံနိုင်သေး ပါဘူးတဲ့” ဟု အလုပ်သမား သမဂ္ဂဖွဲ့စည်းရေး ကော်မတီမှ ပြောခွင့်ရ ဦးစန်းမောင်က မဇ္စျိမကို ပြောသည်။

“ဥပဒေအရ ပြောရမယ်ဆိုရင်တော့ ဒါက မဖြစ်သင့်တာပေါ့။ သမ္မတက လက်မှတ်ထိုးရဲ့သားနဲ့ အတည်မဖြစ်ဘူး ဆိုတော့ တခြားဥပဒေတွေမှာ မပါဘူး။ ဒီဥပဒေ တခုတည်းမှာ ပါတာ။ ဖွဲ့စည်းပုံ အခြေခံမှာဆိုရင် သမ္မတက လက်မှတ်ထိုးရင် ဒါ အတည်ဖြစ်ရမှာပဲ။ ဒါ နိုင်ငံတကာ စံနှုန်းနဲ့ ကွာဟနေတာပေါ့” ဟု တရားရုံးချုပ် ရှေ့နေလည်းဖြစ်သူ ဦးစန်းမောင်က ဆိုသည်။

အလုပ်သမားသမဂ္ဂ ဖွဲ့စည်းခွင့် ပြုထားသော ဥပဒေကို အောက်တိုဘာလ ၁၁ ရက်နေ့က သမ္မတ ဦးသိန်းစိန်က လက်မှတ်ရေးထိုး ထုတ်ပြန်ပြီးဖြစ်သည်။

အလုပ်သမားများက သမဂ္ဂဖွဲ့စည်းခွင်ကို နိုဝင်ဘာလ ၂၄ ရက်နေ့က နေပြည်တော်ရှိ အလုပ်သမားဝန်ကြီး ဦးအောင်ကြည်ထံသို့ ဦးတည် လျှောက်ထားခဲ့ရာ ခွင့်မပြုကြောင်း ဒီဇင်ဘာလ ၂ ရက်နေ့က ပြန်စာ ရရှိခဲ့သည်။

ပဲခူးမြို့ရှိ စက်ရုံလုပ်သားများဖြင့် ပါဝင်ဖွဲ့စည်းထားသည့် အလုပ်သမားသမဂ္ဂတွင် လူ ၃၀ ဦးပါဝင်ကာ အလုပ်သမား များ၏ ရပိုင်ခွင့်များအတွက် အလုပ်ရှင်၊ အလုပ်သမားနှင့် အစိုးရ သုံးဦးအကြား ညှိနှိုင်း ဆောင်ရွက်နိုင်ရန် အတွက် ဖွဲ့စည်းထားခြင်း ဖြစ်သည်။

အလုပ်သမား အဖွဲ့အစည်း ဥပဒေမှာ သမ္မတကိုယ်တိုင် လက်မှတ်ရေးထိုးထားခြင်းသော်လည်း ပုဒ်မ ၁ (ခ) တွင်မူ “နိုင်ငံတော်သမ္မတက အမိန့်ကြော်ငြာစာဖြင့် သတ်မှတ်သည့်နေ့ရက်တွင် စတင်အာဏာတည်ရမည်” ဟု ပါရှိပြီးဖြစ်သည်။

နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၁၀၇ တွင်လည်း နိုင်ငံတော်သမ္မတမှ လက်မှတ်ရေးထိုးပြီးသာ ဥပဒေများ ကို နိုင်ငံတော်ပြန်တမ်းတွင် ထုတ်ပြန် ကြေညာရမည်ဟု ပါရှိသည်။ သို့သော် ယင်းဥပဒေတွင် သီးခြားဖော်ပြချက် မပါပါက ထုတ်ပြန်ကြေညာသည့်နေ့မှစ၍ အာဏာတည်သည်ဟု ပြဋ္ဌာန်းထားသည်။

လက်ရှိ အစိုးရအနေဖြင့် အလုပ်သမား အဖွဲ့အစည်းဆိုင်ရာ ဥပဒေကို ပြဋ္ဌာန်းပြီးဖြစ်သော်လည်း သမ္မတ၏ အမိန့်ကြော်ငြာစာ မထွက်လာခြင်းမှာ မေးခွန်းထုတ်စရာ ဖြစ်နေကြောင်း ပြည်ပအခြေစိုက် မြန်မာနိုင်ငံ အလုပ်သမား သမဂ္ဂများ အဖွဲ့ချုပ် FTUB က ပြောသည်။

“သမ္မတအနေနဲ့ ဒါကို တာဝန်ယူပြီးတော့ လက်မှတ်ထိုးပြီးတော့ ဥပဒေအဖြစ် အမြန်ဆုံး အတည်ပြု ပြဋ္ဌာန်းနိုင်ရ မယ်။ ပြီးတဲ့အခါကျရင် အဲဒီဥပဒေပါ လိုအပ်ချက်တွေကို ဖြည့်ဆည်းပေးနိုင်ရမယ်။ မှတ်ပုံတင် အရာရှိချုပ် တယောက်တောင် မကပါဘူး။ မြို့နယ်တွေအထိ မှတ်ပုံတင်အရာရှိတွေ ခန့်အပ်ပေးရမယ်။ ပြီးတော့ ဒီဥပဒေ အသက်ဝင်လာအောင် လုပ်ပေးရမယ်။ အဲဒီလို မလုပ်ဘဲ ကြန့်ကြာနေတာအတွက် တာဝန်ရှိဆုံးကတော့ ခုချိန်မှာတော့ အစိုးရပဲလို့ပဲ ပြောရမှာပါ” ဟု FTUB တွဲဘက်အတွင်းရေးမှူး ဒေါက်တာ ဇော်ဝင်းအောင်က မဇ္စျိမကို ပြော သည်။

အစိုးရက ပြဋ္ဌာန်းထားသည့် အလုပ်သမားအဖွဲ့အစည်းဥပဒေတွင်လည်း အားနည်းချက်များ ရှိနေသေးပြီး ယင်းတို့ကိုပြင်ဆင်နိုင်မှသာလျှင် ILO မှ ချမှတ်ထားသည့် သတ်မှတ်ချက်များနှင့် ကိုက်ညီမည်ဟုလည်း အလုပ်သမား အဖွဲ့ များက သုံးသပ်သည်။

ယင်းဥပဒေအရ အလုပ်သမားများအနေဖြင့် ဆန္ဒပြမည်ဆိုပါက ၁၄ ရက် ကြိုတင်၍အကြောင်းကြား ခိုင်းခြင်း၊ ယင်း အပြင် ပါဝင်မည့် လူဦးရေ၊ နည်းလမ်း၊ နေရာနှင့် အချိန်တို့ကိုလည်း အတိအကျ တင်ပြပြီးမှသာလျှင် ဆန္ဒပြခွင့် ရှိသည်။ ယင်းအပြင် အများပြည်သူအကျိုး ထိခိုက်နိုင်မည့် ရေပေးဝေရေး၊ လျှပ်စစ်ဓာတ်အား၊ မီးသတ်၊ ကျန်းမာရေးနှင့် ဆက်သွယ်ရေးလုပ်ငန်းများတွင် ဆန္ဒပြခြင်းမပြုလုပ်ရန် ကန့်သတ်ထားသည်။

“အများပြည်သူနဲ့သက်ဆိုင်တဲ့ လုပ်ငန်းတွေဆိုရင် ဆန္ဒပြခွင့်ကို ကန့်သတ်ထားတယ်။ အဲဒီတော့ အဲဒီလို ကန့်သတ် ထားတဲ့သူတွေအတွက် သူတို့ အခွင့်အရေးလည်း မဆုံးရှုံးရအောင် ဘယ်လိုဆောင်ရွက်ပေးမယ် ဆိုတာမျိုးကျတော့ မပါဘူး။ သူတို့ ဆန္ဒပြခွင့် မရှိဘူးဆိုရင် သူတို့ ဘယ်လိုလုပ်ပေးမယ်ပေါ့နော်။ ILO ပြဋ္ဌာန်းချက်တွေမှာတော့ အဲဒါကိုပြဋ္ဌာန်းပေးထားတယ်။ အဲဒီလို ဆန္ဒပြခွင့်မရှိဘူးဆိုရင် တခြားဘယ်သူက ဝင်ပြီး ဖြေရှင်းပေးရမယ် စသဖြင့်ပေါ့နော်” ဟု ဒေါက်တာဇော်ဝင်းအောင်က ပြောသည်။

ပြီးခဲ့သည့် ရက်ပိုင်းအတွင်းကလည်း ပြဋ္ဌာန်းပြီးဖြစ်သည့် လွတ်လပ်စွာ စုဝေးခွင့်နှင့် စီတန်းလှည့်လည်ခွင့် ဆိုင်ရာ ဥပဒေအရ လွှတ်တော်ကိုယ်စားလှယ်အချို့မှ ဆန္ဒပြခွင့် လျှောက်ထားခဲ့သော်လည်း ပြည်ထဲရေး ဝန်ကြီးဌာန အနေဖြင့် နည်းဥပဒေများ၊ စည်းမျဉ်းစည်းကမ်း၊ အမိန့်ကြော်ငြာစာ၊ ညွှန်ကြားချက်နှင့် လုပ်ထုံး လုပ်နည်းများ မထုတ်ပြန် ရသေးသည့်အတွက် ခွင့်မပြုခဲ့ပေ။