နိုင်ငံရေး အကျဉ်းသားများ လွှတ်ပေးမည်ဟု ကလင်တန်ကို ကတိပေး

နိုင်ငံရေး အကျဉ်းသားများ လွှတ်ပေးမည်ဟု ကလင်တန်ကို ကတိပေး
by -
ကျော်ခ

အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဟီလာရီကလင် တန်နှင့် တွေ့ဆုံ ဆွေးနွေးရာတွင် မြန်မာ နိုင်ငံ အကျဉ်းထောင်များတွင် ကျန်ရှိနေသေးသော နိုင်ငံရေး အကျဉ်းသားများ လွှတ်ပေးမည်ဟု ကတိပြုခဲ့ကြောင်းပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရ ဦးရွှေမန်းက ပြောသည်။

ချင်းမိုင် (မဇ္ဈိမ) ။       ။ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန်နှင့် တွေ့ဆုံ ဆွေးနွေးရာတွင် မြန်မာနိုင်ငံ အကျဉ်းထောင်များတွင် ကျန်ရှိနေသေးသော နိုင်ငံရေး အကျဉ်းသားများ လွှတ်ပေးမည်ဟု ကတိပြုခဲ့ကြောင်းပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရ ဦးရွှေမန်းက ပြောသည်။

“နိုင်ငံရေးအကျဉ်းသားများ စေလွှတ်ပေးဖို့ ကိစ္စ ဒီလိုတိုက်တွန်းပါတယ်။ တိုက်တွန်းတဲ့အခါမှာ မိမိဘက်က ဖြေတာ ကတော့ တိုင်းရင်းသားများ ပြန်လည်စည်းလုံးညီညွှတ်ရေးနဲ့ နိုင်ငံသားများအားလုံး ပါဝင် ဆောင်ရွက်နိုင်ရေး အတွက် နိုင်ငံတော် တည်ဆောက်တဲ့နေရာမှာ ပါဝင်နိုင်ရေးအတွက် သူတိုက်တွန်းသွားတဲ့ ကိစ္စ မိမိတို့ဘက်က အစွမ်းကုန်ဆောင်ရွက်ပေးမယ် ဆိုပြီးတော့ ကတိပြုလိုက်ပါတယ်” ဟု သူရ ဦးရွှေမန်းက ကြာသပတေးနေ့က မစ္စစ်ကလင်တန်နှင့် တွေ့ဆုံမှုအပြီး နေပြည်တော်တွင် ပြုလုပ်သည့် သတင်းစာ ရှင်းလင်းပွဲ၌ ပြောကြား သွားခြင်း
ဖြစ်သည်။

မစ္စစ်ကလင်တန်မှာ မနက်ပိုင်းတွင် နေပြည်တော်ရှိ သမ္မတရုံးတွင် မြန်မာသမ္မတ ဦးသိန်းစိန်နှင့်တွေ့ဆုံ ဆွေးနွေးပြီးနေ့လည်စာ အတူစားခဲ့ပြီးနောက် ပြည်သူ့လွှတ်တော်ရုံးတွင် သူရဦးရွှေမန်းနှင့် ဆက်လက် ဆွေးနွေးခဲ့သည်။
shwemannmeetcalinton2
အမေရိကန်နှင့် ဆက်ဆံရေးကောင်းမွန်လာသည့်အတွက် မြန်မာနို်င်ငံအနေဖြင့် စီးပွားရေးပိတ်ဆို့မှု ရုပ်သိမ်းခြင်းထက် ပိုမိုလွန်ကဲသာ အကျိုးအမြတ်များ ရလာလိမ့်မည် ဟု မျှော်လင့်ကြောင်း မြန်မာအစိုးရသစ် အတွင်း ပြုပြင် ပြောင်းလဲရေးလိုလားသော ခေါင်းဆောင်တဦးဟု ထင်ရှားသော ယခင် စစ်အစိုးရ နံပါတ်သုံး ခေါင်းဆောင်ဟောင်းက ပြောသည်။

ဆွေးနွေးမှုတွင် အမေရိကန်နိုင်ငံအနေဖြင့် မြန်မာအစိုးရ၏ တိုးတက်ပြောင်းလဲမှု ခြေလှမ်းတိုင်းကို စောင့်ကြည့်ကာ စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေးနှင့် လူမှုရေးကိစ္စတွေမှာ အကူအညီတွေ ပေးမည် ဆိုသည့် ကတိစကား အမေရိကန် ဝန်ကြီးဆီက ရလိုက်သည်ဟု အောက်လွှတ်တော်ဥက္ကဋ္ဌက ပြောသည်။

မြန်မာအနေဖြင့် မြောက်ကိုရီးယားထံမှ နျူကလီးယားနည်းပညာ အကူအညီရရှိရေးကြိုးပမ်းဆောင်ရွက်ခဲ့ သည် ဆိုသော စွပ်စွဲချက်များကို အောက်လွှတ်တော်ဥက္ကဋ္ဌ သူရ ဦးရွှေမန်းက သတင်းစာ ရှင်းလင်းပွဲတွင် ယတိပြတ်ငြင်းဆိုလိုက်သည်။

“ ဒီနေ့ ဒီဟာနဲ့ ပတ်သက်လို့ ရဲရဲဝံ့ဝံ့ မှန်မှန်ကန်ကန် ပြောတဲ့အနေအထား ရှိပါတယ်။ အဲဒီမှာ တချို့ စွပ်စွဲတာကတော့ နျူကလီးယားကိစ္စ အပါအဝင် မိမိသွားပြီးတော့ လက်မှတ်ထိုးခဲ့တယ်လို့ ပြောတယ်။ မဟုတ်ပါဘူး။နျူကလီးယား ကိစ္စဆိုတာ အင်မတန်မှ ကြီးမားတဲ့ကိစ္စပါ။ ဒီကိစ္စ မိမိ လတ်မှတ်ထိုးလို့လည်း ရနိုင်တဲ့အနေအထား မဟုတ်ပါဘူး။ အဲဒါအပြင် ဒါဖြင့် မြောက်ကိုးရီးယားမှာ ဘာတွေလုပ်ခဲ့သလဲ ဆိုတဲ့အခါမှာ မိမိသူတို့ဆီကလေကြောင်းရန် ကာကွယ်ရေး လက်နက်စက်ရုံတွေ လေ့လာတယ်။ကြည့်တဲ့ အခါမှာ လေယာဉ်ကိစ္စ သင်္ဘောကိစ္စ အခြားကိစ္စ လေ့လာသင့်တဲ့ကိစ္စလေ့လာတယ်။” ဟု သူရဦးရွှေမန်းက ပြောသည်။

ယခင်စစ်အစိုးရလက်ထက်က ဗိုလ်ချုပ်ကြီးအဆင့်ဖြင့် မြောက်ကိုရီးယားသို့ သွားရောက်ခဲ့ရကြောင်း ပြောကာ “မိမိ သည် တပ်မှာ တာဝန်ရှိတဲ့အတွက် မြောက်ကိုးရီးယားမှာရှိတဲ့ မိမိတပ်မတော် နားလည်မှုစာချွန်လွှာထိုး ခဲ့ပါတယ်။ အဲဒီထိုးခဲ့တဲ့ အချိန်မှာ မိမိဘေးမှာ ဒီနေ့ တချို့လည်း ဝန်ကြီးတွေဖြစ်နေပြီ တချို့လည်း တခြားတာဝန်တွေ ထမ်းဆောင်နေတဲ့ ပုဂ္ဂိုလ်တွေလည်း လက်မှတ်ထိုးတဲ့ပုံမှာ တွေ့ပါလိမ့်မယ်။” ဟု ဆိုသည်။

မစ္စကလင်တန်က အဆိုပါကိစ္စကိုမေးမြန်းခြင်းမရှိကြောင်းနှင့် “အမေရိကန်နိုင်ငံခြားရေးဝန်ကြီးက မမေးပါဘူး။ မမေး တာထက် အမေရိကန်နိုင်ငံမှာ မိမိတို့သိထားတာထက် လွန်ကဲသော ထောက်လှမ်းရေး စနစ် ရှိပါတယ်။ လူပုဂ္ဂိုလ် တင် မကဘူး။ နည်းပညာ ထောက်လှမ်းရေးတွေ ရှိပါတယ်။နည်းပညာထောက် လှမ်းရေး ဆိုတဲ့ အခါမှာ မိမိတို့ မသိတာတွေအပြင် မိမိတို့ သိတယ်ဆိုတဲ့ ဂြိုလ်တု ထောက်လှမ်းရေးလိုဟာ မျိုးက သူလိုချင်တဲ့နေရာမှာ ဂြိုလ်တုကို တင်ထားပြီးတဲ့ အခါမှာ လိုချင်တဲ့ သတင်းအချက်အလက်တွေ အားလုံး ရယူနိုင်တဲ့ အနေအထား ရှိပါတယ်။” ဟုဆိုသည်။

အမေရိကန် နိုင်ငံခြားရေးဝန်ကြီးက ရန်ကုန်သို့မသွားခင် နေပြည်တော်တွင် ပြုလုပ်သော သတင်းစာ ရှင်းလင်းပွဲ တွင် ပြောကြားသွားရာ အမေရိကန်အနေဖြင့် မြန်မာအပေါ်ချမှတ်ထားသော ပိတ်ဆို့အရေးယူမှု များကို ရုပ်သိမ်းရန် အဆင်သင့်မဖြစ်သေးဟု ပြောကြားသွားခဲ့သည်။ နိုင်ငံရေးအကျဉ်းသားများ မကြာမီတွင် လွှတ်လိမ့်မည်ဟု မျှော်လင့်ကြောင်းနှင့် မြောက်ကိုရီးယားနှင့် စစ်ဘက်ဆက်ဆံရေး ဖြတ်တောက်မည်ဆိုသော မြန်မာဘက်က ကတိစကားပေးအပ်မှုအပေါ် ကြိုဆိုကြောင်း ပါရှိသည်။

အုပ်ချုပ်ရေး၊ စီးပွားရေး၊ လူမှုရေးများ များစွာလုပ်ရန် လိုနေသေးသည့် မြန်မာအစိုးရ အနေဖြင့်ယခုလုပ် နေသည့်ပြုပြင်ပြောင်းလဲရေး ကိစ္စများကို နောက်ပြန်မလှည့်ဖို့ အမေရိကန်ဝန်ကြီးက တိုက်တွန်းဆွေးနွေး သွားခဲ့သည်ဟု သူရ ဦးရွှေမန်းက ပြောသည်။

အမေရိကန်နှင့် ဆက်ဆံရေးကောင်းမွန်အောင်လုပ်ကိုင်ခြင်းကြောင့် တရုတ်၊ အိန္ဒိယအပါအဝင် အခြားသော မိတ်ဆွေနိုင်ငံများနှင့်လည်း ဆက်ဆံရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးကို ထိခိုက်စေမှာ မဟုတ်ဟု သူက ဆက်ပြော သည်။ ဒီမိုကရေစီလိုလားသော မြန်မာပြည်တွင်း ပြည်ပအတို်က်အခံများနှင့် ပူးပေါင်း ဆောင်ရွက်မှုများ ပြုလုပ် ခဲ့သည်။

မစ္စစ်ကလင်တန်က ပြည်တွင်းငြိမ်းချမ်းရေး ဆက်လက်ဖေါ်ဆောင်ပေးဖို့နှင့် တိုင်းရင်းသားဒေသများရှိ စစ်ပွဲ ပဋိပက္ခ နယ်မြေတွင်း ကျရောက်နေသူတွေကို လူသားချင်းဆိုင်ရာ အထောက်အကူများ တိုးမြင့်ပေးရန်နှင့် ကြားဖြတ်ရွေးကောက်တင်မြှောက်ပွဲ ပြီးသည့် အခါတွင် နိုင်ငံ့သမိုင်းကြောင်း ရွေးချယ်နိုင်ဖို့အတွက် လွှတ်တော် အမတ်များ တွင်သာ တာဝန်ရှိကြောင်း တိုက်တွန်းခဲ့သည့်အတွက်ကြိုးစားဆောင်ရွက်ပေးပါမည် ဟုလည်း သူရ ဦးရွှေမန်းက ကတိပေးခဲ့သည်။

တနေ့တည်းမှာပင် မြန်မာ့အိမ်နီးချင်း ထိုင်းနိုင်ငံမြောက်ပိုင်း ချင်းမိုင်မြို့ပေါ်ရှိ အမေရိကန် ကောင်စစ်ဝန် ရုံးရှေ့တွင်မြန်မာတက်ကြွလှုပ်ရှားသူများနှင့် မြန်မာ့ဒီမိုကရေစီအရေး စိတ်ဝင်စားသူ အဖွဲ့ ၁၆ ဖွဲ့နှင့် မြန်မာနိုင်ငံ ဒီမိုကရေစီ လိုလားသူ နိုင်ငံခြားသားများ လူဦးရေ ရ၀ ကျော်က မြန်မာနိုင်ငံတွင်း စစ်မှန်သည့်ပြောင်းလဲမှု တွေဖြစ်ပေါ်လာရေး၊ တိုင်းရင်းသား ပြဿနာများ ဖြေရှင်းပေးရေး၊ နိုင်ငံရေး အကျဉ်းသားများလွှတ်ပေးရေး ပိုစတာများကိုင်ဆောင်ကာ ဆန္ဒပြတောင်းဆိုမှုများပြုလုပ်ခဲ့ကြသည်။

“ဝန်ကြီး ကလင်တန်အနေနဲ့ လက်ရှိ ဦးသိန်းစိန်အစိုးရနဲ့ တွေ့ဆုံဆွေးနွေးဖို့သွားတဲ့နေရာမှာ တိုင်းရင်းသား ပေါင်းစုံ ပါဝင်တဲ့ တွေ့ဆုံဆွေးနွေးရေးတို့၊ အပစ်ခတ်ရပ်စဲရေးတို့၊ နိုင်ငံရေးအကျဉ်းသား လွှတ်မြောက်ရေးတို့၊ တခုချင်းစီ လက်တွေ့ကျကျ အကောင်အထည်ဖေါ်လာအောင် ဦးသိန်းစိန် အစိုးရအနေနဲ့ အဲဒါတွေကို လစ်လျူမရှုအောင် အဓိက တိုက်တွန်းလိုတဲ့ အချက်တွေကို ကျနော်တို့အနေနဲ့လာရောက်တောင်းဆိုရခြင်း ဖြစ်တယ်” ဟု ဆန္ဒပြပွဲတွင် ပါဝင်သည့် ကိုဝင်းအောင်က မဇ္စျိမကို ပြောသည်။

ဆန္ဒပြ တောင်းဆိုသူများ၏ ထုတ်ပြန်ချက်နှင့် တောင်းဆိုချက်များကို အမေရိကန် သံအမတ်ကိုယ်စား တာဝန်ခံ တဦးက လာရောက် လက်ခံ ယူပေးသွားသည်။

မြန်မာနိုင်ငံမြောက်ပိုင်း ကချင်ပြည်နယ်တွင် ဇွန်လပိုင်းကစတင်ကာ ကချင်လွှတ်မြောက်ရေးတပ်မတော် KIA နှင့်မြန်မာအစိုးရ စစ်တပ်တို့အကြား တိုက်ပွဲများ ပြင်းပြင်းထန်ထန်ဖြစ်ပွားခဲ့မှုတွင် အစိုးရ စစ်တပ်က ဒေသခံ လူထု အပေါ် ကျူးလွန်မှုများရှိနေကြောင်း ပြောဆိုပြီး “ဦးသိန်းစိန်အစိုးရက ဒေါ်အောင်ဆန်းစုကြည်လို ပုဂ္ဂိုလ်မျိုးနဲ့တွေ့ဆုံမှုတွေ လုပ်ပြပေမယ့်လည်း ခု ကျမတို့ကချင်ပြည်နယ်ထဲမှာ ထိုးစစ်ဆင်နေတာ၊ ဒေသခံ တွေကို အနိုင်ကျင့်နေတာတွေက မရပ်ဘူး။ ဒါတွေကို မြန်မာပြည်ရောက်နေတဲ့ ဝန်ကြီးကလင်တန် အနေနဲ့ တိုက်တွန်းပေးဖို့ ကျမတို့ ကတောင်းဆိုတာပါ” ဟု ဆန္ဒပြရာတွင် ပါဝင်သူ မဆိုင်းပန်က ဆိုသည်။

ဝန်ကြီး ကလင်တန်အနေဖြင့် သမ္မတ ဦးသိန်းစိန် အပါအဝင် အစိုးရ ခေါင်းဆောင်များနှင့် တွေ့ဆုံပြီး မြန်မာ့ အတိုက်အခံ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံ ဆွေးနွေးကြမည်ဖြစ်ပြီး ယင်းတွေ့ဆုံဆွေးနွေးမှုအပေါ် ပြည်ပအခြေစိုက် အမျိုးသမီးများအဖွဲ့ချုပ်မြန်မာနိုင်ငံ WLB ကကြိုဆိုလိုက် သည်။