အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဟီလာရီ ကလင်တန် ၏ မြန်မာနိုင်ငံ ခရီးစဉ်အတွင်း သွားရောက် မည့် နေရာ တခုဖြစ်သော ရွှေတိဂုံ စေတီတော်တွင် လုံခြံုရေး အစီအစဉ်များအထူး တိုးမြှင့်ထားပြီး ဗုံးရှာဖွေမှု တရက် ခြောက် ကြိမ်ခန့် အထိ ပြုလုပ်နေကြောင်း ဂေါပက အဖွဲ့ဝင်တဦးက ပြောသည်။
ရန်ကုန် (မဇ္စျိမ) ။ ။ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန်၏ မြန်မာနိုင်ငံ ခရီးစဉ်အတွင်း သွားရောက်မည့် နေရာတခုဖြစ်သော ရွှေတိဂုံ စေတီတော်တွင် လုံခြံုရေး အစီအစဉ်များ အထူးတိုးမြှင့်ထားပြီး ဗုံးရှာဖွေမှု တရက် ခြောက်ကြိမ်ခန့်အထိ ပြုလုပ်နေကြောင်း ဂေါပက အဖွဲ့ဝင်တဦးက ပြောသည်။
ဒီဇင်ဘာ ၁ ရက်နေ့၌ ရွှေတိဂုံစေတီတော်သို့ သွားရောက်မည့် အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး၏ လုံခြံုရေးအတွက် အမေရိကန်သံရုံးနှင့် စစ်ဘက်အရပ်ဘက် ထောက်လှမ်းရေးများ သာမက ရွှေတိဂုံ စေတီတော် ဂေါပကအဖွဲ့ကပါ လုံခြံုရေးအတွက် အားဖြည့် အစီအစဉ်များ ချမှတ်ထားသည်ဟု ဆိုသည်။
အမေရိကန် ဝန်ကြီး လာရောက်ချိန်တွင် ဘုရားဖူးများကို ပိတ်ပင်ထားမည် မဟုတ်သကဲ့သို့ ပြည်တွင်း သတင်းထောက်များကို ဝန်ထမ်း ကတ်ပြားချိတ်ဆွဲ သတင်းယူခွင့် ပြုမှာဖြစ်သည်။
ဟီလာရီကလင်တန်သည် ဒီဇင်ဘာ ၁ ရက်တွင် နေပြည်တော်၌ သမ္မတ ဦးသိန်းစိန်၊ နိုင်ငံခြားရေး ဝန်ကြီး၊ ပြည်ထောင်စု လွှတ်တော် ဥက္ကဌ၊ အမျိုးသား လွှတ်တော် ဥက္ကဌတို့နှင့် သီးခြားစီ တွေ့ဆုံမည်ဟု သိရပြီး ယင်းတွေ့ဆုံမှုများကို ပြည်တွင်း၊ ပြည်ပ သတင်းမီဒီယာ တခုလျှင် ကိုယ်စားလှယ် တဦးကျစီ တက်ရောက်ခွင့်
ပေးထားသည်။
နေပြည်တော်သို့ လိုက်ပါ သတင်းယူမည့် သူများအား ပြန်ကြားရေးက ကိုယ်ရေးရာဇဝင် အပြည့်အစုံနှင့် ဓါတ်ပုံလေးပုံ တောင်းခံထားပြီး ယင်းတို့အနေဖြင့် ဒီဇင်ဘာ ၃၀ ရက် ညနေ ၃ နာရီထက် နောက်မကျစေဘဲ နေပြည်တော်ပြန်ကြားရေးဝန်ကြီးဌာနသို့ သတင်းပို့ရမည် ဖြစ်သည်။
ဒီဇင်ဘာ ၂ ရက်နေ့ မနက် ၉ နာရီ ဒေါ်အောင်ဆန်းစုကြည်နှင့် ဟီလာရီကလင်တန် တွေ့ဆုံမှု၌ လူဦးရေ ၅၀ သာ သတင်းယူခွင့် ပြုမည်ဖြစ်ပြီး နိုင်ငံခြားရေးဝန်ကြီး၏ အချို့သော တွေ့ဆုံမှုများတွင် ထိုင်ခုံ အကန့်အသတ်သာ ထားမည်ဖြစ်ကြောင်း အမေရိကန်သံရုံး၏ အကြောင်းကြားစာတွင် ထည့်သွင်း ဖော်ပြထားသည်။
အမေရိကန် နိုင်ငံခြားရေးဝန်ကြီး၏ မြန်မာပြည်ခရီးစဉ်
နိုဝင်ဘာ ၃ဝ ရက်
- ညနေ ၃ နာရီခွဲတွင် နေပြည်တော်သို့ ရောက်ရှိမည်
ဒီဇင်ဘာ ၁ ရက်
- မနက် ၉ နာရီတွင် နေပြည်တော် နိုင်ငံခြားရေး ဝန်ကြီးရုံးတွင် ဝန်ကြီး ဦးဝဏ္ဏမောင်လွင်နှင့် တွေ့ဆုံမည်။
- မနက် ၁၀ နာရီတွင် သမ္မတရုံးတွင် သမ္မတ ဦးသိန်းစိန်နှင့် တွေ့ဆုံမည် ဖြစ်သည်။
- ယင်းနောက် နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်က နေ့လည်စာဖြင့် ဧည့်ခံမည် ဖြစ်သည်။
- ယင်းနောက် မွန်းလွဲပိုင်းတွင် အမျိုးသားလွှတ်တော်ဥက္ကဌ ဦးခင်အောင်မြင့်၊ ပြည်သူ့လွှတ်တော် ဥက္ကဌ သူရဦးရွှေမန်းတို့နှင့် သီးခြားစီ တွေ့ဆုံမည် ဖြစ်သည်။
- ထို့နောက် ရန်ကုန်မြို့သို့ ပြန်လည် ထွက်ခွာမည် ဖြစ်သည်။
- ညနေ ၄ နာရီတွင် ရန်ကုန်လေဆိပ်သို့ ရောက်ရှိမည်ဖြစ်ပြီး တဆက်တည်း ရွှေတိဂုံစေတီတော် သို့ သွားရောက်မည် ဖြစ်သည်။
- ချတ်ထရီယံ ဟိုတယ်တွင် ညအိပ် တည်းခိုမည် ဖြစ်သည်။
ဒီဇင်ဘာ ၂ ရက်
- နံနက် ၉ နာရီတွင် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံမည်။
- ယင်းနောက် ကိုးမိုင်ရှိ ရှမ်းစာကြည့်တိုက်၊ ရှမ်းစာပေနှင့် ယဉ်ကျေးမှုဌာနသို့ သွားရောက်ပြီး ရှမ်းအမျိုးသားများနှင့် တွေ့ဆုံမည်။
- မွန်းလွဲပိုင်းတွင် ရန်ကုန်မြို့ အမေရိကန်သံရုံးတွင် နိုင်ငံရေးသမားအချို့နှင့် တွေ့ဆုံမည်။
- ညနေ ၄ နာရီမှ ၅ နာရီအကြား ရန်ကုန်မြို့မှ လေကြောင်းဖြင့် ပြန်လည် ထွက်ခွာမည်။