ချင်းမိုင်(မဇ္စျိမ) ။ ။ ကချင်ပြည်နယ်မြစ်ကြီး နားမြို့ သီတာရပ်ကွက် နေအိမ် ဗုံးပေါက်ကွဲမှုတွင် လူ ၁၀ ဦး သေဆုံးမှုနှင့် ပတ်သက်၍ ကချင်လွတ် မြောက်ရေး အဖွဲ့ KIO က ရှုတ်ချလိုက်ပြီး ဗုံး ပေါက်ကွဲသည့် ဖြစ်ရပ် အမှုမှန် ဖော်ထုတ်ရန် သောကြာနေ့တွင် ပြောဆိုလိုက်သည်။
“ဒီလို လူတွေရဲ့ အသက်အိုးအိမ် ခြိမ်းခြောက်ပြီးတော့ ဗုံးဖေါက်ခွဲ ခြိမ်းခြောက်တာတွေ အားလုံးကိုကျနော် တို့က ရှုတ်ချတယ်။ ကျနော်တို့က ဒီဖြစ်ရပ်တခုကိုပဲ ရှုတ်ချတာ မဟုတ်ဘူးခင်ဗျ။ မြို့ပေါ်မှာ လူထုကို ထိတ်လန့်ကြောက်ရွံ့စေတဲ့ လုပ်ရပ် မှန်သမျှကို ကျနော်တို့ KIO က ရှုတ်ချတယ်။”ဟု ပြောရေးဆိုခွင့်ရှိသူ ဦးလနန်က ပြောသည်။
ကချင်ပြည်နယ် အစိုးရမှ လက်သည်ကို မှန်ကန်စွာ ဖော်ထုတ်ကာ အရေးယူပါရန်လည်း KIO ၏ ထုတ်ပြန်ချက်တွင် ပါရှိသည်။
တနင်္ဂနွေနေ့ နိုဝင်ဘာလ ၁၃ ရက်နေ့ညက မိဘမဲ့ကလေးများ စောင့်ရှောက်ထားသည့် ဦးဒယောင်တန်ဂွန်း၏ နေအိမ်မှစတင် ဗုံးပေါက်မှုတွင် လူ ၁၀ သေဆုံးပြီး ၂၇ ဦး ဒဏ်ရရှိခဲ့သည်။ ပိုင်ရှင် ဦးဒယောင်တန်ဂွန်း၏ သားနှစ်ဦးနှင့် မြေးတဦး သေဆုံးခဲ့သလို၊ သူ့ကိုလည်း အမှတ် (၁) ရဲစခန်းမှ ဖမ်းဆီးစစ်ဆေးနေသည်။
ထိုစဉ်တွင် လဆန်းပိုင်း ယင်းဂါးယန်ကျေးရွာတွင် ဖြစ်ပွားသော အစိုးရတပ်နှင့် KIO ၏ တပ်များအတွင်း တိုက်ပွဲတွင် ကချင်တပ်မှ စစ်သားများ မူးဝေ၊ အော့အန်မှုလက္ခဏာများ ရှိသည်ဆိုကာ အစိုးရတပ်မှ ဓါတုလက်နက်များ အသုံးပြုသည်ဟု သံသယဖြစ်ကာ ပြည်ပနိုင်ငံ တခုသို့ သဲလွန်စ ပို့ဆောင်ကာ ဓါတ်ခွဲစမ်းသပ်မှု ပြုလုပ်နေသည်ဟု ဦးလနန်က ပြောသည်။
“အခုသက်သေ အထောက်အထားတွေကို ကျနော် စမ်းသပ် စစ်ဆေးတုန်းကာလပါ။ ထူးခြားမှုက ဓါတ်ခွဲမှုတခုမှာ လူကိုဘေးအန္တရာယ် ဖြစ်စေနိုင်တဲ့ အဆိပ်ဓါတ်ငွေ့ပါတယ် ဆိုတာကတော့ ယတိပြတ် ပြောနိုင်တယ်။ ဒါကြောင့် ဒီသက်သေ အထောက်အထားတွေကို ပြည်ပကို ပို့ပြီးတော့ ဓါတ်ခွဲစမ်းသပ်ဖို့ ပို့ထားတယ်။”ဟု သူက ပြောသည်။ မည်သည့်နိုင်ငံသို့ ပို့ဆောင်စစ်ဆေးနေသည်ကို အသေးစိတ် ပြောဆိုသွားခြင်း မရှိပေ။
ကချင်ပြည်နယ် မြစ်ကြီးနား- ဗန်မော်လမ်းပေါ်ရှိ ဝိုင်းမော်မြို့နယ် ဂါးရားယန်ရွာနှင့် ဒေါ့ဖုန်းယန်မြို့နယ်ခွဲ
အောင်ဂျာကျေးရွာများတွင် ကြာသပတေးနေ့က KIO ဗဟိုဌာနချုပ်တပ်မဟာ (၅) နှင့် (၃) တပ်ဖွဲ့များနှင့် အစိုးရ ပူးပေါင်းတပ်များအကြား တိုက်ပွဲများဖြစ်ပွားခဲ့သည်ဟု ဆိုသည်။
ရှမ်းပြည်နယ် KIO တပ်မဟာ ( ၄ ) နယ်မြေ မုန်ကိုးမြို့နယ်ခွဲ၊ တာမိုးညဲမြို့နယ်၊ နမ်းခမ်းစသည့် မြို့နယ် အတွင်း အနည်းဆုံး တပ်ရင်းပေါင်း ၁၃ ရင်း အင်အား ၁,၀၀၀ ကျော်ရှိနေပြီး KIO တပ်ဖွဲ့များနှင့် တိုက်ပွဲ နေ့စဉ်ဖြစ်ပွားနေသည်ဟု တပ်မဟာ (၄) တာဝန်ခံ ဗိုလ်မှူးကြီး ဇော်ရော်က ပြောသည်။
တန်းတူရေးကို အခြေခံသော နိုင်ငံရေး တွေ့ဆုံဆွေးနွေးမှုများဖြင့် အစပြုသင့် ပါသည်ဟုလည်း KIO မှတုံ့ပြန် ထား သည်။