တရားရေးမဏ္ဍိုင် သန့်ရှင်းမှု မရှိဟု ဒေါ်အောင်ဆန်းစုကြည်ပြော

တရားရေးမဏ္ဍိုင် သန့်ရှင်းမှု မရှိဟု ဒေါ်အောင်ဆန်းစုကြည်ပြော
by -
မျိုးသိဏ်း

ရန်ကုန် (မဇ္စျိမ) ။         ။ လက်ရှိ မြန်မာနိုင်ငံ၏ တရားစီရင်ရေး မဏ္ဍိုင်သည် လွတ်လပ်သန့်ရှင်းမှု မရှိသေးဟု ဆိုရမည် ဖြစ်ကြောင်း တနင်္လာနေ့့ မွန်းလွဲပိုင်းက အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ရုံးတွင် ပြုလုပ်သည့်  သတင်းစာ ရှင်းလင်းပွဲတွင် အတိုက်အခံခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည် က ပြောဆိုသည်။

nldnewex1
နေအိမ်အကျယ်ချုပ်မှ လွတ်မြောက်မှု တနှစ်တာကာလအတွင်း ဖြစ်စဉ်များအပေါ် ရှင်းလင်းသည့် သတင်းစာ ရှင်းလင်းပွဲ၌ တရားစီရင်ရေး မဏ္ဍိုင် လွတ်လပ်သန့်ရှင်းမှု ရှိ၊ မရှိ သတင်းထောက်တဦးက မေးမြန်းခဲ့ရာ နိုင်ငံရေး အကျဉ်းသားများ ရှိနေခြင်းကြောင့် သန့်ရှင်းသည့် တရားရေးမဏ္ဍိုင် မရှိဟု ဆိုရမည်ကြောင်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် အထွေထွေ အတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုခဲ့ခြင်း ဖြစ်သည်။

“ပွင့်ပွင့်လင်းလင်း ပြောရမယ်ဆိုရင် အခုအများသိနေတဲ့ ကိစ္စ၊ နိုင်ငံရေးအကျဉ်းသားတွေ အကျဉ်းထောင်ထဲရောက်သွားတာ လွတ်လပ်ပြီး၊ တရားမျှတပြီး၊ သန့်ရှင်းတဲ့ တရားရေးမဏ္ဍိုင် မရှိလို့ပါပဲ။” ဟု သူက ပြောသည်။

ဥပဒေစိုးမိုးရေးအတွက် လွတ်လပ်၊ သန့်ရှင်းသည့် တရားစီရင်ရေးမဏ္ဍိုင် ရှိရေးသည် တိုင်းပြည်အတွက် အရေးကြီးကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုပြီး တရားဥပဒေ စိုးမိုးမှုရှိသည့် နိုင်ငံများတွင် နိုင်ငံရေးအကျဉ်းသား မရှိကြောင်း၊ စီးပွားရေးအရ ရင်းနှီးမြှုတ်နှံမှုများ ဖိတ်ခေါ်လိုပါက တရားဥပဒေ စိုးမိုးရေး ရှိအောင် ဦးစွာ လုပ်ဆောင် ရမည် ဖြစ်ကြောင်း ပြောဆိုသည်။

“ကျမတို့နိုင်ငံမှာ အခုနှစ်အတွင်း အဖြစ်အပျက်တွေပေါ်မှ အခြေခံပီး အင်မတန်မှ အရေးကြီးတယ်လို့ မြင်တာက ဥပဒေ စိုးမိုးရေး ကိစ္စ။ လူ့အခွင့်အရေး ပတ်သက်လို့ပဲ ဖြစ်ဖြစ်၊ နိုင်ငံရေးအကျဉ်းသား ကိစ္စပဲ ဖြစ်ဖြစ်၊ ပြည်တွင်း ငြိမ်းချမ်းရေးကိစ္စ၊ စီးပွားရေး၊ လူမှုရေး တိုးတက်မှုနဲ့ ပတ်သက်လို့ပဲ ဖြစ်ဖြစ် ဥပဒေ စိုးမိုးရေး မရှိရင် စိတ်ချနိုင်မှာ မဟုတ်ပါဘူး။ နိုင်ငံရေးအကျဉ်းသား ဆိုတာ ဥပဒေ စိုးမိုးမှု ရှိတဲ့နိုင်ငံတွေမှာ မရှိပါဘူး။”

နိုင်ငံရေး အကျဉ်းသား အားလုံး လွတ်မြောက်အောင် ဆက်လက် ဆောင်ရွက်သွားမည် ဖြစ်ပြီး နိုင်ငံရေး အကျဉ်းသား အားလုံး လွတ်မြောက်ရေးသည် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် သာမက ဒီမိုကရေစီ လိုလားသူ အားလုံး၏ ရည်မှန်းချက် ဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောဆို၍ အမျိုးသားဒီမိုက ရေစီ အဖွဲ့ချုပ်ကနောက်ဆုံး ကောက်ယူထားသည့် စာရင်းများအရ နိုင်ငံရေး အကျဉ်းသား ၅၉၁ ယောက် ရှိကြောင်း ပြောဆို သွားသည်။
nldnewex4
“တချို့စာရင်းတွေမှာ ၂၀၀၀ လောက်ရှိတယ်။ အဲ့ဒီအပြင်က ရတဲ့ စာရင်းတွေကို ကျမတို့ တတ်နိုင်သ လောက် လိုက်ပီး စုံစမ်းတော့ စာရင်းတွေထဲမှာပါတဲ့ အကျဉ်းသားတချို့ဟာ လွတ်သွားတာ ကြာပြီဆိုတာ တွေ့ရပါတယ်။ ကျမတို့ အားလုံးတော့ တိတိကျကျ မစုံစမ်း နိုင်သေးပါဘူး။ ကျမတို့ ၅၉၁ ယောက်လို့ သတ်မှတ်ထားတာသေသေချာချာ အကျဉ်းထောင်တွေထဲမှာ ရှိသေးတယ်တဲ့ လူတွေ ဖြစ်ပါတယ်။” ဟု ဒေါ်အောင်ဆန်းစုကြည်က ဆိုသည်။

သမ္မတ ဦးသိန်းစိန်သည် နိုင်ငံတိုးတက်မှုကို လိုလားသူဟု သူမအနေဖြင့် ယုံကြည်ကြောင်းဒေါ်အောင်ဆန်း စုကြည် က ပြောဆိုပြီး ၁၉၉ဝ ရွေးကောက်ပွဲ ရလာဒ်ကို အသိအမှတ်ပြုကြောင်း အမျိုးသားလွှတ်တော် ဥက္ကဌ ဦးခင်အောင်မြင့်၏ ပြောဆိုမှုအပေါ် အပြုသဘောဆောင်သည့် ပြောဆိုမှုဟု သူမက ဆိုသည်။

“ကျမတို့ ၁၉၉ဝ ရွေးကောက်ပွဲရဲ့ တရားဝင်မှု တရားမဝင်မှုကို ဘားမား ဂေဇက်ထဲမှာ ထည့်ပြီးသားဆိုတော့ မေးခွန်းထုတ်စရာ မရှိပါဘူး။ အခုလွှတ်တော်ဥက္ကဌက ဒီလို ၁၉၉၀ ရွေးကောက်ပွဲမှာ NLD နိုင်ခဲ့တယ်ဆိုတာ အသိအမှတ်ပြုတယ် ဆိုတာ ကောင်းပါတယ်။ ဒါ နိုင်ငံရေး လှုပ်ရှားမှုမှာ အားလုံး ပိုပြီးတော့ပါဝင်လာ အောင် ဦးတည်ပြောတယ်ဆိုတာလဲ ထင်ရှားပါတယ်။ သမိုင်းမှာ ဝင်တာပဲ ရှိပါတယ် ထားခဲ့တယ်ဆိုတာ မရှိပါဘူး။

ကျမတို့ ၁၉၉၀ ရွေးကောက်ပွဲမှာ နိုင်ခဲ့တယ်ဆိုတာ သမိုင်းဝင်ခဲ့တာပါပဲ။” ဟု သတင်းစာ ရှင်းလင်းပွဲတွင် ပြောဆိုခဲ့သည်။

တိုင်းရင်းသား အရေးကိစ္စများနှင့် ပတ်သက်၍ ကချင်ပြည်နယ်တွင်း ဖြစ်ပေါ်နေသည့် တိုက်ပွဲများအပေါ် လွန်စွာ စိုးရိမ်မိကြောင်း၊ တိုင်းရင်းသားအရေး ပြေလည်မှု ရရှိနိုင်ရန် ရိုးသားပွင့်လင်းပြီး အမြင်ချင်း ဖလှယ်နိုင်မည့် တွေ့ဆုံဆွေးနွေးမှုမျိုး လိုအပ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ဆိုသည်။

“ကျမတို့ နိုင်ငံမှာ အခု အားလုံးအတွက် စိတ်ပူစရာ စိတ်မအေးစရာ ဖြစ်နေတာက ပြည်တွင်း ငြိမ်းချမ်းရေး ကိစ္စပါပဲ။ အထူးသဖြင့် ကချင်ပြည်နယ်မှာ ဆိုလို့ရှိရင် တိုက်ခိုက်မှုတွေ ဖြစ်နေတာဟာ ကျမတို့ နိုင်ငံအတွက် အင်မတန်မှ စိုးရိမ်ဖွယ်ရာ ဝမ်းနည်းစရာ ကိစ္စ ဖြစ်ပါတယ်။” ဟု သူက ပြောသည်။

တနှစ်တာအတွင်း တိုးတက်မှုများ ရှိသော်လည်း လုံလောက်ပြီ၊ ကျေနပ်ပြီဟု မဆိုနိုင်ကြောင်းနှင့် တိုးတက်မှု ရှိမရှိဆိုသည်ကို ကဏ္ဍအလိုက် ခွဲခြား ကြည့်ရှုရန်လိုကြောင်း ပြောဆိုပြီး သတင်းမီဒီယာလောကဖွံဖြိုး လာမှုနှင့် သတင်းထောက် အရေအတွက် များပြားလာမှုအပေါ် ဥပမာ ပေးသွားသေးသည်။

“တိုးတက်မှုတွေအကြောင်းပြောရင် အားလုံးခြံုပြောမယ့် အစား တခုချင်း တခုချင်း ကြည့်စေချင်တယ်။ ဥပမာ- တချို့က ပြောကြတယ် ဖန်ခွက်က တဝက်လိုနေလား၊ တဝက်တောင် ရှိတယ်ပြောမလား၊ တဝက်ပဲ ရှိတယ်ပြောမလားပေါ့။ ကျမတို့က တဝက်ရှိတာတွေ တဝက်မရှိတာတွေထက် တိတိကျကျ ဘာရှိတယ် ဘာမရှိဘူးပဲ ကြည့်စေချင်ပါတယ်။”

အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ရုံးတွင် အင်္ဂလိပ်၊ မြန်မာနှစ်ဘာသာဖြင့် ပြောကြားသွားခဲ့သော သတင်းစာ ရှင်းလင်းပွဲသို့ ပြည်တွင်း၊ ပြည်ပသတင်းဌာနများအပြင် နိုင်ငံခြား သတင်းဌာနများမှ နိုင်ငံခြားသား သတင်းထောက်များ ၁၀၀ ကျော် လာရောက် သတင်းယူခဲ့သည်။ 

ထိုစဉ်တွင် ရန်ကုန်မြို့ ဆိပ်ကမ်းသာမြို့နယ်တွင် တက်ကြွလှုပ်ရှားသူ လူငယ် Togetherness Education Network က “ ဒေါ်အောင်ဆန်းစုကြည်နှင့် သူ၏ နိုင်ငံရေး” ဆိုသော စကားဝိုင်းတခု ပြုလုပ်ခဲ့ကြောင်း အဖွဲ့ဝင် တဦးဖြစ်သူ ကိုသားသားက ပြောသည်။

အသက် ၁၇ နှစ်နှင့် ၂၃ နှစ်ရှိ တက္ကသိုလ် ကျောင်းသား/ ကျောင်းသူများ အပါအဝင် လူငယ် ၃၀ ကျော် တက်ရောက်ခဲ့ပြီး ဆွေးနွေးမှုတွင် အန်အယ်ဒီကို နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်သင့်၊ မတင်သင့်နှင့် ရွေးကောက်ပွဲ ဝင်ရေး၊ မဝင်ရေးတို့လည်း ပါဝင်ခဲ့သည်။

အပြောင်းအလဲ တခုဖြစ်စေနိုင်သော အန်အယ်ဒီ မှတ်ပုံတင်သင့်၊ မတင်သင့်နှင့် ပတ်သက်ပြီး နိုဝင်ဘာ ၁၈ ရက်နေ့တွင် ပါတီဌာနချုပ်တွင် ဗဟိုအစည်းအဝေးခေါ်ကာ ဆုံးဖြတ်မှာ ဖြစ်သည်။

Most read this week