ရန်ကုန် (မဇ္စျိမ) ။ ။ ဗိုလ်ချုပ်အောင်ဆန်း အပါအဝင် အာဇာနည် ခေါင်းဆောင်ကြီးများ လုပ်ကြံခံခဲ့ရ သည့် ဝန်ကြီး များရုံးအားပြတိုက် အဖြစ် ထားရှိမည်ဖြစ်ကာ ပုဂ္ဂလိကလုပ်ငန်းရှင်များ ဟိုတယ်ပြုလုပ်ရန် ငှားရမ်းမှာ မဟုတ်ကြောင်း အမှတ် (၁) နှင့် (၂) စက်မှုဝန်ကြီးဌာနပြည်ထောင် စုဝန်ကြီး ဦးစိုးသိန်းက ပြောဆိုသည်။
“ဘယ်သူ့ကိုမှ မငှားပါဘူး။ ပြတိုက်လို လုပ်ပြီးတော့ အမှတ်တရပစ္စည်း အရောင်းဆိုင်တွေ၊ အစားအသောက် အရောင်း ဆိုင်တွေ ဖွင့်ပြီးတော့ ထားမယ်။ နိုင်ငံခြားသားတွေ လာရောက် ကြည့်ရှု လည်ပတ်ခဲ့ရင် နိုင်ငံခြား ဝင်ငွေလည်း ရတာပေါ့” ဟု ဝန်ကြီး ဦးစိုးသိန်းက အောက်တိုဘာ ၂၆ ရက်နေ့က နေပြည်တော်တွင်ပြည် တွင်း သတင်းမီဒီယာများနှင့် တွေ့ဆုံရာ၌ ပြောကြားခဲ့သည်။
မြန်မာ့ခရီးသွားလုပ်ငန်း ဘုတ်အဖွဲ့ ဥက္ကဋ္ဌ ဦးခင်ရွှေက ဝန်ကြီးများရုံးအား ငှားရမ်း လုပ်ကိုင်လိုသူများ ရှိပါက ကူညီ သွားမည် ဖြစ်ကြောင်း ပြောဆိုခဲ့ပြီး နောက်တွင် ငှားရမ်းမည် မဟုတ်ကြောင်း အစိုးရက တရားဝင် ထုတ်ဖော်ပြောဆို လိုက်ခြင်းလည်း ဖြစ်သည်။
ရန်ကုန်မြို့ ကျောက်တံတားမြို့နယ် ဗိုလ်အောင်ကျော်လမ်းပေါ်ရှိ အဆိုပါရုံးကို အင်္ဂလိပ်တို့က ၁၈၉၀ ခုနှစ် တွင် အုပ်ချုပ်ရေး ဗဟိုဌာနအဖြစ် ဆောက်လုပ်ခဲ့ခြင်းဖြစ်ကာ အုပ်ချုပ်ရေး ယန္တရား၏ အမြင့်ဆုံးဖြစ်ကာ အတွင်းဝန်ချုပ်နှင့် အတွင်းဝန်များ ရုံးစိုက်ရာလည်း ဖြစ်သည်။
ဝန်ကြီးများရုံးမှာ မြန်မာ့လွတ်လပ်ရေး ဗိသုကာဖြစ်သော ဗိုလ်ချုပ်အောင်ဆန်းနှင့် သူ၏ ကက်ဘိနက် အဖွဲ့ဝင်များကို ပြိုင်ဘက် နိုင်ငံရေးသမား ဦးစော၏ လက်ပါးစေများက လုပ်ကြံသတ်ဖြတ်ခဲ့သောနေရာ လည်းဖြစ်ကာ ပထမဆုံးသော လွတ်လပ်သော မြန်မာနိုင်ငံ၏ အလံလွှင့်တင်သော အခမ်းအနားကျင်းပ ရာလည်း ဖြစ်သည်။
“ရှေးဟောင်း အဆောက်အအုံတွေထဲက ဟိုတယ်လုပ်လို့ ရနိုင်တဲ့ အဆောက်အအုံတွေ တချို့ ရှိပါတယ်။ အဲဒါကို တော့ ဟိုတယ်အဖြစ် ငှားမယ်။ ဂျာမနီက ရဲတိုက်ကြီးတွေလိုပဲပေါ့။ ရဲတိုက်ကြီးကို ဟိုတယ်အသွင် ပြောင်းထားမယ်။ ရုရှားက နန်းတော်ကြီးဆိုရင် ပြတိုက်လိုတယ်။ ဒါမျိုးပေါ့” ဟု ဝန်ကြီး ဦးစိုးသိန်းက ဆိုသည်။
ဝန်ကြီးများရုံးအား ပုဂ္ဂလိက လုပ်ငန်းရှင်များသို့ ငှားရမ်းမည်ဟု သတင်းများ ထွက်ပေါ်ခဲ့ပြီးနောက် နိုင်ငံရေး ပါတီများ၊ အနုပညာရှင်များကလည်း ပြည်ပ မီဒီယာများမှ တဆင့် ကန့်ကွက်မှုများ ပြုလုပ်ခဲ့သေးသည်။
သက်တမ်း ၁၂၀ ကျော်ပြီ ဖြစ်သည့် ဝန်ကြီးများရုံးအပြင် ပန်းဆိုးတန်း လမ်းမပေါ်ရှိ ရှေ့နေချုပ်ရုံးအဆောက် အအုံကို လည်း ငှားရမ်းမည် မဟုတ်ဟု သိရသည်။
ရန်ကုန်တိုင်း ဒေသကြီး စည်ပင်သာယာရေး ကော်မတီ နယ်နိမိတ်အတွင်း ရှေးဟောင်း အဆောက်အအုံ ပေါင်း ၁၈၉ ခုရှိသည်ဟု ကော်မတီ၏ အင်ဂျင်နီယာဌာန (အဆောက်အအုံ) ၏ စာရင်းများ အရ သိရသည်။
၂ဝ၁ဝ ခုနှစ် အစောပိုင်းက အထည်ချုပ်၊ စားသောက်ကုန်၊ အိမ်သုံးကုန်၊ လျှပ်စစ်ပစ္စည်းနှင့် ရုပ်ရှင်ရုံ၊ အဆောက်အဦး များ ပါသော နိုင်ငံပိုင် လုပ်ငန်း ၁၁၀ ကျော်နှင့် ၂၀၀၉ အတွင်း နိုင်ငံပိုင် အဆောက်အဦး၊ မြေယာနှင့် လုပ်ငန်းပေါင်း ၂၆၀ ကို ပုဂ္ဂလိကသို့ လွှဲပြောင်း ရောင်းချခဲ့ကြောင်း လွှဲပြောင်းခဲ့ကြောင်း ပုဂ္ဂလိကပိုင် ပြုလုပ်ရေး ကော်မရှင်က ထုတ်ပြန်ခဲ့သည်။