ချင်းမိုင် (မဇ္ဈိမ) ။ ။ တရုတ်နိုင်ငံသို့တပတ် ကြာ သွားရောက်ခဲ့သည့် မြန်မာ ဒုတိယသမ္မတ ဦးတင်အောင်မြင်ဦးသည် သူ၏ ခရီးစဉ်အတွင်း တရုတ်နိုင်ငံ ဝန်ကြီးချုပ် မစ္စတာ ဝမ်ကြားပေါင်နှင့်
ချင်းမိုင် (မဇ္ဈိမ) ။ ။ တရုတ်နိုင်ငံသို့ တပတ်ကြာ သွားရောက်ခဲ့သည့် မြန်မာ ဒုတိယသမ္မတ ဦးတင်အောင်မြင်ဦးသည် သူ၏ ခရီးစဉ်အတွင်း တရုတ်နိုင်ငံ ဝန်ကြီးချုပ် မစ္စတာ ဝမ်ကြားပေါင်နှင့် တွေ့ဆုံခဲ့ကာ နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက် နေသည့် ရေနံနှင့် သဘာဝဓာတ်ငွေ့၊ ရေအားလျှပ်စစ်၊ သတ္တု၊ ပို့ဆောင်ရေး၊ ဆက်သွယ်ရေး စီမံကိန်း အသီးသီး တို့ကို တိုးမြှင့် အကောင်အထည် ဖေါ်နိုင်ရန်ဆွေးနွေးခဲ့ သည်ဟု သောကြာနေ့ထုတ် မြန်မာ့အလင်း သတင်းစာတွင်ဖေါ်ပြသည်။
နိုင်ငံပိုင်သတင်းစာက "နှစ်နိုင်ငံဘက်စုံ မဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်ရေး မိတ်ဖက်နိုင်ငံများ" ဟု သုံးနှုန်း ထားပြီး နှစ်နိုင်ငံဆက်ဆံရေး တိုးမြှင့်ရန်၊ နှစ်နိုင်ငံနယ်စပ်ဒေသများ တည်ငြိမ်အေးချမ်းရေး ပူးပေါင်း ဆောင်ရွက်ရန်တို့ကို မြန်မာ ဒုတိယ သမ္မတနှင့် တရုတ်ဝန်ကြီးချုပ်တို့ အောက်တိုဘာ ၂ဝ ရက်နေ့တွင် ဆွေးနွေးခဲ့သည်ဟုလည်း နိုင်ငံပိုင်သတင်းစာတွင် ဖေါ်ပြသည်။
ယင်းအပြင် ဦးတင်အောင်မြင့်ဦးသည် တရုတ် ကွမ်ရှီးကျွမ်း ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ ပြည်သူ့ကွန်ဂရက်၊ တရုတ် ကွန်မြူနစ် ပါတီ အတွင်းရေးမှူး Mr. Guo Shengkun နှင့် အောက်တိုဘာ ၂ဝ ရက် ညပိုင်းတွင်တွေ့ ဆုံခဲ့ပြီး မြန်မာနိုင်ငံနှင့် ကွမ်ရှီးကျွမ်း ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ဒေသတို့ ပူးပေါင်းဆောင်ရွက်ရေး တို့ကိုလည်း ဆွေးနွေးခဲ့သေးသည်ဟု ဖေါ်ပြသည်။
တရုတ်နိုင်ငံ နန်နင်းမြို့တွင်ကျင်းပသည့် (၈) ကြိမ်မြောက် တရုတ်အာဆီယံ ကုန်စည်ပြပွဲနှင့် စီးပွားရေး ရင်းနှီးမြှုပ်နှံမှု ထိပ်သီး အစည်းအဝေးသို့ မြန်မာ ဒုတိယသမ္မတ ဦးတင်အောင်မြင့်ဦးသည် အောက်တိုဘာ ၂ဝ ရက်နေ့မှ ၂၆ ရက်နေ့ အထိ သွားရောက်ခဲ့ခြင်း ဖြစ်သည်။
သူ၏ ခရီးစဉ်အတွင်း နိုင်ငံသမ္မတ ဦးသိန်းစိန်၏ စီးပွားရေးအကြံပေး ဦးဆက်အောင် အပါအဝင်၊ အမျိုးသား စီမံကိန်းနှင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုဝန်ကြီး ဦးတင်နိုင်သိန်း၊ သိပ္ပံနှင့် နည်းပညာဝန်ကြီး ဦးအေးမြင့်၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီး ဦးဝင်းမြင့်၊ ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့်သစ်တောရေးရာ ဝန်ကြီး ဦးဝင်းထွန်းတို့လည်း လိုက်ပါသွားခဲ့သည်။
မြန်မာ အစိုးရ အရာရှိများ၏ တရုတ်နိုင်ငံ ခရီးစဉ်အတွင်း အောက်တိုဘာ ၂၁ ရက်မှ ၂၃ ရက်နေ့အထိတရုတ် နိုင်ငံ နန်နင်း မြို့တွင်ကျင်းပသည့် တရုတ်- အာဆီယံ မြို့ပြသစ်တော ဆွေးနွေးပွဲသို့ သစ်တောရေးရာ ဝန်ကြီး ဦးဝင်းထွန်းလည်း တက်ရောက်ခဲ့သေးသည်။
အဆိုပါ ဆွေးနွေးပွဲတွင် မြန်မာနိုင်ငံ၏ သစ်တောရေးရာ မူဝါဒများ၊ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုနှင့် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး အစီအစဉ်များကို တင်ပြခဲ့ပြီး၊ သစ်တောများ ထိန်းသိမ်းရေးအတွက်တရုတ်နိုင်ငံ နှင့် အာဆီယံ ဒေသတွင်း နိုင်ငံများနှင့် ပူးပေါင်း ဆောင်ရွက်သွားမည်ဟု ဆွေးနွေးခဲ့ကြောင်းသောကြာနေ့ထုတ် နိုင်ငံပိုင် သတင်းစာက ဖေါ်ပြသည်။