နောက်ထပ် လွတ်ငြိမ်းအသုတ်များ လာလိမ့်ဦးမည်ဟု CRPP မျှော်လင့်

နောက်ထပ် လွတ်ငြိမ်းအသုတ်များ လာလိမ့်ဦးမည်ဟု CRPP မျှော်လင့်
by -
ထွန်းထွန်း

နယူးဒေလီ (မဇ္စျိမ) ။      ။ လွတ်ငြိမ်းချမ်းသာ ခွင့်အရ နောက်ထပ် အကျဉ်းသားများ ထပ်လွတ် ဖွယ် ရှိသည့် မျှော်လင့် ထားပြီး ယင်းတို့ထဲတွင် တိုင်းရင်းသားခေါင်းဆောင်များနှင့်် နိုင်ငံရေး အကျဉ်းသား အားလုံး ပါဝင်မည်ဆိုပါက အစိုးရ သစ် နှင့် ပူးပေါင်းဆောင်ရွက်မည်ဖြစ်ကြောင်း ပြည်သူ့လွှတ်တော် ကိုယ်စားပြု ကော်မတီ CRPP က ပြောသည်။

8_crpp_members
“နောက်ထပ်ကြားတဲ့သတင်းက သုံးသုတ်ခွဲပြီးတော့ လွှတ်မယ်လို့ ကျနော်တို့ သတင်းကြားထားပါတယ်။ အဲဒါတွေ အကယ်၍ ဖြစ်လာတယ်ဆိုရင်တော့ ဘယ်အဖွဲ့အစည်း၊ ဘယ်ပါတီ၊ ဘယ်ပုဂ္ဂိုလ်နှင့်မဆို လက်တွဲလုပ်သွားဖို့ သဘောထားရှိပါတယ်” ဟု CRPP အတွင်းရေးမှူး ဦးအေးသာအောင်က မဇ္စျိမကို ပြောသည်။

တိုင်းပြည်ဆင်းရဲတွင်း လွတ်မြောက်ရေး၊ ပြည်တွင်းစစ် ရပ်စဲရေးနှင့် တိုင်းရင်းသား စည်းလုံးညီညွတ်မှု ဖော်ဆောင်ရေး ကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်မည်ဟုလည်း CRPP က ဆုံးဖြတ်ထားသည်။

အောက်တိုဘာလ ၁၂ ရက်နေ့က အမျိုးသား ကာကွယ်ရေးနှင့် လုံခြံုရေးကောင်စီ ထောက်ခံ ချက်ဖြင့် နိုင်ငံတဝန်းရှိ အကျဉ်းသား ၆၃၅၉ ဦးအား လွှတ်ငြိမ်း ချမ်းသာခွင့် ပေးမည်ဟု ကြေညာချက် အရ နိုင်ငံ တဝန်း အကျဉ်းသား များ လွှတ်ပေးခဲ့သော်လည်း မည်၍ မည်မျှထိ လွှတ်ပေးသည်ကိုမူ ယခုအချိန်ထိ အတိအကျ မသိရသေးပေ။

“ဒီလိုအသုတ်တွေ ခွဲပြီးတော့ အချိန်တွေခွဲပြီး လွှတ်တာမျိုးတွေ အန်ကယ်တို့ အတွေ့အကြံုအရတွေ့ဖူးပါ တယ်” ဟု ဦးအေးသာအောင်က ဆိုသည်။

ပြည်ပအခြေစိုက် နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေး အသင်း AAPP တွဲဖက် အတွင်းရေးမှူး ဦးဘိုကြည်ကတော့ “၆၃၅၉ စလုံး အကုန်လွှတ်ပြီးပြီလား၊ မပြီးပြီလားဆိုတာလည်း ကျနော်တို့ မသိဘူး။ ဒီကနေ့ ထပ်လွှတ်တာလည်း ကျနော်တို့ မတွေ့ရဘူး” ဟုဆိုသည်။

“ပုံမှန်ဆိုရင်တော့ တရက်တည်းမှာ အပြီးလွှတ်ရတယ်ဗျာ။ တရက်တည်းမှာ မကုန်ဘူးဆိုရင် ဒီကနေ့ လွှတ်ပေးရ တယ်။ ဒီကနေ့ မလွှတ်ဘူးဆိုရင်တော့ မနေ့က ကုန်တယ်လို့ ယူဆလို့ ရတယ်။ ဒါပေမဲ့ အဲဒါတွေအားလုံးကို အတည်ပြုဖို့၊ မပြုဖို့က ကျနော်တို့ ဘယ်လိုမှ မဖြစ်နိုင်ဘူး” ဟု ဆိုသည်။

CRPP မှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD အပါအဝင် ၁၉၉ဝ ရွေးကောက်ပွဲ အနိုင်ရ ချင်း၊ ရှမ်း၊ ရခိုင်၊ မွန်စသည့် တိုင်းရင်းသား ၁ဝ ပါတီမှ ကိုယ်စားလှယ်များဖြင့် ဖွဲ့စည်းထားခြင်းဖြစ်ကာ ၁၉၉ဝ ရွေးကောပ်ပွဲ ရလဒ်နှင့်အညီ လွှတ်တော်ခေါ်ယူရေးအတွက် ၁၉၉၈ ခုနှစ်က ဖွဲ့စည်းထားခြင်း ဖြစ်သည်။

“ရှေ့မှာ စိန်ခေါ်မှုတွေ အများကြီး ရှိနေတယ်။ ဒါတွေကို လုပ်ဖို့အတွက်ဆိုရင် ကျနော်တို့က စိတ်ရှည်မယ်၊ သဘောထားကြီးမယ်၊ သည်းခံမယ်၊ အချိန်ပေးမယ်။ သို့သော် အချိန်ဆိုတာ အကန့်အသတ်တော့ ရှိရမယ်။ အကန့်အသတ်မရှိဘဲနဲ့ မျောပါတာမျိုးတော့ မဖြစ်စေချင်ဘူး” ဟု ဦးအေးသာအောင်က ဆိုသည်။

အကျဉ်းသားများ ထပ်လွှတ်ရန် ရှိ၊ မရှိနှင့် ပတ်သက်၍ အတည်ပြုချက်ရယူရန်အတွက် အကျဉ်းဦးစီးဌာနသို့ ဆက်သွယ်ခဲ့သော်လည်း အဆက်အသွယ် မရခဲ့ပေ။

အစိုးရအနေဖြင့် ပြောင်းလဲမှုများရှိလာပါက ပါတီတရားဝင်ရပ်တည်ရေးအတွက် ထဲ့သွင်းစဉ်းစားနေသည်ဟု ယုံကြည်ရသော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD အနေနှင့်လည်း ယခုအကျဉ်းသားလွှတ်ပေးမှုကို ပါတီတရားဝင် ဖြစ်ရေးကိစ္စအတွက် တစုံတရာ အကျိုးသက်ရောက်မှု ရှိ၊ မရှိကိုမူ မပြောဆိုနိုင်သေးပေ။

“အဲဒါတော့ အခုနေ ကျနော်တို့ ပြောလို့မရသေးဘူး။ ဒီအချက်တွေနဲ့ပတ်သက်ပြီးတော့လည်း ကျနော်တို့ အစည်းအဝေးမထိုင်ရသေးဘူးခင်ဗျ။ လောလောဆယ် ကျနော်တို့ သတ်မှတ်တဲ့ရက် မရှိသေးပါဘူး။ ကျနော်တို့ လိုအပ်တဲ့အချိန် ထိုင်ကြမှာပါ” ဟု NLD ပြောခွင့်ရ ရှေ့နေကြီး ဦးဉာဏ်ဝင်းက မဇ္စျိမကို ပြောသည်။

လက်ရှိတွင် ကျန်ရှိနေသေးသည့် အကျဉ်းသားများ လွတ်မြောက်ရေးအတွက် အစိုးရအား ဆက်လက် တိုက်တွန်း သွားမည်ဖြစ်ကာ လွတ်မြောက်လာသူ ပါတီဝင်များကိုလည်း ကူညီမှုများပေးနေသည်ဟု သိရသည်။

ယခုသတင်းပေးပို့ချိန်အထိ NLD  မှ ပြုစုထားသော စာရင်းများအရ လွတ်မြောက်လာသူများ အနက် နိုင်ငံရေး အကျဉ်းသား ၁၉၈ ဦးရှိပြီး ပါတီဝင် ၃ဝ ခန့် ပါဝင်သည်ဟု ထုတ်ပြန်ချက်တွင် ပါရှိသည်။

AAPP ၏ စာရင်းများတွင်မူ နိုင်ငံရေးအကျဉ်းသား ၂၂ဝ ပါဝင်သည်ဟုဆိုသည်။