ချင်းမိုင် (မဇ္စျိမ) ။ ။ မြန်မာ့အတိုက်အခံခေါင်း ဆောင် ဒေါ်အောင်ဆန်းစုကြည်က Clinton Global Initiative (CGI) ညီလာခံ ပရိသတ်အားလွတ်လပ် ရေး အတွက် ကြိုးပမ်းနေသည့် သူ၏ နိုင်ငံအရေးကို မျက်နှာလွှဲဖယ်ခြင်း မပြုရန်ပန်ကြား ခဲ့သည်။
နယူးယောက် မြို့တွင် ကျင်းပ CGI ညီလာခံ ပရိသတ်သို့ ဒေါ်အောင်ဆန်းစုကြည် ပေးပို့ခဲ့သည့် ဗွီဒီယိုတွင်မြန်မာ့နိုင်ငံရေး ပျော့ပြောင်းလာသည့် အခြေအနေကို ပြောခဲ့ပြီး ၂ဝ၁ဝ ခုနှစ် နိုဝင်ဘာလတွင် ပြုလုပ်ခဲ့သည့်ရွေးကောက်ပွဲသည် အပြစ်အနာအဆာများရှိကာ မြန်မာ့နိုင်ငံရေး အခြေအနေကို ဂရုတစိုက် စောင့်ကြည့်ရန် လိုအပ်သည်ဟုလည်း ပြောခဲ့သည်။
“ကျမတို့ တကယ်လိုအပ်နေတာက ကျမတို့ နိုင်ငံမှာ ဘာတွေဖြစ်ပျက်နေလဲ ဆိုတာကို သတိထား စောင့်ကြည့်မှုပါပဲ” ဟု ဒေါ်အောင်ဆန်းစုကြည်က ပရိသတ်ဖြစ်သည့် နိုင်ငံရေးနှင့် စီးပွါးရေးခေါင်းဆောင် များအား ပြောကြားခဲ့ကြောင်း Agence France-Presse သတင်းဌာနက ဖော်ပြခဲ့သည်။
ဒေါ်အောင်ဆန်းစုကြည်က အခြေအနေသည် ပြောင်းလဲနေခဲ့ကြောင်း ပြောကြားခဲ့ပြီး “အပြောင်းအလဲဆိုတာ အမြဲတမ်းတော့ အကောင်းဘက်ကို ပြောင်းလဲတာ ဖြစ်ချင်မှ ဖြစ်ပါလိမ့်မယ်။ အကောင်းဘက်ကို ပြောင်းလဲခဲ့ရင်တောင် အပြောင်းအလဲတွေဟာ အမြဲကြ့ံကြံ့ခံ တည်မြဲဖို့က မသေချာပါဘူး” ဟု ဗွီဒီယိုထဲတွင် ပြောခဲ့သည်။
“ဘာတွေ ဖြစ်ပျက်နေသလဲ ဆိုတာကို ကမ္ဘာကြီးက ဆက်လက် စောင့်ကြည့်ပေးဖို့ကို ကျမတို့ အလိုရှိပါတယ်”
ဟုလည်း ဆိုခဲ့သည်။
“တကယ်လို့ ကမ္ဘာကြီးအနေနဲ့ မြန်မာနိုင်ငံကို ကူညီချင်တယ်ဆိုရင် မြန်မာနိုင်ငံမှာ ဘာတွေ ဖြစ်ပျက်နေသလဲဆိုတာကို သိနေဖို့လိုပါတယ်။ ဒီနိုင်ငံမှာ ဘာတွေ ဖြစ်ပေါ်နေလဲ ဆိုတာကို မျက်ခြေမပြတ် လေ့လာနေဖို့ လိုပါတယ်” ဟု ဒေါ်စုက ပြောခဲ့သည်။
မြန်မာ့အတိုက်အခံ ခေါင်းဆောင်က အိန္ဒိယနိုင်ငံနှင့် တရုတ်နိုင်ငံတို့၏ အရေးပါမှုကိုလည်း အလေးထား ပြောကြား ခဲ့သလို ထိုနိုင်ငံများ အနေဖြင့် မြန်မာပြည်သူများနှင့် ဆက်ဆံရေးကို မြန်မာအစိုးရနှင့် ဆက်ဆံရေး နည်းတူ အလေးထားလိမ့်မည် ဟု မျှော်လင့်ကြောင်းလည်း ပြောခဲ့သည်။
ဒေါ်စုက ပြောကြားရာတွင် ထိုနိုင်ငံများ အနေဖြင့် အိမ်နီးချင်းကောင်းများ အမြဲတမ်း ဖြစ်ခဲ့ကြသော်လည်း အချိန်
ပြောင်းလဲ လာသည်နှင့် အမျှ အခြေအနေများလည်း ပြောင်းလဲ လာတတ်သဖြင့် အိမ်နီးချင်းကောင်းများ ဆက်လက်
ဖြစ်နေစေရန် တချို့မူဝါဒများကို ပြုပြင်ရန် လိုအပ်သည်ဟု ဆိုသည်။
“ဘယ်ခရီးကိုမဆို ခြေလှမ်းတွေ တလှမ်းပြီးတလှမ်း လှမ်းရင်း လုပ်ရတာပါ။ ရိုးရိုးသားသား ပြောရမယ်ဆိုရင်ဒီမိုကရေစီ လှုပ်ရှားမှုထဲကို ကျမ စတင် ဝင်ရောက်တုန်းက ကျမရဲ့ ဘဝတခုလုံးကို မြှုပ်နှံထားရလိမ့်မယ်လို့ မထင်မိခဲ့ပါဘူး” ဟု ဒေါ်စုက ပြောခဲ့သည်။
မြန်မာနိုင်ငံတွင် တိုးတက်မှုတချို့ကို မြင်တွေ့နိုင်သည်ဟု သူမက ပြောဆိုခဲ့သော်လည်း ၎င်းတို့သည် “အစခရီး၏အစ” သာ ရှိသေးသည်ဟု သူမက ဆိုခဲ့သည်။
ဒေါ်အောင်ဆန်းစုကြည်က မြန်မာနိုင်ငံ အခြေအနေနှင့် အရှေ့အလယ်ပိုင်းနှင့် မြောက်အာဖရိကရှိ အာရပ်နိုင်ငံများ တွင် ဖြစ်ပွါးခဲ့သည့် တော်လှန်ရေးများနှင့် နှိုင်းယှဉ်ရန် ခက်ခဲကြောင်းဆိုခဲ့ပြီး အင်တာနက်နှင့် လူမှုရေး မီဒီယာများ တည်ရှိနေမှုမှာ မြန်မာနိုင်ငံနှင့် ခြားနားကြောင်း ထောက်ပြခဲ့သည်။
ရန်စောင်မှု ခုနှစ်သက္ကရာဇ်များကို ကျော်လွှားရန်မှာလည်း ခက်ခဲကြောင်း သူက ဆိုခဲ့သေးသည်။
“နှစ်ဘက်စလုံးက အပေးအယူ ပြုလုပ် ညှိနှိုင်းဖို့ အတွက် ပြင်ဆင်ရမှာမို့ အမျိုးသား ပြန်လည်စည်းလုံးရေး လုပ်ငန်းဟာ တခါတရံမှာ အားလုံးထက် ပိုပြီး ခက်ခဲနိုင်ပါတယ်” ဟု ပြောခဲ့သည်။