ဧရာဝတီကို တဆင့်တိုး ခုခံကာကွယ်သွားမည်

ဧရာဝတီကို တဆင့်တိုး ခုခံကာကွယ်သွားမည်
by -
ကိုပေါက်

နယူးဒေလီ (မဇ္ဈိမ) ။         ။ မြစ်ဆုံရေကာတာ စီမံကိန်းကို နောက်မဆုတ်တန်း ဆက်လက် အကောင်အထည်ဖော်သွားမည်ဟု လျှပ်စစ် (၁) ဝန်ကြီး ဦးဇော်မင်းက ပြောကြားလိုက်ချိန်တွင် ကန့်ကွက်သူများကလည်း တဆင့် ကန့်ကွက် သွားမည်ဟု ပြောကြားလိုက်သည်။

စက်တင်္ဘာ ၁ဝ ရက်နေ့က နေပြည်တော်တွင် ပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင် အမှတ် ၁ လျှပ်စစ် ဝန်ကြီး ဦးဇော်မင်းက မြစ်ဆုံရေကာတာ စီမံကိန်းအား မဖြစ်မနေ ဆက်လုပ်သွားမည်ဟု မီဒီယာများအား ပြောကြား လိုက်သည့်အပေါ် တုန့်ပြန် ပြောဆိုလိုက်ခြင်း ဖြစ်သည်။

“သူတို့ဘက်ကလည်း လုပ်ကြပြီဆိုရင် ဒီဘက်ကလည်း ညီညွတ်ဖို့လိုတာပေါ့။ ဧရာဝတီကို ချစ်တဲ့ သူတွေက ရတဲ့ လုပ်ပိုင်ခွင့်တွေကနေ ဆက်လုပ်ကြရမှာပေါ့။ ဘယ်သူကမှ ပေးတဲ့တာဝန်မဟုတ်ပေမယ့် ကျနော်တို့ ထမ်းရမယ့် တာဝန်တွေပဲ။ ကဲ ဒီအဆင့်တော့ မရတော့ဘူးဆိုရင်လည်း နောက်တဆင့်ပေါ့ဗျာ” ဟု ဧရာဝတီအကြောင်းအထူးထုတ် ထုတ်ဝေခဲ့ဖူးသည့် ပိတောက်ပွင့်သစ် မဂ္ဂဇင်း အယ်ဒီတာ မောင်စိမ်းနီက မဇ္စျိမကို ပြောသည်။

မေခ မလိခ မြစ်ဆုံအနီးရှိ မဂ္ဂါဝပ် ခြောက်ထောင်တပ်ဆင်အားရှိ မြစ်ဆုံစီမံကိန်းအနေအထားကို ယခုနှစ် ဇွန်လက တွေ့ရစဉ်။ ဓာတ်ပုံ- ဆိုင်းအောင်ဝန်ကြီး ဦးဇော်မင်းက “အခု တလလောက် အတွင်းမှာဖြစ်နေတဲ့ ဧရာဝတီ ရောဂါနဲ့ အမီလိုက် နေသူများရဲ့ မေးခွန်း တွေနဲ့ ကာတွန်းတွေ၊ အခုဧရာဝတီမြစ်ဆုံ စီမံကိန်း ဆက်လက် လုပ်ဆောင်ဖို့ ရှိပါသလား၊ ဘယ်အဆင့် ရောက်နေပြီ လဲလို့ မေးပါတယ်။ ဧရာဝတီမြစ်ဆုံစီမံကိန်းကို ဆက်လုပ်ပါမယ်။ ကျနော်တို့ ဘယ်တော့မှ နောက်မဆုတ်ပါဘူး” ဟု နေပြည်တော်ရှိ မီးရထားဝန်ကြီးရုံးတွင် ပြုလုပ်ခဲ့သည့် မီဒီယာများနှင့် တွေ့ဆုံပွဲ အခမ်းအနားတွင် ပြောကြားခဲ့ခြင်း
ဖြစ်သည်။

ဧရာဝတီမြစ်ဆုံရှိ ရေအားလျှပ်စစ် စီမံကိန်း၏ ဆိုးကျိုးများအား နိုင်ငံတကာ ပညာရှင်များနှင့် ပြန်လည် သုတေသနပြုလုပ်ရန်နှင့် သုတေသန ပြုလုပ်နေစဉ်အတွင်း စီမံကိန်းများ ရပ်ဆိုင်းထားရန် အတွက် တောင်းဆိုမှု အမျိုးမျိုး ပေါ်ထွက်နေစဉ် ပြောကြားလိုက်ခြင်းဖြစ်သည်။

“ကျနော်ထင်တာကတော့ သူတို့က လက်လွန်ခြေလွန်တွေ အကုန်လုံး လုပ်ပြီးခဲ့ပြီလို့ ထင်တယ်လေ။ ဒါကြောင့် ဒါကို ကန်ပြောတာလေ။ ပညာရှင်တွေက ထောက်ပြနေတာကို သူတို့က မရွေ့ဘူးဆိုရင် ကျနော်တို့က တွန်းကြ ရမှာပါပဲ” ဟု အယ်ဒီတာ မောင်စိမ်းနီက ပြောသည်။

မြစ်ဆုံစီမံကိန်းမှာ ဧရာဝတီမြစ်ကြီး၏ အနာဂတ်နှင့်တိုင်းပြည်အတွက် အလွန်အရေးကြီးလှသဖြင့် တဦးတယောက်ထဲ၏ ဆုံးဖြတ်ချက်ဖြင့် မလုပ်နိုင်ကြောင်း ဧရာဝတီကယ်တင်ရေး လက်မှတ်ရေး ထိုးဆောင်ရွက်နေသူ ကိုမျိုးရန်နောင်သိန်းက မဇ္စျိမကို ပြောသည်။

“ဝန်ကြီးတယောက်၊ အစိုးရ တဖွဲ့တည်းနဲ့ ဆောင်ရွက်လို့မရဘူး။ ပြည်သူလူထုရဲ့ သဘောထားကိုရယူဖို့လို တယ်။ ကျနော်တို့ကတော့ ဆက်လက်ဖော်ထုတ်သွားမှာပဲ။ ဒီကိစ္စက တခါဆုံးရှုံးပြီးသွားရင် အစားပြန်မရနိုင်တဲ့ ကိစ္စ ဆိုတော့ ကျနော်တို့ဘက်ကတော့ နောက်ဆုတ်ဖို့မရှိဘူး။ အစိုးရဘက်က နောက်ဆုတ် ဖို့မရှိသလို ကျနော်တို့ ဘက်ကလည်း နောက်ဆုတ်ဖို့မရှိဘူး” ဟု ပြောသည်။

လျှပ်စစ်ဝန်ကြီး၏ အကြောင်းပြချက်တွင် မြန်မာနိုင်ငံအတွင်း လျှပ်စစ်ဓါတ်အား လက်ရှိ မီဂါဝပ် ၁၅ဝဝ ပင် ကုန် အောင် မသုံးနိုင်သေးသဖြင့် ပြည်ပသို့ ရောင်းရခြင်းဖြစ်ကြောင်းလည်း ပါဝင်ရာ “ဒီကိစ္စက ပေါ်တင်လိမ်တဲ့ ကိစ္စကြီးမို့ ဘယ်လိုသဘောထားပေးရမှန်းတောင် မသိဘူး။ ရန်ကုန်မြို့က မီးလင်းပြီလား။ ကချင်ပြည်နယ်က မိုးညင်းမြို့ကြီးဆို ၂၄ နာရီ မီးမလာဘူး။ ဒီလို မြန်မာပြည်အနှံ့ မီးမလာတဲ့အချိန်မှာ လျှပ်စစ်ဓါတ်အား လုံလောက်တယ်ဆိုတာကတော့ ရီစရာ အရမ်းကောင်းနေတယ်” ဟု ကိုမျိုးရန်နောင်သိန်းက ပြောသည်။

ကန့်ကွက်သူများက သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးရှုဒေါင့်မှလည်း ကြည့်ရှုကာ စီမံကိန်း ဆက်မလုပ်ရန် တောင်းဆို ထားသော်လည်း ဝန်ကြီးက  “ဒီစီမံကိန်းတွေ ပျက်ပြားအောင်ဆိုပြီးတော့ environmental အကြောင်းပြပြီး လျှောက်ပြောနေခြင်းသည် ကျနော်တို့နိုင်ငံရဲ့ အကျိုးစီးပွားအပေါ် ထိခိုက်စရာကလွဲလို့ ဘာမှမရှိပါဘူး။ ဒါက ရှင်းရှင်းလေးပါပဲ” ဟု  ယတိပြတ် ပယ်ချထားပြီး ရရှိလာနိုင်သည့် အကျိုးအမြတ်များ အဖြစ် free power ၁ဝ%၊ commercial tax ၈% စသဖြင့် ပြောကြားထားကာ “ကျနော်နိုင်ငံရဲ့ လူဦးရေ သန်း ၅ဝ၊ ၆ဝ ရဲ့ အကျိုးကို ကြည့်ပြီးတော့ ဆောင်ရွက်မလား။ ဒါလေး ဝိုင်းစဉ်းစားဖို့ပါပဲ။ ကျနော်တို့ကတော့ ခုနကပြောတဲ့အတိုင်းပဲ ဒီစီမံကိန်းကို ဆက်လုပ်မှာ ဖြစ်ပါတယ်” ဟု ၎င်း၏ ဆုံးဖြတ်ချက်အားပြောဆိုသွား သည်။

တရုတ်ပြည်အား လျှပ်စစ်ဓါတ်အား ရောင်း၍ရရှိသည့်အမြတ်များအား အမျိုးသား အကျိုးစီးပွားအဖြစ် ပြောဆို သွားခြင်းမှာ မှားနေကြောင်း ကိုမျိုးရန်နောင်သိန်းက “အမျိုးသား အကျိုးစီးပွား မှားနေပြီလို့ပဲ မှတ်ချက်ပေး ပါရစေ။ ဧရာဝတီမြစ်ကြီး ထာဝရရှင်သန်ရေးဟာ အမျိုးသားအကျိုးစီးပွားပါ။ လျှပ်စစ်ဓါတ်အား ထုတ်ပြီးတော့ ရောင်းတာဟာ အမျိုးသားအကျိုးစီးပွား မဟုတ်ပါဘူး။ တရုတ်ပြည်ရဲ့အကျိုးစီးပွားပါ။ ဒါမှမဟုတ်ရင်လည်း စီးပွားရေးလုပ်ငန်းရှင် လူတစု၊ အုပ်ချုပ်သူ လူတစုရဲ့ အကျိုးစီးပွားပါ။ ဧရာဝတီမြစ်ကြီး ထာဝရရှင်သန်ရေးဟာ အမျိုးသား အကျိုးစီးပွားဖြစ်သလို သမိုင်းပေး တာဝန်တရပ်လည်း ဖြစ်ပါတယ်” ဟု ဝေဖန်ပြောသည်။

ပြည်သူလူထုက တရားသဖြင့် လူယဉ်ကျေးနည်းဖြင့် တောင်းဆိုနေသည်ကို လျစ်လျူရှုပြီး လုပ်ချင်ရာ ဆက်လုပ်ပါက ပြည်သူလူထုအနေဖြင့် လမ်းပေါ်ထွက် ဆန္ဒပြ တောင်းဆိုမှုများ ဖြစ်ပေါ်လာနိုင်ကြောင်း ဝါရင့်သတင်းစာဆရာကြီး လူထုစိန်ဝင်းက သတိပေးပြောကြားလိုက်သည်။

“လူယဉ်ကျေးနည်းနဲ့ မရရင် လမ်းပေါ်ထွက် ဆန္ဒပြပြီး တောင်းဆိုလာခဲ့မယ်ဆိုရင် ဒီလိုဆန္ဒပြမှုတွေအတွက် စီမံကိန်း ကို ဆက်လုပ်တဲ့သူတွေသာ တာဝန်ယူရလိမ့်မယ်။ မလုပ်ဖို့ တောင်းဆိုဆန္ဒပြနေတဲ့သူတွေမှာ တာဝန်မရှိဘူး” လူထုစိန်ဝင်းက Eleven Media Group အင်တာနက်စာမျက်နှာတွင် ရေးသားထားသည်။

ဤအခြေအနေအတိုင်း ဆက်လက်တင်းမာနေပါက လမ်းပေါ်ထွက် ဆန္ဒပြမှုများမှာ မရှောင်လွှဲနိုင်ဘဲ ဆိုးကျိုးများသာပေါ်ထွက်လာမှာဖြစ်ကြောင်း ကိုမျိုးရန်နောင်သိန်းက “အရင်တုန်းကလည်း လမ်းမပေါ်ထွက် ဆန္ဒပြမှုတွေ ရှိခဲ့ဖူး တယ်။ နိုင်ငံရေးအရဆိုတော့ သဘောထားကွဲလွဲမှု ရှိနိုင်တယ်။ ဒီကိစ္စမှာတော့သဘော ထားကွဲလွဲမှု လုံးဝရှိနိုင်မှာ မဟုတ်ဘူး။ ဒီမြစ်ဆုံစီမံကိန်း ကန့်ကွက်တဲ့ကိစ္စကတော့အမျိုးသားရေး အမြင် အမျိုးသားရေးအသိနဲ့ လုပ်နေတာဖြစ်တယ်။ ဒီကိစ္စမျိုးက မလွဲမရှောင်သာ ဖြစ်လာမှာပဲ။ ဖြစ်လာခဲ့ရင် လက်ရှိတည်ဆဲအစိုးရအတွက် ဆိုးကျိုးတွေ အများကြီး ဖြစ်လာနိုင်ချေရှိပါတယ်” ဟု သူက ပြောသည်။

လွန်ခဲ့သော သြဂုတ်အတွင်းက ကျင်းပခဲ့သည့် ပြန်ကြားရေးဝန်ကြီး၏ သတင်းစာရှင်းလင်းပွဲတွင် ဝန်ကြီး ဦးကျော်ဆန်း က “တိုင်းပြည် ဖွံ့ဖြိုးတိုးတက်ရေး ဆောက်ရွက်နေရတဲ့အချိန်မှာ စီမံကိန်းတွေဒါတွေအားလုံး ကိုတော့ ကာကွယ် တားဆီးရမယ်။ ဒါကြောင့်မလို့ နိုင်ငံတော်အစိုးရက အဘက်ဘက်မှ ချင့်ချိ်န်ပြီးမှဆက် လက် ဆောက်ရွက်သွားမဲ့ အခြေအနေဖြစ်ပါတယ်” ဟု  ဖြေကြားခဲ့သေးသည်။

ဝန်ကြီးဦးဇော်မင်းအနေဖြင့် လျှပ်စစ်ဓါတ်အားထုတ်လုပ်ရေးလုပ်ငန်းတွင် မြန်မာပြည်၌ ၎င်းထက်ပိုသိသောသူ မရှိကြောင်း ပြောဆိုပြီး သြဂုတ်လ ၉ ရက် အစိုးရသတင်းစာပါ ဆောင်းပါးကိုလည်း သူကိုယ်တိုင်ရေးသား ခဲ့ခြင်းဖြစ်ကြောင်း ထုတ်ဖော် ပြောကြားသွားခဲ့သည်။

“ခုဟာက မင်းတို့ဘာပြောပြော တို့လုပ်မှာပဲဆိုတော့ ဒါဟာ ပြောလို့မကောင်းတော့ဘူး။ ဒါ နိုင်ငံရေးစကား လည်း မဟုတ်တော့ဘူး။ ကျနော်တို့ကတော့ ဒီလိုပြောတာကို အများကြီး ဝမ်းနည်းတယ်။ ဒီလိုမပြောထိုက်တဲ့ ပုဂ္ဂိုလ် တယောက်က ပြောတာကို အံ့လည်း အံ့သြတယ်။ စိတ်မကောင်းလည်း ဖြစ်တယ်။ ဒီလောက်ပဲ ပြောချင်ပါတယ်”ဟု သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဆိုင်ရာ ပညာရှင် ဦးအုန်းက ပြောသည်။

ရေအားလျှပ်စစ် မီဂါဝပ် ၆,ဝဝဝ ထုတ်လွှတ်ပေးနိုင်မည့် “မြစ်ဆုံ ရေကာတာ စီမံကိန်း” အရ မေခမြစ် အပိုင်းတွင်တာ ငါး ခု၊ မလိခမြစ်မှာ နှစ်ခု ပိတ်ရမည် ဖြစ်ပြီး မြစ်ဆုံဆည် နယ်မြေ အကျယ်အဝန်းမှာ စတုရန်း မိုင် ၁၈,ဝဝဝ ရှိသည်။ ဆည်အမြင့်မှာ ၁၅၂ မီတာ (ပေ ၅ဝဝ) နှင့် အထက်၊ ရေလှောင်ကန်အမြင့်မှာ ၂၉၉  မီတာ (ပေ ၉၈ဝ) ရှိကြောင်း ကချင်လူမှုဖွံ့ဖြိုးရေး ကွန်ယက်အဖွဲ့ KDNG က ထုတ်ပြန်ထားသည်။

မြစ်ဆုံစီမံကိန်းကို တရုတ်အစိုးရပိုင် လျှပ်စစ်စွမ်းအင် ကုမ္ပဏီကြီးဖြစ်သည့် တရုတ်စွမ်းအင် ရင်းနှီးမြှုပ်နှံရေး  ကော်ပိုရေးရှင်း CPI က ရင်းနှီးမြှုပ်နှံကာ ဦးဆောင်တည်ဆောက်နေပြီး၊ မြန်မာနိုင်ငံဘက်မှ အစိုးရပိုင် မြန်မာ့ လျှပ်စစ်လုပ်ငန်း MEPE၊ ပုဂ္ဂလိက ကုမ္ပဏီဖြစ်သည့် စတီဗင်လောနှင့် မိသားစုပိုင် အေးရှားဝေါလ် ကုမ္ပဏီနှင့် ဖက်စပ်ဆောင်ရွက်နေခြင်း ဖြစ်သည်။

မြစ်ဆုံဆည်နယ်မြေ အကျယ်အဝန်းမှာ စတုရန်းမိုင် ၁၈ဝဝဝ ရှိကာ ဆည်အမြင့် ၁၅၂ မီတာ (ပေ ၅ဝဝ) နှင့် အထက်ရေလှောင်ကန်အမြင့်မှာ ၂၉၉  မီတာ (ပေ ၉၈ဝ) ရှိသည်။

Most read this week