နာဂစ်ကြောင့် သေဆုံးသူ လူဦးရေ သုံးသိန်းနီးပါးရှိဟု စစ်အစိုးရ နံပါတ်နှစ် ခေါင်းဆောင်ပြောခဲ့

နာဂစ်ကြောင့် သေဆုံးသူ လူဦးရေ သုံးသိန်းနီးပါးရှိဟု စစ်အစိုးရ နံပါတ်နှစ် ခေါင်းဆောင်ပြောခဲ့
by -
ကိုဝိုင်း

ချင်းမိုင် (မဇ္စျိမ) ။       ။ နာဂစ် ဆိုင်ကလုံးမုန်တိုင်း ကြောင့် သေခဲ့ရသူ အရေအတွက်မှာ  ၃၀၀,၀၀၀ နီးပါးအထိ ရှိသည်ဟု အစိုးရကတွက်ချက်ခဲ့သော် လည်း ဒုတိယ ဗိုလ်ချုပ်ကြီး မောင်အေးက

ချင်းမိုင် (မဇ္စျိမ) ။       ။ နာဂစ် ဆိုင်ကလုံး မုန်တိုင်းကြောင့် သေခဲ့ရသူ အရေအတွက်မှာ  ၃၀၀,၀၀၀ နီးပါးအထိ ရှိသည်ဟု အစိုးရက တွက်ချက်ခဲ့သော်လည်း ဒုတိယ ဗိုလ်ချုပ်ကြီး မောင်အေးက "သူသေမှ" ဤကိန်းဂဏန်းကို အများပြည်သူသို့ ထုတ်ပြန်မည်ဟု ပြောဆိုခဲ့ကြောင်း သံရုံးအဆက်သွယ်များက တဆင့်စကား ပြောသည်ကို ဝီကီလိခ်မှ ပေါက်ကြားလာသည့် အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာန လျို့ဝှက်ကြေးနန်း တစောင်အရ သိရသည်။

မုန်တိုင်းအလွန် ၁ လကျော် ဇွန်လ ရ ရက်တွင် နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ ဒုတိယအကြီးအကဲ ဒုတိယ ဗိုလ်ချုပ်မှူးကြီး မောင်အေးက စီးပွားရေး လုပ်ငန်းရှင် ဦးတေဇကို ခေါ်ယူပြီး အစိုးရက ခန့်မှန်းသည့် သေဆုံးသူ ဦးရေကို ပြောဆိုခဲ့သည်ဟု ရန်ကုန် အမေရိကန် သံရုံးမှ ဝါရှင်တန်မြို့ အမေရိကန်နိုင်ငံခြားရေး ဝန်ကြီးထံ ပေးပို့သည့် ၂ဝဝ၈ ခု ဇွန်လ ၁၁ ရက်စွဲပါ ကြေးနန်းတွင် ပါရှိသည်။

“အစိုးရက သေဆုံးသူ ၃၀၀,၀၀၀ ရှိတယ်လို့ ခန့်မှန်းထားတယ်။ ဒါပေမယ့် သူသေမှပဲ ဒီအရေအတွက်ကို ထုတ်ပြန် ရမယ် ” ဟု သံအရာရှိက စီးပွားရေးသမား တဦး၏ ပြောပြချက်ကို ကြေးနန်းတွင် ပြန်လည် ပြောဆိုထားသည်။

ဆိုင်ကလုံးမုန်တိုင်းတိုက်ပြီး သုံးရက်အကြာ ၂၀၀၈ ခု မေလ ၅ ရက်အထိ သေဆုံးသူ ၁၀,၀၀၀ နှင့် ပျောက်ဆုံး၃,၀၀၀ ရှိ သည်ဟု မြန်မာဝန်ကြီးတချို့က ရန်ကုန်အခြေစိုက် သံတမန်များနှင့် စည်းဝေးရာတွင် ပြောဆိုခဲ့ကြောင်းကြေးနန်းတွင် တွေ့ရှိရသည်။

ဇွန်လမကုန်မီ အစိုးရက အများပြည်သူသို့ တရားဝင် ထုတ်ပြန်ချက်တွင် သေဆုံးသူ ၈၄,၅၃၇ ဦး၊ပျောက်ဆုံး သူ ၅၃,၈၃၆ ဦးရှိပြီး ဒဏ်ရာရသူ ၁၉,၃၅၉ ဦး ရှိသည်ဟုဆို ပြန်သည်။ နောက်ပိုင်းတွင် သေဆုံးဦးရေနှင့် ပျောက်ဆုံး ကိစ္စကို ထပ်မံ ရှင်းပြခြင်း မပြုတော့ပေ။

ကုလသမဂ္ဂကမူ သေဆုံးသူ ၁၄၀,၀၀၀ ဦးခန့်ရှိသည်ဟု ခန့်မှန်းပြီး မုန်တိုင်း ဒဏ်ကို လူ ၂.၄ သန်း ဆိုးဆိုးရွားရွား ခံခဲ့ရကြောင်း ထုတ်ပြန်သည်။ နိုင်ငံတကာ ကယ်ဆယ်ရေး လုပ်သားများ ဗီဇာ အခက်အခဲ ဖြစ်စေရန် အမိန့်ပေး ခဲ့သည်မှာ ဒုဗိုလ်ချုပ်မှူးကြီး မောင်အေး ဖြစ်ကြောင်းကို ဦးတေဇ မိသားစုနှင့် နီးစပ်သူထံမှ ရန်ကုန် အမေရိကန်
သံရုံးက သိလိုက်ရသည်။

နိုင်ငံတကာ သတင်းမီဒီယာများနှင့် အင်တာနက် စာမျက်နှာများမှ ဆိုးရွားလှသော သေကြပျက်စီးမှုများကို ဗီစီဒီများမှ တဆင့် မြန်မာလူထုက ကျယ်ကျယ်ပြန့်ပြန့် သိလာချိန်တွင် စစ်ဗိုလ်ချုပ်ကြီးများ အတွက် စိတ် အနှောက်အယှက်ဖြစ်လာခဲ့တော့သည်။

“အကျိုးဆက်အနေနဲ့ ဒုဗိုလ်ချုပ်မှူးကြီးမောင်အေးက ဧရာဝတီမြဝကျွန်းပေါ် ဒေသကို နိုင်ငံတကာကယ်ဆယ် ရေး လုပ်သားတွေ ဝင်ထွက်နေတာကို တင်းကျပ်ဖို့ အမိန့်ပေးလိုက်တယ်” ဟု သံရုံး ကြေးနန်းတွင်ပြန်ပြော ပြထားသည်။

ဗီဇာတောင်းခံသည့် လုပ်ငန်းအဆင့်များကို တိုးမြှင့်လိုက်သည်။ ကုလသမဂ္ဂ တာဝန်ရှိသူများကမူ“လက်မခံနိုင် သည့် အပြုအမှု” ဟု ရန်ကုန် အမေရိကန် သံရုံးကို ပြောဆိုကြသည်။

နိုင်ငံတကာ အကူအညီ လက်ခံရေးနှင့် ပတ်သက်၍ ထိုစဉ်က ဝန်ကြီးချုပ် ဦးသိန်းစိန်၊ နအဖ ကောင်စီဝင် ဗိုလ်ချုပ်ကြီး သူရရွှေမန်း၊ လယ်ယာ/ စိုက်ပျိုး ဝန်ကြီး ဦးဌေးဦးတို့က သဘောထား ပျော့ပြောင်းပြီး၊ ဒုဗိုလ်ချုပ်မှူးကြီး မောင်အေးနှင့် ဗိုလ်ချုပ်ကြီး သီဟသူရ တင်အောင်မြင့်ဦးတို့က တင်းမာသည်ဟု သံရုံး အဆက်သွယ်က ပြောဆိုသည်။

နာဂစ်မုန်တိုင်း ဝင်ပြီး နောက်ပိုင်း ထူးခြားမှု တခုမှာ ဗိုလ်ချုပ်မှူးကြီးသန်းရွှေက ဗိုလ်ချုပ်ကြီးသီဟသူရ တင်အောင်မြင့်ဦးနှင့် ဒုဗိုလ်ချုပ်မှူးကြီး မောင်အေးတို့ကို စိတ်ဝမ်းကွဲနေစေရန် ကုန်သွယ်ရေး ကောင်စီ ဥက္ကဋ္ဌ ဒုဗိုလ်ချုပ်မှူး ကြီးမောင်အေးကို ဗိုလ်ချုပ်ကြီး သီဟသူရ တင်အောင်မြင့်ဦးနှင့် အစားထိုးလိုက်ပြီးတချိန် တည်းတွင် အတွင်းရေးမှူး ၁ နေရာပေး၍ သဘာထား ပျော့ပြောင်းသည့် ဗိုလ်ချုပ်ကြီး သူရရွှေမန်းကို ထိန်းညှိထားလိုက်သည်ဟု ရန်ကုန် အမေရိကန် သံရုံး ကြေးနန်းတွင် ပါရှိသည်။

"သူရဲ့ အတွင်းစည်းမှာ အာဏာ ချိန်ခွင်လျှာကို ထိန်းညှိပြီးသား ဖြစ်ပြီး သစ္စာခံမှုရအောင် (ဗိုလ်ချုပ်မှူးကြီး) သန်းရွှေက ဒီလိုလုပ်တာ” ဟု သံရုံး အဆက်သွယ် စီးပွားရေး လုပ်ငန်းရှင် တဦးက ပြောသည်ကို ကြေးနန်းတွင် ဖော်ပြ ထားသည်။

၂၀၁၀ ရွေးကောက်ပွဲတွင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ ဝင်မပြိုင်ပါက သူရရွှေမန်းကို သမ္မတ လျာထားပြီး ဒုသမ္မတ ၁ကို လယ်ယာ/ စိုက်ပျိုးဝန်ကြီး ဦးဌေးဦး၊ ဒုသမ္မတ ၂ ကို အပစ်ရပ် ပအိုဝ်း တိုင်းရင်းသား ဦးအောင်ခမ်းထီတို့ကို လျာထားခဲ့ကြောင်း “သူရရွှေမန်းကို ဗိုလ်ချုပ်မှူးကြီးသန်းရွှေက သာမကဇနီး ဒေါ်ကြိုင်ကြိုင်ကလည်း အဲဒီလိုလျာထားဖို့ သဘောကျနေတာ” ဟု သံရုံး ကြေးနန်းတွင်ပြန်ပြောဆိုထား သည်။

သို့သော်လည်း ရွေးကောက်ပွဲ အပြီးတွင် သဘောထား ပျော့ပြောင်းသူ ဦးသိန်းစိန်က သမ္မတ ဖြစ်လာခဲ့ပြီး သူရဦးရွှေမန်းကတော့ အောက်လွှတ်တော် ဥက္ကဋ္ဌသာ ဖြစ်လာခဲ့သည်။ နအဖကိုလည်း ၂၀၁၁ ခုနှစ် မတ်လကုန်တွင် တရားဝင် ဖျက်သိမ်းလိုက်တော့သည်။

နာဂစ်မုန်တိုင်းကို အခြေခံပြီး အနောက်နိုင်ငံများနှင့် မြန်မာ့ အိမ်နီးချင်းနိုင်ငံတို့ ပူးပေါင်း ဆောင်ရွက်မှု ကြောင့် မြန်မာ ဗိုလ်ချုပ်များ အနေဖြင့် ယခင်က ခွင့်မပြုခဲ့သည့် နိုင်ငံတကာ ကယ်ဆယ်ရေးလုပ်သားများ ကို ပြည်တွင်းတွင်ဆောင်ရွက်ခွင့် ပေးလာသည်ကို တွေ့ရသည်ဟု ၂ဝဝ၈ ခု ဇွန်လ ၁၁ ရက်စွဲပါ ရန်ကုန် အမေရိကန်သံရုံး မှတ်ချက်တွင် ပါရှိသည်။