မြန်မာကို ကုလမှ ကော်မရှင်ဖွဲ့ စစ်ဆေးရန် ဆွေးနွေး

မြန်မာကို ကုလမှ ကော်မရှင်ဖွဲ့ စစ်ဆေးရန် ဆွေးနွေး
by -
မဇ္စျိမသတင်းဌာန

ချင်းမိုင် (မဇ္စျိမ) ။       ။ မြန်မာနိုင်ငံအတွင်း ကျူးလွန်ခဲ့သည့် စစ်ရာဇဝတ်မှုများကို ကုလသမဂ္ဂမှ ကော်မရှင်ဖွဲ့ စစ်ဆေးမှု အမြန်အကောင်အထည် ဖေါ်ရန် နိုင်ငံတကာ ရှေ့နေများ အသင်းနှင့် လူ့ အခွင့်အရေး အဖွဲ့များဥရောပသမဂ္ဂ သံတမန်များ၊ ဘယ်လဂျီယံနိုင်ငံ ဘရပ်ဆဲလ်စ် မြို့တွင် အင်္ဂါနေ့က တွေ့ဆုံ ဆွေးနွေးခဲ့ကြသည်။

ဥရောပ ကောင်စီမှ ပြုလုပ်မည့် လူ့အခွင့်အရေးနှင့် ပတ်သက်သော အစည်းအဝေးတခုကို လာမည့် တနင်္လာနေ့တွင် ဘရပ်ဆဲလ်စ်၌ ပြုလုပ်ရန်ရှိရာ ထိုစည်းဝေးပွဲ မတိုင်ခင် နိုင်ငံတကာ ရှေ့နေများ အသင်း၊ လူ့အခွင့်အရေး အဖွဲ့ International Bar Association Human Rights Institute (IBAHRI) နှင့် အန်ဂျီအို အဖွဲများ၊ ဥရောပသမဂ္ဂ သံတမန်များနှင့်  ကြိုတင်တွေ့ဆုံကာ မြန်မာအစိုးရ၏  စစ်ရာဇဝတ်မှုများ အတွက် ကုလသမဂ္ဂမှ ကော်မရှင်ဖွဲ့ကာ အမြန်ဖေါ်ထုတ်နိုင်ရေး နည်းလမ်းရှာကြခြင်း ဖြစ်သည်။

မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးသံတမန် မစ္စတာ သောမတ်စ် အိုဟေးကွင်တားနား နှင့် အတူ ဘားမားကမ်ပိန်း (ယူကေ) မှ ကိုယ်စားလှယ်များ၊ မြန်မာရှေ့နေများ ကောင်စီမှကိုယ်စားလှယ် များ နှင့် နိုင်ငံတကာ လူ့အခွင့်အရေး အဖွဲ့ချုပ်နှင့် လူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့ တို့မှကိုယ်စားလှယ် များက ဥရောပသမဂ္ဂ သံတမန်များအား အကျဉ်းချုပ် ရှင်းလင်း တင်ပြမည်ဟု IBAHRI၏  ထုတ်ပြန်ချက်တွင် ပါရှိသည်။

ကျွမ်းကျင်သူများ အနေဖြင့် မြန်မာနိုင်ငံ၏ လက်ရှိ လူ့အခွင့်အရေး အခြေအနေများကို အကျဉ်းချုပ် တင်ပြ ကြမည်ဖြစ်ပြီး မကြာသေးခင်က ဖြစ်ပေါ်ခဲ့သည့် တိုးတက်မှုများကိုလည်း ထည့်သွင်း စဉ်းစားမည် ဖြစ်သည်။

ကော်မရှင်ဖွဲ့ စစ်ဆေးရေးသည် အနာဂတ်တွင်လည်း ဖြစ်နိုင်သည့် လူ့အခွင့်အရေး ချိုးဖောက်မှုများ ဖြစ်သည့် လူသတ်မှုများ၊ စနစ်တကျ အဓမ္မပြုကျင့်မှုများ၊ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုများ၊ နှိပ်စက်မှုများ၊ ကလေးစစ်သား ခန့်ထားမှုများ၊ အကြောင်းမဲ့ ဖမ်းဆီးမှုများ၊ အတင်းအဓမ္မ နေရာရွှေ့ပြောင်းခိုင်းမှုများနှင့် အဓမ္မလုပ်အားပေး ခိုင်းစေမှုများကို တားဆီးရန်အတွက်  အကောင်းဆုံး နည်းလမ်းနှင့် ကော်မရှင်ဖွဲ့ စစ်ဆေးခြင်းက ချိုးဖောက်ခံရသူများ အတွက် တရားမျှတမှုကို အာမခံပေးနိုင်ကြောင်းကိုရှင်းပြကြမှာဖြစ် သည်။

စုံစမ်းရေး ကော်မရှင်နှင့် ပတ်သက်သည့် အသေးစိတ် အချက်အလက်များနှင့် အသုံးအနှုန်းများကိုလည်း ဆွေးနွေးကြမည်ဟု IBAHRI အဖွဲ့၏ ထုတ်ပြန်ချက်တွင် ဖေါ်ပြသည်။

နိုင်ငံတကာ ရှေ့နေအဖွဲ့၏ အမှုဆောင် ဒါရိုက်တာဖြစ်သူ ဒေါက်တာ Mark Ellis က အစည်းအဝေး မတိုင်မီ ပြောကြားခဲ့ရာတွင် “မြန်မာပြည်သူတွေဟာ ဆိုးဝါးတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှု ဒဏ်တွေကို နှစ်ပေါင်းနှစ်ဆယ်ကျော် ခံခဲ့ရပါတယ်။ နိုင်ငံတကာ အသိုင်းအဝိုင်းရဲ့ အရေးယူ ဆောင်ရွက်ဖို့ ပျက်ကွက်မှုကြောင့် ကျူးလွန်သူတွေဟာ ကင်းလွတ်ခွင့် ရနေပါတယ်။ ကုလ အထွေထွေညီလာခံ အနေနဲ့ မြန်မာနိုင်ငံမှာ ဖြစ်နေတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို ကုလသမဂ္ဂ စုံစမ်းရေး ကော်မရှင်ဖွဲ့စည်း စစ်ဆေးဖို့ မြန်မြန်နဲ့ ပြတ်ပြတ်သားသား လုပ်သင့်ပါတယ်” ဟု ထုတ်ပြန်ချက်တွင် ရေးသားထားသည်။

“ပွင့်လင်းမြင်သာ၊ သမာသမတ်ကျပြီး လွတ်လပ်တဲ့ ကုလ စုံစမ်းရေး ကော်မရှင်ဟာ ပဋိပက္ခမှာ ပါဝင်နေတဲ့ ဘက်အားလုံးရဲ့ စွပ်စွဲခြင်းခံထားရတဲ့ နိုင်ငံတကာ ရာဇဝတ်မှုတွေကို စုံစမ်းစစ်ဆေးဖို့အတွက် အရေးပါတဲ့ တန်ဆာပလာ တခု ဖြစ်ပါတယ် မြန်မာနိုင်ငံအတွက် ကော်မရှင် ဖွဲ့စည်းခြင်းဟာ သက်ဆိုင်သူတွေ တာဝန်ခံလာစေဖို့အတွက် အရေးပါပြီးတော့ အချိန်ဖင့်နေတဲ့ ခြေလှမ်းတရပ် ဖြစ်ပါတယ်” ဟုလည်း ထုတ်ပြန်ချက်က ဖေါ်ပြခဲ့သည်။