သွေးခွဲရန် အစိုးရကြိုးပမ်းဟု ပဒိုမန်းရှာ သားသမီးများပြော

သွေးခွဲရန် အစိုးရကြိုးပမ်းဟု ပဒိုမန်းရှာ သားသမီးများပြော
by -
အေးလဲ့

ချင်းမိုင် (မဇ္ဈိမ) ။      ။  ကရင်အမျိုးသားအစည်း အရုံး (ကေအန်ယူ) အထွေထွေအတွင်း ရေးမှူး ပဒိုမန်းရှာ လုပ်ကြံခံရမှုတွင် ကေအန်ယူ ခေါင်းဆောင်ဟောင်း ဗိုလ်ချုပ်ကြီးစောဘိုမြ၏ သား နာဒါးမြ ပါဝင် ဆက်နွယ်သည် ဆိုသော အထောက်အထား မရှိကြောင်းနှင့်ကရင်အမျိုး သား အချင်းချင်း သွေးခွဲရန် မြန်မာ အစိုးရမှ ကောလဟလဖြန့်မှုဟု ပဒိုမန်းရှာ၏သားသမီးများ က ပြောဆို လိုက်ကြသည်။

သြဂုတ်လ ၃ဝ ရက်နေ့က ဝီကီလိခ် အင်တာနက် စာမျက်နှာများတွင် ပေါက်ကြားလာသည့်ရန်ကုန် အခြေစိုက် အမေရိကန် နိုင်ငံခြားရေးရုံးမှ ပေးပို့သည်ဟု ယူဆရသည့် လျှို့ဝှက်ကြေးနန်း စာတစောင်တွင် ၂၀၀၈ ခုနှစ်ဖေဖော်ဝါရီလအတွင်း ပဒိုမန်းရှာလားဖန်း လုပ်ကြံမခံရမီ ရက်အနည်းငယ် အတွင်း နာဒါးမြက အမည်မဖော်လိုသူ DKBA အရာရှိ တဦးထံ ဖုန်းဖြင့် ဆက်သွယ်ခဲ့သည်ဟု မြန်မာစစ်ဘက်ရေးရာ လုံခြံုရေး (စရဖ) အရာရှိ တဦး၏ပြောဆိုချက်အရ ဒေါက်တာဆိုင်မွန်သာက ပြန်လည် ပြောပြသည်ဟု ပါရှိသည်။

စောဆေးဆေးဖန်း၊ နန့်ဘွယ်ဘွယ်ဖန်း၊ နန့်ဇိုရာဖန်းနှင့် စောစလုံးဖန်းတို့ ပူးပေါင်း ထုတ်ပြန်ချက်ထဲတွင်
“ အာဏာရှင်ဟာ ကျနော်၊ ကျမတို့ လူထုကို သွေးခွဲဖို့ အမြဲတမ်းကြိုးစားနေတယ်။ ဒီလို (သွေးခွဲဖို့) အတွက်
ကျနော်၊ ကျမတို့ အချင်းချင်းအကြား ယုံကြည်မှု ပျက်ပြားအောင် ကြိုးစားတာအပြင် နည်းလမ်းပေါင်းစုံနဲ့ လုပ်ခဲ့ပြီးလည်း ဖြစ်တယ်။”ဟု ပါရှိသည်။

ထို့အပြင် လက်ရှိ ကရင်အမျိုးသား လွတ်မြောက်ရေး တပ် KNLA တပ်မှ ဗိုလ်မှူးကြီး နာဒါးမြပါဝင်ပတ်သက် သည့် အထောက်အထား မရှိကြောင်းနှင့် “အထောက်အထား မရှိဘဲ အတင်းအဖျင်းတွေ ကောလဟလတွေ ဖြန့်ချိရင် အာဏာရှင်ကိုပဲ အမြတ်ထွက်စေပါလိမ့်မယ်။ အတင်းအဖျင်းတွေ ကောလဟလတွေအပေါ် အာရုံမထားဖို့ ကျမတို့ ပြောချင်ပါတယ်။ ကျမတို့ အချင်းချင်းအကြား စိတ်ဝမ်းကွဲပြားမှု မဖြစ်အောင်ပါ” ဟု အသိပေးလိုက်သည်။

ပဒိုမန်းရှာသည် ထိုင်းမြန်မာနယ်စပ် မဲဆောက်မြို့ရှိ နေအိမ်တွင် ၂၀၀၈ ခုနှစ် ဖေဖော်ဝါရီလ ၁၄ ရက်နေ့က
သေနတ်သမား နှစ်ဦး၏ လုပ်ကြံသတ်ဖြတ်မှုကို ခံခဲ့ရခြင်း ဖြစ်သည်။

သူ အသက်ရှင်စဉ်က KNU နှင့် အစိုးရကြား ဆွေးနွေးရာတွင် ကေအန်ယူဘက်မှ ချမှတ်ထားသည့်မူနှင့်
ပတ်သက်ပြီး အလျော့ပေးလေ့ မရှိခဲ့ပေ။ မကွယ်လွန်ခင် နှစ်ရက် အလိုက “တိုင်းပြည် ပြိုကွဲစေမယ့် အကြောင်းတရားက အာဏာရှင် စနစ်ပဲ။ အာဏာရှင်စနစ်က ဒီနေ့ ပြုတ်ရင် တိုင်းပြည်က ဒီနေ့ စည်းလုံး
သွားမှာပဲ၊ ဒါကို ကျနော်တို့ ယုံကြည်တယ်။” ဟု ပြောခဲ့ဖူးသည်။

အမေရိကန်သံရုံး ကြေးနန်းစာတွင် ကိုးကားဖော်ပြထားသည့် ဒေါက်တာ ဆိုင်မွန်သာမှာ ကရင်လူမျိုးတဦး ဖြစ်ပြီး ဗိုလ်ချုပ်ကြီးမြ လက်ထက်က မြန်မာအစိုးရနှင့် ဆွေးနွေးပွဲဖြစ်အောင် ကြားဝင် စေ့စပ်ပေးသူများ အထဲမှ တဦးုဖြစ်သည်။

သူသည် ဦးနှောက်နှင့် အာရုံကြော အထူးကု ခွဲစိတ် ဆရာဝန်ကြီး တဦးဖြစ်ကာ ရန်ကုန်တိုင်း၊အင်းစိန်မြို့ နယ်တွင် ‘ကွယ်ကဘော်’ ဆေးရုံ ဖွင့်လှစ်ထားသူလည်းဖြစ်ရာ မြို့နေ ကရင်လူထု အသိုင်းအဝိုင်းအကြား ထင်ရှားသည့် ပုဂ္ဂိုလ်တဦး ဖြစ်သည်။

ပဒိုမန်းရှာ လုပ်ကြံခံရမှုတွင် မြန်မာအစိုးရ၏ ပါဝင်ပတ်သက်မူ ရှိမည်ဟု ယုံကြည်သူ အချို့ရှိကြောင်း၊ သို့သော် မည်သူမည်ဝါ လက်ချက် ဆိုသည်ကို မသိရှိနိုင်ကြောင်းလည်း အမေရိကန် သံရုံးကပေးပို့ခဲ့သည် ဟု ဝီကီလိခ်ပေါက်ကြား ကြေးနန်းတွင် ပါရှိသည်။

ထို့အပြင် လုပ်ကြံသတ်ဖြတ်မှု အပြီး နာရီပိုင်း အတွင်း ဗိုလ်မှူးချစ်သူ၏ DKBA ၉၉၉  တပ်ရင်းမှသုံးယောက် သည် အနက်ရောင် ပစ်ကပ်ကားကို ပစ်ထားခဲ့ပြီး ကရင်ပြည်နယ်တွင်းရှိ ၉၉၉  ထိန်းချုပ်ရာ နယ်မြေထဲသို့ ပြန်လည် ဝင်ရောက်လာခဲ့သည် ဆိုသော အပြောများကို ဒေါက်တာဆိုင်မွန်သာက ကြားသိခဲ့ရကြောင်း ကြေးနန်းတွင် ဖော်ပြ ထားသည်။ သို့သော်ငြားလည်း မျက်မြင်သက်သေများ ကိုယ်တိုင် ပြောခြင်းမဟုတ် ဘဲ တဆင့်စကားများဖြစ်ကြောင်း မီးမောင်းထိုးပြထားသည်။

ဝီကီလိခ် ပေါက်ကြားမှုများတွင် ယခင်ကလည်း မြန်မာနိုင်ငံ အကြောင်းများ ပါရှိခဲ့သော်လည်း ပြီးခဲ့သည့်
သောကြာနေ့က ထွက်ပေါ်လာသည့် ကြေးနန်းများတွင် မြန်မာနိုင်ငံအကြောင်း ရေးသားထားသည့်ကြေးနန်း များ ရာနှင်ချီ ပါရှိသည်။ မြန်မာနိုင်ငံနှင့် ပတ်သက်သည့် ကြေးနန်း စုစုပေါင်း ၃,၀၀၀ ခန့်ရှိသည်ဟုခန့်မှန်း ချက်များ ထွက်ပေါ်ခဲ့သည်။

Most read this week