နယူးဒေလီ (မဇ္စျိမ) ။ ။ နိုင်ငံရေးအကျဉ်းသား များ လွတ်မြောက်ရေးအတွက် တွံတေးမြို့နယ်မှ ဒီမိုကရေစီအရေး တက်ကြွလှုပ်ရှားသူဦးအောင် ဖေက သြဂုတ်လ ၂၃ ရက်နေ့ နံနက် ၉ နာရီ မှ စတင်၍ ၄၅ မိနစ်ကြာ တကိုယ်တော် လမ်းလျှောက် ဆန္ဒပြပွဲတရပ်ကို ပြုလုပ်သွားခဲ့သည်။
“နိုင်ငံရေး အကျဉ်းသားများကို လွှတ်ခြင်းသည် အရေးအကြီးဆုံးသော လူ့အခွင့်အရေးဖြစ်သည်” ဟူသော စာတန်း ကို ၃ ပေ ၂ ပေရှိသည့် ဆိုင်းဘုတ်တွင် ဆေးအပြာရောင်ဖြင့် ရေးသားပြီး အပြာရောင် အကျဉ်းသား ဝတ်စုံကို ဝတ်ဆင်ကာ တွံတေးမြို့ လွတ်လပ်ရေးကျောက်တိုင်မှ စတင်ပြီး တွံတေးမြို့တွင်းလှည့်ပတ် ဆန္ဒပြခဲ့ခြင်းဖြစ်သည်။
“လူထုမြင်သာအောင်ပေါ့နော်။ အဲဒီအချိန်မှာ လူစည်ကားနေတဲ့ အချိန်ဖြစ်ပါတယ်။ ရဲစခန်းရှေ့ကို အရင်ဆုံး သွားပြလိုက်တယ်။ အဲဒီကနေ ပြန်ကွေ့ပြီးတော့ ဗိုလ်ချုပ်လမ်းအတိုင်း သွားပါတယ်။ ဗိုလ်ချုပ်လမ်းက တွံတေးမှာ အကြီးဆုံးလမ်းပါပဲ။ အထူးသဖြင့် စျေးနားမှ လူတော်တော် စည်တာပေါ့နော်။ လူတွေလဲ တော်တော်ကြီးကို စိတ်ဝင်စားကြတယ်။ အဲဒီစာကိုဖတ်ကြတယ်။” ဟု ဦးအောင်ဖေက မဇ္စျိမကို ပြောသည်။
ဦးအောင်ဖေသည် တွံတေးမြို့တွင် အောင်မြင်သော ကျူရှင်ဆရာတဦးဖြစ်ပြီး အခုလို ဆန္ဒပြခြင်းကြောင့် ရ ကြိမ် ထက်မနည်း အာဏာပိုင်များမှ ခေါ်ယူစစ်ဆေးခဲ့သည်။ ယခုတကြိမ်တွင်မှု အာဏာပိုင်များမှ ဓါတ်ပုံရိုက် မှတ်တမ်း ယူသည်မှအပ ဖမ်းဆီးနှောက်ယှက်ခြင်း တစုံတရာမရှိခဲ့ကြောင်း သူကဆိုသည်။
“ရည်ရွယ်ချက်ကတော့ နိုင်ငံရေး အကျဉ်းသားတွေကို လွတ်မြောက်စေချင်တဲ့ ဆန္ဒနဲ့ပါပဲ။ နိုင်ငံရေး အကျဉ်း သားများဟာဆိုရင် အကြီးမားဆုံးသော လူ့အခွင့်အရေး ချိုးဖောက်ခြင်း ခံရတဲ့သူတွေ၊ ကျနော်လဲ နိုင်ငံရေး အကျဉ်းသား တယောက် ဖြစ်ခဲ့တဲ့အတွက် ကိုယ်ချင်းစာမိတာပေါ့နော်” ဟု ပြောသည်။
နောက်ထပ်ဆက်၍သူက “မစ္စတာ ကွင်တားနား မြန်မာပြည်ကိုရောက်တဲ့အချိန်နဲ့ ကျနော်က ချိန်ကိုက်ပြီး တော့ကို လုပ်တာပါ။ မစ္စတာ ကွင်တားနားဟာ လူ့အခွင့်အရေး ကိုယ်စားလှယ် ဖြစ်တဲ့အတွက်ကြောင့်မို့လို့ မြန်မာပြည်မှာ ဘာလူ့အခွင့်အရေးတွေ ချိုးဖောက်ခံနေရလဲဆိုတာ သူကကြည့်မှာလေ” ဟုပြောသည်။
ဦးအောင်ဖေတွင် ကျူရှင် မှတ်ပုံတင်များလည်း သိမ်းခံထားရပြီး ယခုအချိန်ထိလည်း တရားဝင် ကျူရှင်ပြခွင့် မရရှိသေးကြောင်း သိရသည်။ ဦးအောင်ဖေသည် ၂ဝဝ၅၊ ၂ဝဝ၈၊ ၂ဝဝ၉ ခုနှစ်များတွင် ဒီမိုကရေစီအရေး တက်ကြွ လှုပ်ရှားမှုများကြောင့် ထောင်ဒဏ် စုစုပေါင်း ၄ နှစ်ကျော် ကျခံခဲ့ရသည်။
ukdemo
နိုင်ငံရေး အကျဉ်းသား လွတ်မြောက်ရေး လှုပ်ရှားမှုများအဖြစ် ၈၈ ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင် ထိန်းသိမ်းခံခဲ့ရသည့် ၄ နှစ်မြောက်နေ့ဖြစ်သော သြဂုတ်လ ၂၁ ရက်နေ့တွင်လည်း လန်ဒန်မြို့မြန်မာသံရုံး ရှေ့၌ လန်ဒန်ရောက် ၈၈ မျိုးဆက် ကျောင်းသားများမှ ဦးဆောင်၍ ၂၄ နာရီကြာ အစာငတ်ခံ ဆန္ဒပြပွဲတရပ် ပြုလုပ် သွားခဲ့သေးသည်။
ဆန္ဒပြပွဲတွင် လန်ဒန်ရောက် မြန်မာကျောင်းသာ ၁ဝ ယောက်နှင့် နိုင်ငံခြားသား နှစ်ယောက်စုစုပေါင်း ၁၂ နှစ်ယောက် ပါဝင်ခဲ့ကြသည်။
“သူတို့ဘက်က ဒီမိုကရေစီအစိုးရ ဘာညာပြောနေတဲ့အချိန်မှာ တကယ်ကိုလုပ်ပြရမှာက ထောင်ထဲတွေမှာ ရှိနေတဲ့ မတရား အကျဉ်းကျခံနေရတဲ့ နိုင်ငံရေး အကျဉ်းသား ၂,၀၀၀ ကျော်ကို လွှတ်ပေးဖို့ပါပဲ” ဟု ဆန္ဒပြပွဲ ဖြစ်မြောက်ရေး အတွက် ဦးဆောင်ပါဝင်ခဲ့သူ ကိုထက်ခေါင်မှ မဇ္စျိမကိုပြောသည်။
အစာငတ်ခံဆန္ဒပြပွဲကို လန်ဒန် အခြေစိုက် ၈၈ မျိုးဆက်ကျောင်းသားများအဖွဲ့မှ ဦးဆောင်ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး ဆန္ဒပြပွဲသို့ လာရောက်ကြည့်ရှုခဲ့သူများကို ဒေါ်အောင်ဆန်းစုကြည် မိန့်ခွန်း ကောက်နုတ်ချက်များနှင့် နိုင်ငံရေး အကျဉ်းသားများနှင့် ပတ်သက်သည့် လက်ကမ်းစာစောင် များဖြန့်ဝေခဲ့ကြသည်။ ဆန္ဒပြပွဲကိုသည် သြဂုတ်လ ၂၂ ရက်နေ့လည် ၁၂ နာရီတွင် ရုပ်သိမ်းခဲ့သည်။