သတင်းဆုပေး အကဲဖြတ်ရန် ကမ်းလှမ်းမှု ဦးဝင်းတင် ငြင်းပယ်

သတင်းဆုပေး အကဲဖြတ်ရန် ကမ်းလှမ်းမှု ဦးဝင်းတင် ငြင်းပယ်
by -
ထွန်းထွန်း

နယူးဒေလီ (မဇ္စျိမ) ။      ။ အမျိုးသား အဆင့် သတင်းသမားဆုပေးရန်အတွက် အကဲဖြတ်အဖွဲ့၌ ပါဝင်ရန် ကမ်းလှမ်းမှုကို ပါတီ လုပ်ကိုင်နေခြင်း ကြောင့် ငြင်းပယ်လိုက်ကြောင်း အမျိုးသားဒီမိုက ရေစီ အဖွဲ့ချုပ် ဗဟိုအလုပ်မှုဆောင် ဦးဝင်းတင်က ပြောဆိုသည်။

“မလုပ်လိုက်ဘူးဆိုတဲ့ အကြောင်းက ဘာလဲဆိုတော့ အစိုးရဘက်က လူတွေ မပါဘဲနဲ့ စာနယ်ဇင်းသမား ဆိုပြီးတော့ ကျနော် ပါတီ လုပ်တဲ့လူဘက်က ဝင်ပါတယ်ဆိုတော့လည်း မကောင်းဘူးလေ” ဟု ဦးဝင်းတင်က မဇ္စျိမကို ပြောသည်။

သြဂုတ်လ ၁၈ ရက်နေ့က သတင်းသမားဆု အပါအဝင် ဆု ၅ ဆုကို နှစ်စဉ်ပေးအပ်ရန်အတွက် အမျိုးသား သတင်းဆု ကော်မတီကို မြန်မာနိုင်ငံ စာပေနှင့် စာနယ်ဇင်းအဖွဲ့များ၊ လွတ်လပ်သော သတင်းစာ ဆရာများနှင့် စာပေစိစစ်ရေးမှ တာဝန်ရှိသူများနှင့် ဖွဲ့စည်းခဲ့ခြင်း ဖြစ်သည်။

ချီးမြှင့်သွားမယ့် ဆုများမှာ အမျိုးသားအဆင့် သတင်းသမားဆု သတင်းဆောင်းပါး၊ အာဘော်ဆောင်းပါး၊ သတင်း ဓာတ်ပုံနှင့် သတင်းကာတွန်းဆုများဖြစ်ကာ ယခုနှစ်အတွက် ဆုကိုမူ ၂ဝ၁၁ နှစ်ကုန်ပိုင်းအထိ ဂျာနယ်များတွင်ရေးသားထားသော သတင်းများကို အကဲဖြတ်အဖွဲ့မှ စိစစ်မည်ဖြစ်ကာ လာမယ့် ၂ဝ၁၂ ဖေဖော်ဝါရီလတွင်ပေးအပ်မည် ဖြစ်သည်။

“ကျနော်က သတင်းစာသမားဟောင်း တဦးဖြစ်တာ မှန်ပေမယ့်လို့ စာနယ်ဇင်း သက်သက်ချည်းပဲ ဖွဲ့တယ် ဆိုပြီး ဖွဲ့တယ်။ အစိုးရဘက်က လူတော့ မပါစေနဲ့။ ပါတီက လူတော့ပါစေ ဆိုတာကတော့ သိပ်ပြီးတော့ ရေရှည်ကျရင် အကျိုးသက်ရောက်မှုမှာ တမျိုးဖြစ်သွားမှာစိုးလို့” ဟု ဦးဝင်းတင်က ဆိုသည်။

အကဲဖြတ်အဖွဲ့ကို လွတ်လပ်သည့် သတင်းသမားများနှင့် ဖွဲ့စည်းမည်ဖြစ်ကာ ရွေးချယ်ရေးကော်မတီမှ လူများ ပါဝင်ခွင့်ရမည် မဟုတ်ပေ။ ယခုအချိန်အထိ အကဲဖြတ်အဖွဲ့အတွက် ကမ်းလှမ်းထားသူပေါင်း ၂ဝ ကျော် ရှိနေပြီး မည်သူများ ပါဝင်မည်ကို မထုတ်ပြန်သေးပေ။

“ဆုတွေ ရွေးမှာက ကော်မတီက ရွေးမှာ မဟုတ်ဘူး။ ကော်မတီကနေ အတည်ပြုပေးထားတဲ့၊ ကော်မတီက ညှိနှိုင်းဆောင်ရွက်လို့ရတဲ့ လွတ်လပ်သော အကဲဖြတ်ရွေးချယ်ရေးအဖွဲ့က လူ ၂ဝ ကျော်ပါတယ်။ ၃ဝ ကျော် လောက် ရှိပါတယ်။ ကျနော်တို့ အသေးစိတ်အတိအကျကတော့ တရားဝင် အစည်းအဝေးပြန်ထိုင် ပြီးတော့ Press Release ထုတ်ပါမယ်” ဟု ဆုရွေးချယ်ရေးကော်မတီ အတွင်းရေးမှူး ကိုကို (စက်မှု) က ပြောသည်။

ယခု ဆုပေးရေးအတွက် စာပေစိစစ်ရေးရုံး ဒုညွှန်ချုပ် ဗိုလ်မှူးဟောင်း မျိုးမြင့်အောင်နှင့် ညွှန်ကြားရေးမှူး ဦးတင့်ဆွေတို့ ပါဝင်နေသည်။

ယခု ချီးမြှင့်မည့်ဆုအား အမျိုးသားအဆင့် သတင်းသမားဆုဟု သုံးနှုန်းခြင်းကို ကန့်ကွက်ကြောင်း၊ ဆုပေးရန်အတွက် အချိန်စော နေသေးပြီး လွတ်လပ်သည့် မြန်မာဂျာနယ်လစ် အဖွဲ့အစည်းများ အားလုံးပါဝင်နိုင်သည့် အခြေအနေရောက်မှ ကျယ်ကျယ်ပြန့်ပြန့် ဖွဲ့စည်းပြီးမှ ပေးအပ်သင့်ကြောင်း ပြည်တွင်းအခြေစိုက် Eleven Media Group က ထုတ်ပြန်ခဲ့သည်။

အဖွဲ့၏ အင်တာနက်မှတဆင့် ထုတ်ပြန်ချက်တွင် အဖွဲ့အစည်းအနေဖြင့် အစိုးရ၊ နိုင်ငံရေးပါတီများ၊ နိုင်ငံရေး အယူဝါဒများ၊ စီးပွားရေးအဖွဲ့အစည်းများမှ အမှီအခိုကင်းမှသာလျှင် နိုင်ငံနှင့် ပြည်သူ အကျိုးစီးပွားအတွက် အရေးပါသည်ဟုလည်း ပါရှိသည်။

“သူများကို လက်ညိုးထိုးပြီး ထောက်ပြရမယ့် မီဒီယာသမားက လက်ညိုးထိုး ထောက်ပြစရာ မဖြစ်ဖို့လိုတယ်။ အမှီအခိုကင်းထားမှ၊ လွတ်လပ်စွာ ပြောထားမှ ရမှာကိုး။ အမှီအခိုရှိနေရင် အဲဒီလူက Virus တွေပါနေမှာပေါ့။ ကျနော်တို့နိုင်ငံရဲ့ အနေအထားက အကုန်လုံးက Clear ဖြစ်ချင်မှ ဖြစ်နေမှာကိုး” ဟု အမည်မဖော်လိုသည့်
ပြည်တွင်း အယ်ဒီတာတဦးက ဆိုသည်။

ပြည်ပအခြေစိုက် မြန်မာသတင်းသမဂ္ဂကလည်း သတင်းလောကဖွံ့ဖြိုးရေးနှင့် သတင်းသမားများ အရည် အချင်းတိုးတက်ရေးအတွက် သီးခြားလွတ်လပ်၍ အစိုးရပါဝင်မှုကင်းသည့် သတင်းသမဂ္ဂများ လိုအပ်နေပြီဟု ရှုမြင်သည်။

“နိုင်ငံတကာမှာ ရင်ဘောင်တန်းနိုင်တဲ့ သတင်းလောကတခုကို ထူထောင်လာနိုင်မယ်လို့ ကျနော် ယူဆတယ်။
အခုလို တကယ်လွတ်လပ်တဲ့၊ အစိုးရရဲ့ ကြိုးကိုင်မှု၊ လူတစုရဲ့ ကြိုးကိုင် ခြယ်လှယ်မှုမျိုး မရှိတဲ့ သတင်းစာ သမဂ္ဂ တခုကတော့ မြန်မာနိုင်ငံမှာ ပေါ်ထွန်းသင့်ပါတယ်” ဟု ပြည်ပအခြေစိုက် မြန်မာသတင်း သမဂ္ဂ ဒုဥက္ကဋ္ဌ ဦးဇင်လင်းက မဇ္စျိမကို ပြောသည်။

မြန်မာသတင်းသမဂ္ဂများ ဖွဲ့စည်းပါကလည်း စာနယ်ဇင်းကျင့်ဝတ်နားလည်၍ နာမည်ပျက်မရှိဘဲ စာနယ်ဇင်း
ရပိုင်ခွင့်နှင့် စာနယ်ဇင်းသမားများအား ကာကွယ်လိုစိတ်ရှိသူ၊ သဘောထားပျော့ပြောင်း၍ ဂိုဏ်းဂဏစွဲမရှိသူ၊  အစိုးရအပါအဝင် အခြားသော မည်သည့်အဖွဲ့အစည်းများမှ အထောက်အပံ့မရှိသူများကိုသာ ဦးဆောင် ပုဂ္ဂိုလ်အဖြစ် ထားရှိသင့်ကြောင်း Eleven Media Group က အကြံပြုထားသည်။

“သတင်းသမဂ္ဂတို့ ဘာတို့၊ လွတ်လပ်တဲ့သတင်းသမဂ္ဂ ဆိုတာမျိုးတော့ ကျနော်က အယုံအကြည် ရှိပါတယ်။ ဘာလို့ဆိုတော့ သတင်းသမဂ္ဂတို့ ဘာတို့က လွတ်လပ် တဲ့သတင်းသမဂ္ဂမျိုး ဖွဲ့စည်းပြီး ဆောင်ရွက်နိုင်ရင်
ကောင်းတယ်လို့ ယူဆပါတယ်” ဟု ဦးဝင်းတင်က ဆိုသည်။

Most read this week