သမ္မတနှင့် ဒေါ်စု တွေ့ဆုံမှု ကုလ အကြီးအကဲ ထောက်ခံ

သမ္မတနှင့် ဒေါ်စု တွေ့ဆုံမှု ကုလ အကြီးအကဲ ထောက်ခံ
by -
မဇ္စျိမသတင်းဌာန

ချင်းမိုင် (မဇ္စျိမ) ။        ။ သမ္မတ ဦးသိန်းစိန်နှင့် မြန်မာ့အတိုက်အခံခေါင်းဆောင်ဒေါ်အောင်ဆန်း စုကြည်တို့ မြို့တော် နေပြည်တော်တွင်မကြာသေး ခင်က တွေ့ဆုံဆွေးနွေးခဲ့မှှုကို ထောက်ခံကြောင်း ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် ဘန်ကီမွန်း က ဆိုသည်။

တိုင်းပြည်နှင့် နိုင်ငံသားများ အကျိုးရှိစေမည့် ဘုံကိစ္စရပ်များ ဖော်ဆောင်ရေး အတွက် တွေ့ဆုံဆွေးနွေးခဲ့မှုအား ဒေါ်အောင်ဆန်းစုကြည်နှင့် ဦးသိန်းစိန်နှစ်ဦးစလုံးက ကျေနပ်အားရကြောင်း ဖော်ပြခဲ့ကြပြီး မစ္စတာ ဘန်ကီမွန်း အနေဖြင့် ထိုအချက်အပေါ် အကောင်းမြင်မိကြောင်း တနင်္လာနေ့က ထုတ်ပြန်ခဲ့သည့် ကြေညာချက်ထဲတွင်
ဖော်ပြထားသည်။

သမ္မတနှင့် ဒေါ်အောင်ဆန်းစုကြည်တို့ သြဂုတ်လ ၁၉ ရက်နေ့တွင် တွေ့ဆုံ ဆွေးနွေးခဲ့ကြခြင်း ဖြစ်ပြီးဒေါ်အောင်ဆန်းစုကြည်သည် စီးပွာရေးနှင့် ဆင်းရဲမွဲတေမှု ပပျောက်ရေးဆိုင်ရာ အမျိုးသားအဆင့် အလုပ်ရုံ ဆွေးနွေးပွဲသို့ လေ့လာသူအဖြစ် တက်ရောက်ရန်အတွက် နေပြည်တော်သို့ ပထမဆုံးအကြိမ်သွားရောက်ခဲ့ခြင်း လည်း ဖြစ်သည်။

ဘန်ကီမွန်းမှ သူ၏ ဆန္ဒဖြစ်သည့် နိုင်ငံရေး အကျဉ်းသားများ အားလုံးအား လွှတ်ပေးရေးကိုလည်း ထပ်မံ တိုက်တွန်း ခဲ့သေးသည်။ “အခုတခါ အပါအဝင် မကြာသေးခင်က တိုးတက်မှုတွေကမြန်မာနိုင်ငံကို ရှေ့ဆက် သွား စေမလား  ဒါမှမဟုတ် တိုးတက်မှုတွေ ရပ်တန့်သွားမလား ဆိုတာကတော့ ပါဝင် ပတ်သတ်နေတဲ့ သူတွေတဖွဲ့နဲ့ တဖွဲ့ ဘယ်လိုရွေးချယ်ပြီး လက်တွဲ အလုပ်လုပ်ကြမလဲ ဆိုတာအပေါ် မူတည်နေပါတယ်” ဟု မစ္စတာဘန်ကီမွန်းက ဆိုခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည်သည် သမ္မတ ဦးသိန်းစိန်နှင့် မတွေ့ဆုံခင်က လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေး ဝန်ကြီး ဦးအောင်ကြည်နှင့် နှစ်ကြိမ်တွေ့ဆုံ ဆွေးနွေးခဲ့ပြီး ဘုံသဘောတူညီနိုင်မည့် အခြေခံ အချက်များကို ရှာဖွေခဲ့ကြသည်ဟု ဆိုသည်။

မြန်မာအစိုးရ ကိုယ်စားလှယ်များနှင့် ဒေါ်အောင်ဆန်းစုကြည်အကြား ဆွေးနွေးညှိနှိုင်းနေမှု၏ အစိတ်အပိုင်း တခု အဖြစ် အာဏာပိုင်များက ဒေါ်အောင်ဆန်းစုကြည်ကို မြန်မာနိုင်ငံအလယ်ပိုင်းဒေသရှိ သမိုင်းဝင်ပုဂံမြို့သို့ တပတ်ကြာ သွားရောက်လည်ပတ်ခွင့်ကို သဘောတူခဲ့ပြီး ပဲခူးမြို့ စာကြည့်တိုက် ဖွင့်ပွဲတခုသို့လည်း တက်ရောက်ခွင့်ရခဲ့သည်။

တွေ့ဆုံဆွေးနွေးမှုများနှင့် ပတ်သက်၍ သိသာသည့် တိုးတက်မှုများ ရှိနေသော်လည်း မြန်မာနိုင်ငံသား အများအပြားက လက်ဆုပ်လက်ကိုင်ပြနိုင်သည့် တိုးတက်မှှုများ ရှိခဲ့သည်ဆိုခြင်းကို သံသယဝင်နေကြဆဲ ပင်ဖြစ်ပြီး မြန်မာအစိုးရ အနေဖြင့် ၂ဝ၁၄ခုနှစ်တွင် မြန်မာနိုင်ငံ အာဆီယံ ဥက္ကဋ္ဌဖြစ်ရေး ကဲ့သို့သော နိုင်ငံတကာ ဆက်ဆံရေး ကိစ္စရပ်များ အတွက် ဒေါ်အောင်ဆန်းစုကြည်ကို အသုံးချနေခြင်းဟု ယုံကြည်နေကြသည်။

ဒေါ်အောင်ဆန်းစုကြည်နှင့် အစိုးရ ကိုယ်စားလှယ်များ အကြား တွေ့ဆုံဆွေးနွေးမှုများ မည်သည့် အချိန်တွင် ထပ်မံပြုလုပ်ဦးမည်ကို အတိအကျ မသိရှိရသေးပေ။

Most read this week