ချင်းမိုင် (မဇ္ဈိမ) ။ ။ အစိုးရ စစ်တပ် ထိပ် တန်း အရာရှိကြီး သုံးဦးပါသည့် ယာဉ်တန်းကို တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသား တပ်မတော်- DKBA က ကရင်ပြည်နယ်၊မြဝတီ မြို့နယ်အတွင်း ပြောက်ကျား စနစ်ဖြင့်တိုက် ခိုက်ခဲ့သည်ဟု ဒေသတွင်း လုံခြုံရေးအသိုင်း အဝိုင်းက ပြောသည်။
မိုင်းခွဲ တိုက်ခိုက်ခံလိုက်ရသည့် ယာဉ်တန်းပေါ်တွင် ပြည်သူ့စစ်နှင့် နယ်ခြားတပ်များ ညွှန်ကြားရေးမှူးရုံး ညွန်ကြားရေးမှူး ဗိုလ်ချုပ် မောင်မောင်အုန်း၊ အရှေ့တောင်တိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် တင်မောင်ဝင်းနှင့် ကရင်ပြည်နယ် ဝန်ကြီးချုပ် ဗိုလ်မှူးချုပ် ဇော်မင်း တို့ပါဝင်သည်။
၎င်းတို့က အစိုးရသြဇာခံ နယ်ခြားစောင့်တပ် အဖြစ်ခံယူထားသည့် ဗိုလ်မှူးကြီး စောချစ်သူ ဦးဆောင်သည့် DKBA တပ်ဖွဲ့၏ မြဝတီခရိုင်၊ ရွှေကုက္ကိုရွာတွင် သြဂုတ်လ ၂ဝ ရက်နေ့က ပြုလုပ်သော နယ်ခြားစောင့်တပ် တနှစ်ပြည့် အခမ်းအနားသို့ တက်ရောက်ပြီး အပြန် သင်္ဃန်းညီနောင်ရွာနှင့် ဒေါနတောင်တန်း အကြားရှိ ခလရ- ၃၅၅ နှင့် ၃၅၆ တို့အနီးတွင် DKBA ပြောက်ကျား တပ်များ က ချောင်းမြောင်း တိုက်ခိုက်ခဲ့သည်ဟု မြဝတီ ရဲစခန်း အရာရှိတဦးကပြောသည်။
ယာဉ်တန်းထဲတွင် စစ်အရာရှိကြီးများ၊ ကရင်ပြည်နယ် နယ်ခြားစောင့်တပ်-BGF နှင့် ရဲတပ်ဖွဲ့ဝင်များ ပါသည့် မော်တော်ယာဉ် ရ စီးခန့် တန်းစီသွားကြစဉ် စစ်တပ် အရာရှိများ ပါဝင်သည့် ယာဉ်ကို ပစ်မှတ်ထား ရွေး တိုက်ခိုက်ခဲ့ရာ အရာရှိကြီးများ မထိခိုက်ဘဲ လုံခြံုရေး တာဝန်ယူလိုက်ပါခဲ့သူ စစ်သား သုံးဦး ထိခိုက် ဒဏ်ရာရရှိသွားကြောင်း အဆိုပါ ရဲအရာရှိ ကပြောသည်။
“ရွှေကုက္ကိုက အပြန်မှာ ကားလမ်းဘေးကနေ ကပ်ပြီးလုပ်သွားတာ ခံလိုက်ရတာပါ။ လူကြီးတွေတော့ မထိပါဘူး။ တပ်ဘက်က လုံခြံုရေး တာဝန်ယူတဲ့ ၃ ယောက် ဒဏ်ရာရသွားတာပါ” ဟု အဆိုပါ ရဲအရာရှိ က ပြောသည်။
ယခင်က မြဝတီမြို့နယ်အတွင်း ယခုကဲ့သို့ တိုက်ခိုက်ခံရမှုဖြစ်ပွားပါက မြဝတီရဲစခန်းက သွားရောက်၍ အကူအညီ များပေးရသော်လည်း ယခုတကြိမ်တွင်မူ ဒဏ်ရာရသူများကို ယင်းယာဉ်တန်းဖြင့် တပါတည်း သယ်ဆောင်သွားခဲ့ သလို မြဝတီ ရဲစခန်းကိုလည်း အကူအညီ တောင်းခံခြင်း အကြောင်းကြားခြင်း မရှိခဲ့ဟု ဆိုသည်။
“အရင်တုန်းက ဒီလိုမျိုး ဖြစ်ရပ်တွေမှာ ကျနော်တို့ သွားပြီး အကူအညီပေးတာတို့ ဒီမြဝတီ ဆေးရုံပို့ပေးတာတို့ လုပ်ပေးရပါတယ်။ ဒီတခါတော့ ကျနော်တို့ လုပ်ပေးစရာ မလိုဘူး။ ဒဏ်ရာ ရတဲ့လူတွေကိုလည်း သူတို့ပဲ သယ်သွားတာ။ ဒီဆေးရုံ လာမပို့ပါဘူး” ဟု သူက ဆက်ပြောသည်။
DKBA ကမူ စစ်တပ်ဘက်မှ သေဆုံးသူ ၃ ဦး ရှိသည်ဟု ဆိုသည်။ အရှေ့တောင်တိုင်း စစ်ဌာနချုပ် တိုင်းမှူးနှင့် စစ်ဗိုလ်ချုပ်များ ပါဝင်သော ယာဉ်တန်း ဖြတ်သန်းမည့် သတင်းကို ကြိုသိသဖြင့် DKBA အမှတ် ၉၀၇ တပ်ရင်းမှပြောက်ကျားစနစ်ဖြင့် စီစဉ် တိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်း၊ တိုက်ခိုက်မှုတွင် အခြား ၂ ဦး ဒဏ်ရာရရှိ သွားကြောင်း ၉ဝ၇ တပ်ရင်းမှူး ဗိုလ်မှူး မောင်ကြာ က ပြောသည်။
“ကျနော်တို့ကတော့ ဆွဲမိုင်းနဲ့ စစ်တပ်ကားကို အဓိက ပစ်မှတ်ထား တိုက်တာ။ ကျနော်တို့ ရတဲ့ အတွင်း သတင်းအရ ၃ ယောက် သေပြီး ၂ ယောက် ဒဏ်ရာရသွားတာ သေချာတယ်။ ဘယ်အဆင့်တွေလည်း ဆိုတာ သေချာ မသိရသေဘူး” ဟု ဗိုလ်မှူး မောင်ကြာ က မဇ္စျိမကိုပြောသည်။
DKBA ပြောက်ကျား တပ်ဖွဲ့များက စစ်ယာဉ်တန်း အလာကို ကားလမ်းဘေးမှ စောင့်ဆိုင်း ပစ်ခတ်ခဲ့ပြီးနောက်တောထဲသို့ ချက်ချင်း နောက်ဆုတ်ခဲ့ပြီး ယာဉ်တန်းတွင် ပါဝင်လိုက်ပါလာသည့် လုံခြံုရေး အဖွဲ့များကလည်းနောက်မှ တရစပ် နောက်မှ ပစ်ခတ်ခဲ့သည်ဟု ၎င်းက ဆက်ပြောသည်။ သို့သော်လည်း ပစ်ခတ်ပြီး ထွက်ပြေး ခဲ့ကြသည့် ပြောက်ကျား အဖွဲ့များမှ ထိခိုက်မှု မရှိခဲ့ဟု ဆိုသည်။
မြဝတီ ကားကြီးဝင်းရှိ ဂိတ်မှူး တဦးကလည်း DKBA တို့၏ ခြုံခိုတိုက်ခိုက်မှုကြောင့် ယာဉ်တန်းပေါ် လိုက်ပါလာသည့် စစ်တပ်မှ အရာရှိ သုံးဦး သေဆုံးသွားသည်ဟု ကော့ကရိတ်မြို့နယ်ဘက်မှ လာသော အစိုးရသတင်းရပ်ကွက်မှ ကြားသိရကြောင်း ပြောသည်။ ယင်းနေ့တွင် ကားလမ်း အဆင်းရက် ဖြစ်သော်လည်း တိုင်းမှူး ခရီးစဉ်ရှိသဖြင့် ခရီးသည် ကားများကို အရပ်ခိုင်း ထားခဲ့ရသည်ဟု သိရသည်။
ဗိုလ်နှုတ်ခမ်းမွှေး (ခေါ်) စောလားပွယ် ဦးဆောင်သော ဒီကေဘီအေ တပ်ဖွဲ့များသည် အစိုးရက နယ်ခြား စောင့်တပ် အသွင် ပြောင်းရေးတွင် လက်မခံပဲ ကရင်အမျိုးသား အစည်းအရုံး KNU နှင့် ပူးပေါင်းကာ အစိုးရအား ခုခံ တိုက်ခိုက်နေသည်။
၂ဝ၁ဝ ခုနှစ် သြဂုတ်လဆန်းပိုင်းကလည်း ကော့ကရိတ်မြို့မှ မြဝတီ အသွား ဒေါနတောင်တန်းအနီးတွင် စစ်ဆင်ရေး အထူး အဖွဲ့မှူး ဒုဗိုလ်ချုပ်ကြီး ခင်ဇော် လိုက်ပါလာသော ကား ၁၀ စီးခန့်ပါသည့် ယာဉ်တန်းကို KNU ပြောက်ကျား တပ်ဖွဲ့များက ပစ်ခတ်ခဲ့သဖြစ် အနည်းဆုံး စစ်သားတဦး သေဆုံးသွားခဲ့သည်။