မန္တလေးတွင်လည်း ရေကြီး

မန္တလေးတွင်လည်း ရေကြီး
by -
အေးလဲ့

ချင်းမိုင် (မဇ္ဈိမ) ။ ။ မန္တလေးမြို့တွင် တနင်္လာ နေ့ညက တညလုံး မိုးသည်းထန်စွာ ရွာသွန်းခဲ့ရာမှ ချောင်းရေ လျှံမှုများ ဖြစ်ပွားခဲ့ပြီး ရပ်ကွက်အချို့ တွင် ရေနစ်မြုပ်နေကြာင်း မန္တလေးမြို့ခံများက ပြောသည်။

မြို့၏ အနောက်အရပ်ရှိ ရွှေတချောင်း ချောင်းသည် ၈၆ လမ်းတလျှောက် ၃၅ လမ်းနှင့် ၃၈ လမ်းကြား ရှမ်းဝိုင်း ရပ်ကွက် ဓမ္မာရုံနေရာတွင် ၄ နေရာ ကျိုးပြတ်ရာမှ ချောင်းရေလျှံမှု ဖြစ်ပွားခဲ့ပြီးမြေနိမ့်လမ်းပိုင်း များတွင် ရှိနေသည့် လူနေရပ်ကွက်များတွင် ဒူးအထိရောက်အောင် ရေများ ဝင်ရောက်နေသည်ဟု သိရသည်။

ယမန်နှစ်က ယင်းရွှေတချောင်းကို စည်ပင်က မြောင်းပြုပြင်ရေး လုပ်ခဲ့သော်လည်း သေချာစွာမပြီးစီး ခဲ့ခြင်းကြောင့်ချောင်းကျိုးခြင်းဖြစ်သည် ဟု ရှမ်းဝိုင်းရပ်ကွက်တွင် နေထိုင်သူ တဦးက ပြောသည်။

“ရွှေတချောင်းမြောင်း ကျိုးသွားတယ်၊ ရေလျှံတက်လာပြီ မြေနိမ့် အိမ်ဘက်တွေကို ရေဝင်တယ်” ဟု ၎င်း မန္တလေးသားက ပြောသည်။

ချောင်းရေလျှံမူကြောင့် လမ်းပန်း ဆက်သွယ်ရေးတွင် အနည်းငယ် ကြံ့ကြာမှုများ ကြံုတွေ့ရသည်ဟုလည်း ၎င်းက ဆိုသည်။

အလားတူ လမ်း ၉ဝ သီရိမန္တလာ မုံရွာ ကားကြီးကွင်းဘက်တွင်လည်း ဒူးလောက်ထိ ရေမြုပ်နေသဖြင့် သွားရေးလာရေး အခက်အခဲဖြစ်ရကြောင်း မြို့ခံများက ပြောသည်။

မန္ဆလေး မြို့သစ်ဘက်ရှိ ပန်းရံတော်ချောင်း ဘက်တွင်လည်း ချောင်းရေလျှံမူကြောင့် ၅၆ လမ်း၊ ၅၅ လမ်း ပေါ်ရှိအောင်ပင်လယ်၊ ထွန်တုန်၊ ကန်သာယာ စသည့် ရပ်ကွက်များ၊ လမ်းများနှင့် နေအိမ်များထဲသို့ ရေစီးရေဝင်မှုများဖြစ်ပေါ်နေသည်။

“မနေ့က ညနေ ၂ နာရီလောက်ကတည်းက မိုးစရွာလိုက်တာ ည တညလုံးရွာတယ်၊ ချောင်းဘေးက ရပ်ကွက်တွေမှာ ဒူးထိ ရောက်အောင် ရေဝင်တယ်” ဟု အခြားသော ဒေသခံ တဦးက ပြောသည်။

အပျက်အစီးများကို သက်ဆိုင်ရာမှ လိုက်လံ ပြင်ဆင် ဆောင်ရွက်နေရာတွင် မန္တလေး စည်ပင်သာယာရေး အဖွဲ့မှရေလျှံသည့် ချောင်းတလျှောက် လိုက်လံ ပိတ်ဆို့ခြင်းများ၊ လျှပ်စစ်အဖွဲ့ (EPC) မှလည်း လျှပ်စစ် ဓာတ်ကြိုးများ ပျက်စီးမူ ရှိမရှိ လိုက်လံ ကြည့်ရှုခြင်းများ ရှိသည်ဟု ဒေသခံများက ပြောသည်။

“တော်တော်များများ တက်ညီလက်ညီ လုပ်နေတာ တွေ့ရပါတယ်။ အရင် ရေကြီးဖူးတဲ့ အတွေ့အကြံု အရလားတော့ မသိဘူး၊ မနှစ်ကတော့ အခုလို ရေကြီးရင် ချက်ချင်းလုပ်တာ မတွေ့ရဘူး” ဟု ဒေသခံတဦး ကပြောသည်။

မန္တလေးမြို့တွင် ရေနီမြောင်း၊ သိင်္ဂဇာချောင်း၊ ရွှေတချောင်း၊ ငွေတချောင်း၊ ပန်းရံတော်ချောင်း စသော ချောင်းမြောင်း များက မြို့နယ်၊ ရပ်ကွက်များအကြား ဖြတ်သန်း စီးဆင်းနေသည်။

မန္တလေးမြို့၏ အရှေ့ဘက်တွင် မောင်းမကန်၊ အရှေ့တောင်ဘက်တွင် အောင်ပင်လယ်ကန်နှင့်ဇောင်း ကလောကန်၊ အနောက်ဘက်တွင် ဧရာဝတီမြစ်နှင့် တက်သေးအင်း၊ မြောက်ဘက်တွင် မတ္တရာမြစ်နှင့် တောင်ဘက်တွင်တောင်သမန်အင်းနှင့် မြစ်ငယ်မြစ် စသည့် ကန်၊ အင်း၊ မြစ်ချောင်းများ ဝန်းရံထားသည့် မြို့တော်ဖြစ်သည်။

ယမန်နှစ်ကလည်း မိုးကြီးပြီးနောက် ရေကြီးခဲ့သလို၊ နှစ်စဉ် မိုးရာသီကာလအတွင်း ရေကြီးမှုများမန္တလေးမြို့ တဝိုက် တွင် မကြာခဏ ကြုံတွေ့ရလေ့ရှိသည်။

Most read this week